
တဖြည်းဖြည်းညဉ့်နက်လာသည့်တိုင် မီးရှို့ခံရသည့် မင်းတန်းရွာအတွင်း မီးရောင် ပိုများလာသည်။ ကျားသစ်မ ရွာနားမကပ်နိုင်သလို မီးငြှိမ်းဖို့အရေး ဘာတစ်ခုမျှလည်း မလုပ်နိုင်။ ရင်ကွဲဝမ်းနည်းစွာ စောင့်ကြည့်ရုံသာ တတ်နိုင်သည်။
တော်လှန်ရေးရဲဘော် ၂၁ နှစ်အရွယ် ကျားသစ်မ၏ရွာသည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် တောင်ဘက်အစွန်ဆုံး ဧရာဝတီမြစ်ကမ်းဘေးမှ အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်သည်။
မေ ၂၁ နေ့လယ်ပိုင်းတွင် စစ်တပ်က လက်နက်အပြည့်အစုံနှင့် ရောက်လာပြီး နာရီပိုင်းအကြာတွင် ရွာဘက်ဆီမှ မီးခိုးလုံးများ တက်လာသည်။
“ရွာကို မီးရှို့နေပြီဆိုတော့ သွားပြီးတော့ ငြှိမ်းချင်လိုက်တာပေါ့။ သူတို့က ဘယ်နေရာရှိတာမှန်းလည်း ခန့်မှန်းလို့မရဘူး။ ဝင်စီးလို့ကလည်း မရတဲ့အခါမျိုးဆိုတော့ စောင့်ကြည့်နေရတယ်။ ရင်ထဲမှာတော့ လှပ်လှပ်လှပ်လှပ်နဲ့ပေါ့” ဟု အာဏာ သိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေသော မြောင်အမျိုးသမီးစစ်သည်တော်များအဖွဲ့မှ ကျားသစ်မက ဖွင့်ဟသည်။
နောက်နေ့ နံနက်တွင် မီးကျွမ်းနေသည့် အိမ်တိုင် ထိုးထိုးထောင်ထောင်များ၊ မီးခိုးငွေ့ငွေ့ထွက်နေဆဲ ပြာပုံများက ရွာအတွင်း ပြန်လည်ဝင်ရောက်လာသော ဒေသခံတို့ကို ဆီးကြိုနေသည်။
ရွာ၏အိမ်ခြေ ၄၀၀ ကျော်အနက် လေးပုံတစ်ပုံမှာ ပြာပုံဘဝရောက်သွားရာ ထိုအထဲတွင် ရွာလယ်ပိုင်းရှိ ကျားသစ်မတို့ အိမ်နှင့် ဆီစက်လည်း ပါဝင်သည်။
စစ်ကိုင်းတိုင်းအတွင်း ရင်ဆိုင်ရလေ့ရှိသည့် ပြောက်ကျားတိုက်ခိုက်မှုကို တန်ပြန်ဖျက်ဆီးနိုင်ရန် ပြင်ဆင်လာသည့် ထိုစစ်ကြောင်းသည် မြောင်မြို့နယ်တောင်ပိုင်းကို မေ ၁၈ ရက်နေ့မှစ၍ လှည့်လည်မီးရှို့ခဲ့ရာ ရက်သတ္တပတ် တစ်ပတ်အတွင်း မင်းတန်းရွာအပါအဝင် ကျေးရွာပေါင်း ၁၈ ရွာမှာ အိမ်ခြေ ၃၉၀ ကျော် ပျက်စီးခဲ့သည်။
တော်လှန်ရေးအားကောင်းသည့် ကြက်လျှာစွန်းဒေသ
မြောင်မြို့သည် မန္တလေးမှ မိုင် ၆၀ ခန့်အကွာတွင် တည်ရှိပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာမှ မိုင် ၃၀ ခန့်သာ ကွာဝေးသည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည့် မြောင်မြို့နယ်တွင် ဒေသခံတို့သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများမှသည် လက်နက်ကိုင်တော်လှန်ရေးအထိ အင်တိုက်အားတိုက် ပါဝင်နေသည်။
