ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်ထရပ်ကား ၂ စီးနှင့် သေနတ် ၅ လက် ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရိက္ခာပို့ပြီးနောက် ဘောလခဲမြို့နယ်မှ ဖရူဆိုမြို့နယ်ဘက်သို့ ပြန်လာသည့် ၂၈ စီးပါ စစ်ယာဉ်တန်းကို မေ ၃၁ မှစ၍ ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယာဉ်တန်းတစ်ခုလုံး ရှေ့ဆက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ကားတွေ ယာဉ်တန်းတွေက အခုထိ မထွက်နိုင်ဘူး။ ရှေ့မှာ ယာဉ်တန်းတွေလည်း ကျွန်တော်တို့ ပိတ်ဆို့ထားတယ်။ ဖျက်ဆီးနိုင်တာတွေလည်း ရှိတယ်။ ခုနက (သိမ်းဆည်းရမိတဲ့) နှစ်စီးက နောက်ဆုံးက လိုက်တက်လာတဲ့ကား” ဟု KNDF သတင်းပြန်ကြားရေးတာဝန်ခံ ခူးရီဒူးက ပြောသည်။
ထိုယာဉ်တန်းကို လုံခြုံရေးယူပေးသည့် ရှေ့ပြေးပွိုင့်အဖြစ် တက်လာသည့် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းသည် မေ ၃၁ တွင် ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီး ရောက်ရှိလာစဉ် စတင်တိုက်ပွဲဖြစ်ခဲ့ပြီး ၆ နာရီကြာမြင့်သည့်တိုက်ပွဲအတွင်း စစ်သားတချို့ သေဆုံးနိုင်ကြောင်း ၎င်းက ဆိုသည်။
ထို့နောက် ဆက်ထွက်လာသည့် စစ်ယာဉ်တန်းကို နောက်တစ်နေ့ (ဇွန် ၁) တွင် ထားလဲရွာနှင့် ၃ မိုင်ကျော်အကွာ လောကျေခူကျေးရွာအရောက် KNDF, KA တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ယာဉ်အချို့ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ဇွန် ၂ တွင်လည်း လောကျေခူကျေးရွာအနီး တစ်နေကုန် တိုက်ပွဲဆက်ဖြစ်ခဲ့ရာ ယာဉ်တန်းနောက်ဆုံးမှ ကျန်ခဲ့သည့် စစ်ထရပ်ကား သုံးစီးအနက် နှစ်စီးကို အကောင်းအတိုင်း သိမ်းဆည်းရမိကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် ထိုနေရာအနီးကို စစ်လေယာဉ်က ခြောက်ကြိမ် ဗုံးကြဲခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ တိုက်ရင်းနဲ့ သူတို့ဆုတ်ပြေးကြတော့ သူတို့ကားနှစ်စီးကို ကျွန်တော်တို့ မောင်းပြန်လာလိုက်တာ။ တစ်စီးကတော့ မောင်းလို့မရတော့ဘူး” ဟု ထိုတာဝန်ခံအမျိုးသားက ပြောသည်။
“ရှေ့က ပိတ်ဆို့ထားတဲ့ကားတွေလည်း တချို့ပျက်စီးကုန်တယ်၊ တချို့လည်း ကောင်းတာရှိမယ်နဲ့ တူတယ်။ ကားထဲမှာ လူမရှိဘူး။ သူတို့လည်း သူတို့နေရာသွားရှာပြီး ပုန်းနေမှာပေါ့”
စစ်ကောင်စီယာဉ်တန်းမှာ တိုက်ပွဲဖြစ်ပွားရာ လောကျေခူရွာအနီး ပိတ်မိနေပြီး တစ်ဖက်နှင့် တစ်ဖက် စောင့်ကြည့်လျက်ရှိကာ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း KNDF က ဇွန် ၃ မွန်းတည့်ချိန်တွင် ပြောသည်။
“ဖရူဆိုဘက်လမ်းမကြီးတစ်ကြော ပြည်သူလူထုတွေ အသွားအလာမလုပ်ဖို့ ကျွန်တော်တော့ ဒါပဲ ပြောချင်တယ်” ဟု သူက ပြောသည်။
သုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ခန့် သေဆုံးမည်ဟု ခန့်မှန်းပြီး အရေအတွက်အတိအကျ မပြောနိုင်ကြောင်း ကရင်နီပူးပေါင်းတပ်ဘက်မှ တစ်ဦး ဒဏ်ရာရသော်လည်း မပြင်းထန်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုယာဉ်တန်းလာမည်ကို ကြိုတင်သိရှိသဖြင့် အချိန်ပေး စောင့်ဆိုင်းခဲ့ရသည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် KA ရဲဘော်တစ်ဦးက ပြောသည်။
“အဲဒီကားတန်းကို ပစ်ဖို့ တစ်ပတ်ကျော် စောင့်ခဲ့ရတယ်။ ကားနှစ်စီးနဲ့ သေနတ် လေးလက်ရတယ်။ ကျန်တာတော့ ရိက္ခာတွေ၊ ခြင်းကျားတွေပါပဲ” ဟု သူက ပြောသည်။
