
ရန်ကုန်၊ ကမာရွတ်မြို့နယ် ချင်းတွင်းလမ်းရှိ ခြံဝင်းတစ်ခုအတွင်း ပြီးခဲ့သည့်နှစ်အတွင်းက ရွှေချောင်းအများအပြား တူးဖော်တွေ့ရှိခဲ့သည်ဟု အလုပ်သမားတစ်ဦးက ယနေ့ ပြောလိုက်ပြီး ထိုရွှေချောင်းများပိုင်ဆိုင်ခွင့်ကို စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုလိုက်သည်။
မြေတူးစဉ် ထိုသို့ တွေ့ရှိခဲ့သည်ဟု ဆိုသော ဦးအေးဝင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ရွှေချောင်း ၂ဝ မှ ၃ဝ အကြား ရရှိခဲ့သည့် နေရာမှာ ချင်းတွင်းလမ်းရှိ ရှေးဟောင်းအဆောက်အအုံတစ်ခုအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ဖြစ်သည်ဟု ဆိုသည်။
အလျား ၄ လက်မ၊ အနံ ၁ လက်မ နှင့် ထုတစ်မတ်အထူရှိပြီး အင်္ဂလိပ်ဂဏန်း 999.9 နှင့် တရုတ်စာလုံး ရေးထိုးထားသည့် အဆိုပါရွှေချောင်းများကို သူ၏ အလုပ်ရှင်ထံ ပြသအပ်နှံခဲ့ကြောင်း၊ သီတင်းသုံးပတ်ခန့် အကြာတွင် အဆိုပါရွှေချောင်းများအကြောင်း မေးမြန်းရာ တန်ဖိုးကြီးရွှေချောင်းများဖြစ်သဖြင့် သက်ဆိုင်ရာသို့ အပ်နှံမည်ဟု ပြောပြီး ငွေတစ်သိန်း ပေးခဲ့ကြောင်း ဦးအေးဝင်းက ရှင်းပြသည်။
“ကျွန်တော် ဒီပစ္စည်းတွေကို သူတို့လက်ထဲမှာ အဆုံးရှုံးမခံနိုင်ဘူး။ နိုင်ငံတော်ကို အပ်ပြီး နိုင်ငံတော်က ချီးမြှင့်ငွေကိုပဲ ကျွန်တော်လိုချင်တယ်။ နိုင်ငံတော်ကို အပ်မယ်ဆိုလို့ ပေးလိုက်တာ၊ ခုထိ ရက်တွေကြာပြီ၊ မအပ်ဘူး” ဟု ရန်ကုန်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။
သူဌေးရပ်ကွက်အတွင်း ရွှေချောင်းများကို စတင်တွေ့ရှိစဉ် သူနှင့်အတူ အခြားအလုပ်သမားနှစ်ဦးလည်း ရှိနေခဲ့ကြောင်း ဦးအေးဝင်းက ပြောသည်။
အလုပ်သမားတစ်ဦးမှာ မကြာသေးခင်က သေဆုံးသွားပြီ ဖြစ်ပြီး ယနေ့သတင်းစာရှင်းလင်းပွဲသို့ သူ၏ ဇနီးလည်း လာရောက်ခဲ့သည်။ ရွှေချောင်းတူးဖော်ရရှိကြောင်း သူ့ခင်ပွန်းက ပြောပြခဲ့သည်ဟု ထိုအမျိုးသမီးက ဆိုသည်။

ရဲတပ်ဖွဲ့ စစ်ဆေးချက်
ရွှေချောင်းများအကြောင်းကို မှုခင်းရဲတပ်ဖွဲ့ CID က ဧပြီလအတွင်း လာရောက်မေးမြန်းသော်လည်း ယခုအချိန်အထိ အစအနပျောက်နေဆဲဖြစ်ကြောင်းလည်း ဦးအေးဝင်းက ပြောသည်။
CID အဖွဲ့ကလည်း အဆိုပါ အငြင်းပွားမှုကို စစ်ဆေးခဲ့ကြောင်း ယနေ့ အတည်ပြုခဲ့သည်။ သို့သော်လည်း ရွှေချောင်းများ အမှန်တကယ်တွေ့ခဲ့ခြင်း ရှိမရှိ အတည်မပြုနိုင်သေးဟု CID မှ ရဲအုပ် အောင်နိုင်စိုးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့အခါ အလုပ်ရှင်နဲ့ မြေပိုင်ရှင်ဘက်က ဒီဖြစ်စဉ်မဟုတ်ပါဘူးလို့ ငြင်းဆန်ထွက်ဆိုတယ်။ နောက်တွေ့တဲ့သုံးယောက်မှာလည်း တစ်ယောက်က အိမ်ရှင်သွားခေါ်နေလို့ မမြင်လိုက်ဘူး၊ တစ်ယောက်က မြေသယ်နေလို့ မမြင်လိုက်ဘူး ပြောတယ်။ ဒါ့ကြောင့် တွေ့ရှိကြောင်း ခိုင်ခိုင်လုံလုံတင်ပြနိုင်ဖို့ လိုတယ်လို့ သုံးသပ်ပေးလိုက်တာပါ” ဟု ရဲအရာရှိက ပြောသည်။
အလုပ်သမား၏ စွပ်စွဲချက်နှင့် ပတ်သက်ပြီး သဘောထားမေးမြန်းရန် အလုပ်ရှင်၊ မြေပိုင်ရှင်တို့ကို ဆက်သွယ်၍ မရသေးပေ။