အနီးတစ်ဝိုက်ရှိ မြင်းမူ၊ ချောင်းဦး၊ ရေစကြို၊ မြင်းခြံတို့မှာလည်း လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ မြို့နယ်များဖြစ်သည်။ ကုန်းကြောင်း၊ ရေကြောင်းနှင့် သွားလာရေးလွယ်ကူသည့် မြောင်ဒေသတွင် အနီးပတ်ဝန်းကျင်မြို့များမှ လက်နက်ကိုင်ခုခံသူတို့ အခြေစိုက်လှုပ်ရှားနေသည်ဟု စစ်ကောင်စီဘက်က ယူဆကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သုံးသပ်သည်။
မြောင်မြို့တောင်ပိုင်းကျေးရွာများကို ဦးတည်သည့် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကြောင်းသည် ဧပြီလကုန်ပိုင်းတွင် ချောင်းဦးမြို့နယ်ဘက်မှ ဆင်းလာခြင်းဖြစ်သည်။ ထိုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ မေလပထမပတ်အတွင်း ၆ ရက်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု PDF အဖွဲ့များက ဆိုသည်။
တိုက်ခိုက်မှုကို နေ့စဉ်ရက်ဆက်ကြုံရပြီးနောက် ထိုစစ်ကြောင်းသည် မြောင်မြို့တောင်ပိုင်းနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ရေလယ်ကျွန်းဒေသကို ကူးပြီး စစ်ကြောင်းထိုးပြန်သည်။
မကွေးတိုင်းနယ်နိမိတ်အတွင်း ပါဝင်သည့် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီး စစ်တပ်အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်ခြင်းမရှိဘဲ PDF များ နယ်မြေစိုးမိုးမှုအားကောင်းရာ နယ်မြေလည်းဖြစ်သည်။
ရေလယ်ကျွန်းဒေသကို မေလ ၇ ရက်နေ့မှစ၍ ၁၁ ရက်ကြာ ရွာစဉ်လှည့်စစ်ကြောင်းထိုးရာ ကျေးရွာ ၁၆ ရွာမှ အိမ်ခြေ ၁၆၀ ကျော် ပျက်စီးခဲ့ရသည်။ ရေလယ်ကျွန်းကို မွှေပြီးနောက် ထိုစစ်ကြောင်းသည် အင်အားထပ်မံဖြည့်တင်းကာ မြောင်မြို့နယ်တောင်ပိုင်းသို့ မေ ၁၈ ရက်မှစ၍ တစ်ကျော့ပြန် စစ်ကြောင်းထိုးပြန်သည်။
တစ်စိတ်တစ်ပိုင်းလွတ်မြောက်နယ်မြေဖြစ်နေသော၊ မြစ်နှစ်ခုဆုံရာ မြောင်နှင့် ရေစကြိုတို့ နယ်နိမိတ်ထိစပ်နေသော ကြက်လျှာစွန်းဒေသကို PDF အဖွဲ့များ၏ ထောက်ပို့လုပ်ငန်းများနှင့် စစ်ရေးပြင်ဆင်မှု လျော့နည်းစေရန် ရည်ရွယ်ပြီး ရွာစဉ်လှည့်မီးရှို့နေခြင်းဖြစ်ကြောင်း ရေလယ်ကျွန်းတပ်ပေါင်းစုတပ်ရင်းက မေလတတိယပတ်တွင် ထုတ်ပြန်သည့် စစ်ရေးဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားသည်။
PDF များ လှုပ်ရှားနေသဖြင့် ရွာမီးရှို့ရသည်ဟု စစ်တပ်က ပြည်သူများကို အသိပေးခြင်းဖြစ်သည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တာဝန်ခံ ကိုနွေဦးကလည်း
“PDF တွေနဲ့ ပြည်သူတွေ တစ်သားတည်းဖြစ်နေချိန်မှ ပြည်သူတွေကို ဒုက္ခပေးလိုက်ရင် ပြည်သူတွေ ကိုယ့်ဒုက္ခနဲ့ကိုယ်ဆိုတော့ တော်လှန်ရေးဘက်ကို လှည့်မလာနိုင်အောင် ကိုယ့်ဒုက္ခကိုယ်ပေးလိုက်တဲ့ သဘောမျိုးပါပဲ” ဟု သူက ပြောသည်။
စစ်ကောင်စီကမူ အရပ်သားနေအိမ်များကို ၎င်းတို့ မီးမရှို့ကြောင်း ပြောဆိုသည်ဟု RFA သတင်းဌာန၏ မေ ၂၅ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