Myanmar Now က ရရှိထားသော ဓာတ်ပုံများတွင် စစ်ထရပ်ကား ၂ စီး၊ သေနတ် ၄ လက်၊ ဒရုန်းပစ်ချသည့် ဒရုန်းဖျက်သေနတ် တစ်လက်၊ တပ်မ ၆၆ တံဆိပ်ပါ စစ်ယူနီဖောင်းများ၊ ရိက္ခာများကို တွေ့ရသည်။
ဧပြီလမှစ၍ ဖရူဆိုမြို့ရှိ အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းမှ စစ်ကောင်စီဗျူဟာတပ်ရှိရာ ဘောလခဲမြို့သို့ ရိက္ခာပို့ယာဉ်တန်း သွားလာလေ့ရှိပြီး မကြာခဏ တိုက်ခိုက်ခံနေရသည်။
ဗျူဟာတစ်ခု၊ တပ်ရင်း ၃ ခု၊ နယ်ခြားစောင့်တပ်အပါအဝင် တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်သည့် ဘောလခဲမြို့နယ်ဘက်သို့ ရိက္ခာပို့သည့် ၃၉ စီးပါ စစ်ယာဉ်တန်းတစ်ခုကိုလည်း မေ ၂၂ တွင် ဖရူဆို -ဘောလခဲလမ်းပိုင်း၌ KA, KNDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သေးသည်။
ထိုတိုက်ခိုက်မှုတွင်လည်း ကား ၄ စီး ပျက်စီးကာ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၀ ကျော် သေဆုံးခဲ့ကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ယခုရက်ပိုင်း ကရင်နီပြည်နယ်၌ စစ်ရဟတ်ယာဉ်များ မကြာခဏပျံသန်းနေပြီး ဘောလခဲနှင့် ဖားဆောင်းမြို့နယ်တို့တွင် အစိုးရဝန်ထမ်းများနှင့် စစ်တပ်ရာထူးအကြီးပိုင်းအချို့ကို ပို့ဆောင်နေခြင်းဖြစ်နိုင်ကြောင်း KNDF သတင်းရင်းမြစ်အချို့က ဆိုသည်။
ဖရူဆိုမြို့နယ်တွင်သာမက လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ ထီးစဲခါးကျေးရွာတွင်လည်း ယမန်နေ့ (ဇွန် ၂) တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်ကာ စစ်ကြောင်းထိုးလျက်ရှိပြီး ရွာခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNDF က ယနေ့ထုတ်ပြန်သည်။
ကယားပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင်လည်း မေလလယ်ပိုင်းက ဖယ်ခုံအင်း အရှေ့ဘက်တစ်ကြော စစ်ကြောင်းထိုးလာသော စစ်တပ်သည် လွယ်မကူးတောင်ပေါ်တွင် စခန်းချထားပြီး ရမ်းသန်းပစ်ခတ်နေကြောင်း၊ ရွာထဲ ဝင်ပြီး ပစ္စည်းများ ယူငင်နေကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ထံမှ သိရသည်။
မေ ၁၂ တွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရိစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က မြောက်မှတောင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လွယ်မကူးတောင်သို့ ရောက်ရှိလာသော စစ်တပ်သည် မေ ၂၆ တွင် အနီးရှိ မခေခမ်းရွာကို မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုမတိုင်ခင်က စစ်ကြောင်းထိုးလာရာ လမ်းကြောင်းရှိ ဆောင်နန်းခဲ၊ နန်းပေါ်လုံ ကျေးရွာများကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ဒီးမော့ဆိုမြို့နယ်တွင်လည်း မြို့ပေါ်ရပ်ကွက်များနှင့် ဒေါငံခါးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို နေ့စဉ်နှင့်အမျှ ပြောက်ကျားတိုက်ခိုက်နေသည်ဟု KNDF က ဆိုသည်။
နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီက တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့မရှိသလို သတင်းဌာနများကိုလည်း တိုက်ပွဲအကြောင်း ဖြေဆိုလေ့မရှိပေ။
KNDF က ယမန်နေ့ (ဇွန် ၂) ကြေညာသည့် တစ်လတာစစ်ရေးသတင်းထုတ်ပြန်ချက်တွင် မေလအတွင်း ၆၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀၇ ဦးသေဆုံးကာ ၅ ဦး အရှင်ဖမ်းမိကြောင်း ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)