အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တပ်မ ၆၆ နှင့် လေးရက်ကြာတိုက်ပွဲတွင် ရရှိခဲ့သော လက်နက်ခဲယမ်းများ KNDF ထုတ်ပြ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံတပ်များနှင့် လေးရက်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးနောက် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ထုတ်ပြန်သည်။

KNDF ထုတ်ပြလိုက်သော လက်နက်ခဲယမ်းများမှာ MA 4 အမျိုးအစား ရိုင်ဖယ် ၁ လက်၊ MA 1 ၄ လက်၊ MA 2 ၃ လက်၊ RPG အသီးတစ်လုံး၊ အီနာဂါဗုံးသီး ၆ လုံး၊ ၆၀ မမ အသီး ၂ လုံး၊ နင်းမိုင်းများ၊ လက်ပစ်ဗုံးများ၊ ကျည်အိမ်များ၊ ကျည်ဆန်များနှင့် အခြားစစ်တပ်အသုံးအဆောင်များလည်း ပါဝင်သည်။

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များတွင် တပ်အပြောင်းအရွှေ့လုပ်ရန် စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ခန့်ရှိ တပ်မ ၆၆ လက်အောက်ခံ ခြေမြန်တပ်ကို KNDF နှင့်အတူ ကရင်နီတပ်မ​တော် (KA)၊ လွိုင်ကော်နှင့် ဒီးမော့ဆို PDF များ ပူးပေါင်းကာ ဇွန် ၁၀ မှ ၁၃ အထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။​

တိုက်ပွဲဖြစ်သော လေးရက်အတွင်း ဖရူဆိုမြို့နယ်ရှိ ဒေါညေးခူနှင့် ထီးပေါ်ဆိုကျေးရွာတို့အကြားတွင် ဇွန် ၁၂ နှင့် ၁၃ ရက်က ဖြစ်ပွားသော တိုက်ပွဲများမှာ အပြင်းထန်ဆုံးဖြစ်သည်ဟု သိရသည်။​

ဇွန်လ ၁၂ ရက်တွင် မွန်းလွဲ ၁ နာရီမှ ညပိုင်းအထိ တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကာ လက်နက်ငယ် ၈ လက်အပြင် ဗုံးသီး၊ ကျည်ဆန်၊ မြေမြှုပ်မိုင်း စသည့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယမန်နေ့ (ဇွန် ၁၃) နံနက်ပိုင်းတွင်လည်း တိုက်ပွဲထပ်ဖြစ်ရာ လက်နက်ငယ် ၄ လက် ထပ်မံသိမ်းဆည်းရမိကြောင်း KNDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

နယ်မြေစိုးမိုးနိုင်ရေးအတွက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးပေါ်ကို ကင်းလာချရန် ကြိုးပမ်းသည့် စစ်ကောင်စီစစ်ကြောင်းကို ကရင်နီဒေသခံတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။  

“သူတို့က နယ်မြေချဲ့ဖို့ လုပ်နေတယ်လေ။ (ကင်းချမှ) သူတို့အဆင်ပြေမယ်။ မဟုတ်ရင် သွားတိုင်း သူများ ကြားဖြတ်ဝင်တိုက်ရင် အဆင်မပြေဘူး။ အဲဒါကြောင့်မို့လို့ သူတို့ အဲဒီလိုအစီအစဉ်ရှိတာလို့ ပြောတယ်” ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သိမ်းဆည်းရမိခဲ့သော တပ်မ ၆၆ ဘက်တံဆိပ်ပါ ယူနီဖောင်းများနှင့် ရဲယူနီဖောင်းများအား တွေ့ရစဉ် ။ (ဓာတ်ပုံ – KNDF) 

ဇွန်လ ၁၀ ရက်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု စတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေါညေးခူကျေးရွာ မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ဒီးမော့ဆိုမြို့နယ် ငံရိုးကျေးရွာမှ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ ၁၀ နှစ်အောက် ကလေးတစ်ဦးနှင့် အမျိုးသမီး ၃ ဦး ဒဏ်ရာရသည်ဟု KNDF ၏ ယခုရက်ပိုင်း အခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြသည်။​

ဇွန်လ ၉ ရက်ကလည်း လွိုင်ကော်မြို့နယ် လွယ်တမူကျေးရွာအုပ်စု ဒေါ်ပေါ်ကလဲကျေးရွာတွင် စစ်တပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့် ဧပြီလမှစ၍ ကရင်နီဒေသတွင် ရိက္ခာအင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသော စစ်တပ်ယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရသည့်နည်းတူ ဒီးမော့ဆိုနှင့် လွိုင်ကော်ဘက်သို့ စစ်ကြောင်းထိုးလာသော တပ်များလည်း တိုက်ခိုက်ခံရသည်။

ဖရူဆိုမြို့နယ်အတွင်း ၂၈ စီးပါ စစ်ယာဉ်တန်းကို မေ ၃၁ မှ ဇွန် ၂ အထိ KNDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့သည်။ 

စစ်ထရပ်ကား ၂ စီး၊ သေနတ် ၄ လက်၊ ဒရုန်းပစ်ချသည့် ဒရုန်းဖျက်သေနတ် တစ်လက်၊ တပ်မ ၆၆ တံဆိပ်ပါ စစ်ယူနီဖောင်းများ၊ ရိက္ခာများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း KNDF က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button