“ရွာတွေကို ဝင်ရောက်ခြင်းမရှိဘူး၊ အဓိကကတော့ ရွာတွေနားမှာ ရှိနေတဲ့ သူတို့စခန်းချထားတဲ့ နေရာတွေ၊ သူတို့လက်နက်ထုတ်လုပ်နေတဲ့နေရာတွေကို လုံခြုံရေးအရ အဓိကဆောင်ရွက်တာ ဖြစ်တယ်။ အဲဒီနေရာမှာ PDF တွေအနေနဲ့ သူတို့ ရဲ့ အကျင့်အတိုင်းပါပဲ အချို့ ပြည်သူ့စစ်ဖွဲ့စည်းတယ်ဆိုတဲ့ ရွာတွေ သတင်းရတာနဲ့ လူအင်အားစုပြီးတော့ တိုက်ခိုက်တာတွေရှိတယ်။ ဆုတ်သွားရင် မီးရှို့တာတွေရှိတယ်။ သူတို့မီးရှို့ပြီး ဆုတ်သွားတဲ့နောက်ပိုင်းဆိုရင် တပ်က မီးရှို့သယောင် သတင်းလွှင့်တာမျိုးတွေရှိတယ်” ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဒေသခံများကမူ ရွာစဉ်လှည့်စစ်ကြောင်းထိုးနေသည့် ထိုစစ်ကြောင်းသည် အိမ်ကြီးအိမ်ကောင်းများကို ပစ်မှတ်ထားကြောင်း၊ မီးရှို့ခံရသည့် နေအိမ်များအနက် စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် အိမ်ခြေအချို့ပါဝင်ကြောင်း ပြောကြသည်။
ရောက်လာသည့် စစ်တပ်က PDF တို့ကို ထောက်ပံ့နိုင်မည့် ဓနအင်အားရှိသည်ဟု ၎င်းတို့ယူဆသော အိမ်တို့ကို ဖျက်ဆီးခြင်းဖြစ်မည်ဟု မယ်မသော်ရွာ ဒေသခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားက ယူဆသည်။
“ကြွက်မနိုင်လို့ ကျီ မီးနဲ့ရှို့သလိုမျိုး။ ဒီအိမ်တွေက တကယ်ပြီးပြည့်စုံတယ်၊ ချမ်းသာလောက်တယ်၊ ဒီအိမ်တွေကို ရှို့လိုက်ရင် ဒီရွာကလူတွေ ငြိမ်မယ်ပေါ့။ အဲဒီလိုမျိုး စိတ်မျိုးနဲ့ ရှို့တာဖြစ်မယ်လို့ ယူဆရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
“ရွာချင်းဆက် မိန်းလမ်းဘေးဝဲယာ တကယ့်ချမ်းသာတဲ့နေရာတွေကို ရှို့သွားတယ်။ ပြောရရင်သစ်ပင် တစ်ပင်ရဲ့ အလယ်ကောင်အနှစ်ကို ရှို့သွားတော့ အလယ်မှာ အခွံတွေပဲ ကျန်ခဲ့တယ်။ တခြားသောရွာတွေထက် ရက်ရက်စက်စက်ရှို့သွားတယ်”
ထိုအမျိုးသား၏ ရွာကို စစ်တပ်က ၅ ကြိမ်မြောက် ဝင်ရောက်အပြီးတွင် ရွာရှိ အိမ်ခြေ ၂၆၀ ကျော်အနက် အိမ်ခြေထက်ဝက်နီးပါး ပျက်စီးခဲ့ရသည်။

လက်နက်ကွာခြားမှု
မီးရှို့ခဲ့သည့် စစ်ကြောင်းထွက်သွားပြီးအထင်နှင့် မီးငြှိမ်းရန် ရွာအတွင်း ပြန်လည်ဝင်ရောက်လာသည့် ဒေသခံများသည် နောက်ချန်အင်အားအချို့က လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ဆုတ်ခွာရပြန်သည်။
မီးမသတ်နိုင်ရေး ဟန့်တားခဲ့ရုံသာမက နေအိမ်အများအပြားမီးလောင်ရန် စနစ်တကျ မီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“တုတ်ချောင်းမှာ အဝတ်စပတ်ထားတဲ့ မီးတုတ်လိုဟာတွေကို ပဲမှော်စင်တွေမှာ တွေ့ရတယ်။ တစ်နေရာတည်းကို ရှို့ရင်တော့ ဒီလောက် မြန်မြန်ဆန်ဆန်မကူးပါဘူး။ အချိန်ကလည်း နေတအားပူနေတဲ့ အချိန်ကောင်း။ အဲဒီအချိန်မှာ လေကလည်း အလိုက်သင့်ဝေ့ပြီး တိုက်နေတော့ ဘေးဝဲယာမှာလည်း မီးတုတ်တွေနဲ့ ပစ်တာတွေ၊ ရှို့တာတွေလည်း ရှိတယ်။ အဲဒီလိုလက်စလက်နတွေ တွေ့ရတယ်။” ဟု မယ်မသော်ရွာဒေသခံ အမျိုးသားက ပြောသည်။
ကျားသစ်မတို့၏ မင်းတန်းရွာတွင်လည်း ဂျပန်ခေတ်ကပင် မီးဘေးလွတ်ခဲ့သည့် ရွာအရှေ့ပိုင်း ဓမ္မာရုံမှာ စစ်ကောင်စီတပ် ဝင်ပြီးချိန်တွင် အသွင်ပြောင်းသွားသည်။ ထိုဘုရားဝင်းအတွင်းမှ အာရုံခံတန်ဆောင်း ပျက်စီးသွားပြီး ရုပ်ပွားတော်များလည်း မီးဘေးသင့်ခဲ့သည်။
မြောင်မြို့နယ်တောင်ပိုင်းကို တစ်ကျော့ပြန်ဝင်လာသည့် စစ်ကြောင်းက ရွာစဉ်လှည့်နေသော်လည်း လက်နက်ကိုင်ဒေသခံတို့မှာ မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေး ဝင်ကူနေရသဖြင့် တိုက်ခိုက်ရေးကို ဦးစားမပေးနိုင်တော့ကြောင်း မြောင်မြို့နယ်မှ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အခု ကျွန်တော်တို့က တိုက်ဖို့ထက် မီးငြှိမ်းဖို့ကို အဓိကလုပ်နေရတာ” ဟု သူက ပြောသည်။
တိုက်ပွဲဝင်မောင်းပြန်သေနတ်များစွာမရှိသော PDF တို့သည် စစ်ကောင်စီတပ်ကို ရင်ဆိုင်ရာတွင် မိုင်းခွဲတိုက်ခိုက်မှုကို အများဆုံးအသုံးပြုနေသည်။ အပေါစားလက်ကိုင်ဖုန်းကို ထောင်ထားသည့်မိုင်းတွင် ကပ်ထားပြီး အဝေးမှ ထိုဖုန်းကို ခေါ်ယူသည့်နည်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြင့် လုံခြုံစွာ ဆုတ်ခွာနိုင်မည်ဖြစ်သည်။
ရေလယ်ကျွန်းဒေသမှတစ်ဆင့် တစ်ကျော့ပြန်ဝင်လာသည့် စစ်ကြောင်းတွင် မိုင်းခွဲတိုက်ခိုက်ခံရမှုကို ကျော်လွှားနိုင်ရန် နည်းပညာမြင့် ဂျန်မာများ အသုံးပြုလာသည့်အတွက် တယ်လီဖုန်းဆက်သွယ်ရေး ပြတ်တောက်သဖြင့် ထောင်ထားသည့် မိုင်းကို မခွဲနိုင်ခဲ့ကြောင်း CDSOM မှ ကိုနွေဦးက ပြောသည်။
“အခုကတော့ မိုင်းခွဲမရတဲ့ ဂျန်မာတင်မဟုတ်ဘူး။ သူတို့စစ်ကြောင်းရောက်ရင် ဖုန်းလိုင်းတွေပါ ပြတ်ထွက်သွားတယ်။ စကားပြောစက်တွေ ဝေါ်ကီတော်ကီလည်း ပြောလို့မရဘူး။ ဒရုန်းတွေပျံပြီး သုံးရတဲ့နေရာမျိုးတွေဆိုရင် သူတို့နားနီးပြီဆိုရင် ဆစ်ဂနယ်တွေ အကုန်ပြတ်ထွက်သွားတယ်” ဟု ကိုနွေဦးက ပြောသည်။
“သူတို့က လက်နက်ကြီးတွေသုံးတယ်။ လက်နက်ကြီးတွေယှဉ်နိုင်ဖို့ အဆင်မပြေဘူး။ သူတို့သုံးတဲ့လက်နက်တွေ သုံးနိုင်ဖို့ဆိုရင် ကောင်းကောင်းချေမှုန်းနိုင်တာပေါ့”
ထို့ပြင် ရေစကြိုနှင့် မြောင်တို့ ထိစပ်နေသည့် ကြက်လျှာစွန်းဒေသတွင် PDF အဖွဲ့များ အားကောင်းသော်လည်း ဦးဆောင်အမိန့်ပေးနိုင်မည့် အတွေ့အကြုံရှိ စစ်ရေးဆိုင်ရာခေါင်းဆောင်တစ်ဦး လိုအပ်သည်ဟု ရေလယ်ကျွန်းတပ်ပေါင်းစုအစီရင်ခံစာတွင် အကြံပြုထားသည်။

တော်လှန်ရေးစိတ်ဓာတ်ကို ပြာမချနိုင်သည့် မီးရှို့မှုများ
စစ်ကောင်စီကို လက်နက်ကိုင်ပြီး အပြင်းထန်ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းမှ မြို့နယ်များတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို ရွာလုံးကျွတ်နီးပါးအထိ မီးရှို့သည့်နည်းလမ်းကို ယခုနှစ်ဆန်းပိုင်းမှာစ၍ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာသည်ဟု PDF တို့က ပြောသည်။
အချက်အလက်စုဆောင်းသည့် အရပ်ဘက်အဖွဲ့ Data for Myanmar ၏ မေ ၁ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်စဉ် နိုင်ငံအနှံ့အပြား မီးရှို့ခံရသည့် နေအိမ် ၁၀,၀၀၀ ကျော် ရှိလာပြီး ထက်ဝက်မှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်တပ်ကို ဆန့်ကျင်မှုအားကောင်းသည့် ဒေသများတွင် ရာနှင့်ချီသည့် နေအိမ်များကို မီးရှို့နေခြင်းမှာ စစ်တပ်၏ လုပ်နည်းလုပ်ဟန်တစ်ခုဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဒုတပ်ကြပ် သူရဇွဲမာန်က မှတ်ချက်ပြုသည်။
“ဆန့်ကျင်တာ၊ တွန်းလှန်တာမျိုးကို သူတို့က လက်သင့်မခံဘူးဆိုတော့ မီးရှို့တယ်၊ ရိုက်နှက်တယ်၊ ဖမ်းဆီးတယ်။ ဒါတွေက သူတို့ရဲ့ ထုံးစံတောင် ဖြစ်နေပြီ။ သူတို့လိုချင်တဲ့ ပုံစံခွက်ထဲ မရောက်မချင်း သူတို့က ဆွဲသွင်းနေတာ” ဟု သူကပြောသည်။
စစ်တပ်တွင် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် စစ်မြေပြင်တွင် အရပ်သားတို့၏ နေအိမ်များ မီးရှို့ရန် အမိန့်ပေးခံခဲ့ရသော်လည်း သူက မီးရှို့ရန် အတတ်နိုင်ဆုံးရှောင်ရှားခဲ့သည်ဟု သူရဇွဲမာန်က ဆိုသည်။
ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အားတို့ တစ်ဖက်အဖွဲ့အစည်းထံ မရောက်ရှိအောင် ရည်ရွယ်ပြီး စနစ်တကျ ပိတ်ဆို့၊ ဖြတ်တောက်တားဆီးသည့် ဖြတ်လေးဖြတ်နည်းလမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာနယ်မြေများတွင် ပြီးခဲ့သည့်ဆယ်စုနှစ်များကတည်းက စစ်တပ်က အကြီးအကျယ်အသုံးပြုခဲ့သည်။
ဒေသတွင်းနေထိုင်သူများ ရှင်သန်ရပ်တည်ရ ခက်ခဲစေရန် လုပ်ဆောင်ပြီး ထိုဒေသတွင် ပြန်လည်အခြေချနေထိုင်၍ မရသည်အထိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက စစ်တပ်၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ဖွင့်ဆိုသည်။
“ဒီလိုမျိုး နေအိမ်တွေဖျက်လိုက်ခြင်းအားဖြင့် ပြည်သူလူထုက တခြားတနေရာကို မဖြစ်မနေ ထွက်ပြေးသွားရတယ်။ ထွက်ပြေးသွားရတဲ့အချိန်မှာ ဒီဒေသအတွင်းမှာ သူတို့အနေနဲ့ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာ လက်ဦးမှုယူလိုက်တဲ့သဘောဖြစ်တယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။
နေအိမ် ရာဂဏန်းမီးရှို့ခံခဲ့ရသည့် မင်းတန်းနှင့် မယ်မသော်ရွာတို့တွင် မီးငြှိမ်းသတ်ပြီးနောက် သုံးလေးရက်ခန့် ကြာသည့်တိုင် တချို့နေရာများတွင် မီးခိုးငွေ့များ ဟိုတစ်သည်တစ်စ် ကျန်နေဆဲဖြစ်သည်။
မင်းတန်းရွာမှ တော်လှန်ရေးရဲမေ ကျားသစ်မတို့ မိသားစုအပါအဝင် မြောင်မြို့နယ်ရှိ မီးဘေးသင့်ပြည်သူအများစု နေရပ်မပြန်နိုင်သေးဘဲ ဘုန်းကြီးကျောင်းများ၊ အနီးဝန်းကျင်ရှိ ကျေးရွာများ၊ အသိမိတ်ဆွေများထံတွင် ခိုလှုံနေရသည်။
စိုက်ပျိုးရေးအားထားရာ မြောင်မြို့နယ်တွင် မကြာခဏ စစ်ကြောင်းထိုးနေသည့်အတွက် လုပ်ငန်းခွင်မဝင်နိုင်သေးသော ဒေသခံများသည် ပြိုလဲသွားသည့် လူမှုစီးပွားရေးအခြေအနေနှင့် မြင့်တက်နေဆဲ ကုန်စျေးနှုန်းကြားတွင် ရှင်သန်ရန် ဆက်လက် ရုန်းကန်ရဦးမည် ဖြစ်သည်။
အိမ်ပြန်ဆောက်ရေးမှာ အလှမ်းဝေးသေးသည်ဟု မယ်မသော်ရွာ ဒေသခံ အမျိုးသားက ဆိုသည်။
“နွားတဲတို့၊ ပဲမှော်စင်လေးဆောက်ဖို့တောင် သစ်ဝါးက ကျွန်တော်တို့ဒေသက ထွက်တာ မဟုတ်ဘူး။ အရမ်း စျေးလည်းကြီးတယ်” ဟု သူက ပြောသည်။
“အဘက်ဘက်က ကုန်စျေးနှုန်းကလည်း တက်နေတာဆိုတော့ ဒီလိုအိမ်ကြီးရခိုင်မျိုးနေရဖို့၊ အိမ်တစ်လုံးဆောက်ဖို့ဆိုတာ စိတ်ကူးတောင် မယဉ်ရဲဘူး”
အိုးအိမ်မဲ့ကာ ဒုက္ခရောက်သည့်ပြည်သူလူထုက တော်လှန်ရေးအပေါ် အားလျှော့သွားစေရန် စစ်တပ်က ရည်ရွယ်ပုံရသော်လည်း ဆန့်ကျင်ဘက်အကျိုးရလဒ်သာ ဖြစ်ထွန်းလာသည်ဟု ဒေသခံများက ဆိုသည်။
“အခုလိုမီးရှို့တော့ မကြောက်ဘူး။ ပိုပြီးတော့တောင် စိတ်ဓာတ်တွေ ရင့်မာပြီးတော့ စစ်တပ်ကို စော်ချင်နေသေးတာနော့” ဟု စစ်တပ်မီးရှို့မှုကြောင့် နေအိမ်ပျက်စီးခဲ့ရသည့် မြစ်ဆုံရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမင်း (အမည်လွှဲ) ကဆိုသည်။
ကျောင်းဆရာမဖြစ်ရန် ရည်မှန်းထားခဲ့သည့် တတိယနှစ်ကျောင်းသူ ကျားသစ်မကလည်း အလားတူ ပြောကြားသည်။
စစ်တပ်၏ မီးရှို့မှုနည်းလမ်းက နေအိမ်များကို ပြာကျစေပြီး အငတ်ဘေးတွေ့၊ စားဝတ်နေရေး ခက်ခဲစေသော်လည်း ဒေသခံများ၏ စစ်အာဏာရှင်တော်လှန်ရေးစိတ်ဓာတ်ကို ချိုးဖျက်နိုင်မည် မဟုတ်ဟု ပြတ်ပြတ်သားသားဆိုသည်။
“ရိက္ခာပြတ်ရင် သူတို့ဘက်ကို ပါလာမယ်ဆိုတဲ့ သူတို့က ဖြုတ်ဦးနှောက်နဲ့ တွေးထားတာ။ ကျွန်မတို့ကတော့ ထမင်းမစားရလည်း ရေသောက်ပြီးတော့ တော်လှန်မှာပဲ” ဟု တော်လှန်ရေးရဲဘော် ကျားသစ်မက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)