
ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့ဘူတာရုံအနီး လယ်ကွင်းတွင် ယနေ့ (မေ ၂၇) မွန်းလွဲက ရန်ဖြစ်နေသည့် လူငယ်များကို ရဲက ၁ ဦးကို ပစ်သတ်ကာ ၄ ဦးကို ဖမ်းသွားကြောင်း မြို့ခံတစ်ဦးနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
“လောဓမ္မရပ်ကွက်နဲ့ နန့်ဘော်ဝမ်ရပ်ကွက်က လူငယ်တွေ ရန်ဖြစ်ကြတာတဲ့။ ဘူတာရုံက မှန်တွေကွဲသွားလို့ ဘူတာကလူက ရဲဆီ ဖုန်းဆက်တိုင်လို့ ရဲတွေရောက်လာပြီး ပစ်တာ။ တစ်ဦး ဦးနှောက်ပွင့်သေတယ်။ နောက်တစ်ဦးက လက်မှန်တယ်” ဟု လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
မွန်းလွဲ သုံးနာရီ နှစ်မိနစ်တွင် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ရှိ အဆိုပါလယ်ကွင်းတွင် သေနတ်သံများ ကြားရကြောင်း၊ ရဲများက အဆိုပါ လူငယ်ကို ပစ်သတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ပထမ အတွဲလိုက်ပဲ။ နောက် စက္ကန့်ပိုင်းမှာ ငါးချက်လောက် ထပ်ပစ်တယ်။ (မျက်မြင်တွေ့ရှိသူကို) ကျွန်တော် မေးကြည့်တာ ရဲ ၆ ယောက်တွေ့တယ်တဲ့။ သူ ချောင်းကြည့်တာတဲ့” ဟု ၎င်းက ပြောပြသည်။
ပွဲချင်းပြီးသေဆုံးသူမှာ လောဓမ္မရပ်ကွက်နေ အသက် ၃၃ နှစ်အရွယ် အငယ်ကောင်ဆိုသူဖြစ်ကြောင်း၊ အမည်ရင်းကို မသိရကြောင်း ရုပ်အလောင်း သွားရောက်ကောက်ယူခဲ့သည့် လွိုင်ကော်အခြေစိုက် ရွှေညောင်ပင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မျက်ခုံးနားထိပြီးတော့ နောက်က ဦးစပ် (ဦးခေါင်းအနောက်) ပွင့်သွားတာပေါ့။ အသက်က တစ်ခါတည်း မရှိတော့ဘူး။ သူ့မိသားစုဝင်တွေလည်း ဆက်သွယ်လို့ရပါတယ်။ ရပ်ကွက်ထဲမှာပဲ နေတယ်”
ပစ်ခတ်မှုဖြစ်ပြီး တစ်နာရီခန့်အကြာ ညနေ လေးနာရီခန့်တွင် ရုပ်အလောင်း သွားရောက်ကောက်ယူခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
“သူ (သေဆုံးသူ) ကတော့ လယ်ကွင်းထဲမှာ အချိန်ပြည့်လိုလို နေနေတာပဲ။ နွားကျောင်းတယ်၊ ဂေါက်သီးကောက်ပေးတယ်။ အဲဒီလိုလုပ်တာ” ဟု ထိုကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။
သေဆုံးသူမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး နောက်ထပ် လူငယ်လေးယောက် အဖမ်းခံရကြောင်း၊ အဖမ်းခံရသူများ ထိခိုက်ဒဏ်ရာ ရမရ မသိရကြောင်း ၎င်းက ဆိုသည်။
လွိုင်ကော်မြို့ခံအမျိုးသားကမူ အဖမ်းခံရသူ သုံးဦးရှိသည်ဟု ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး Myanmar Now က လွိုင်ကော်မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
ဘူတာရုံအနီး အဆိုပါလယ်ကွင်းသည် ညနေဘက်တွင် ဘောလုံးကန်သူများရှိပြီး နံနက်တွင် ဂေါက်ရိုက်လေ့ရှိသည့်နေရာဖြစ်ကြောင်း အထက်ပါမြို့ခံအမျိုးသားက ပြောသည်။
ကယား (ကရင်နီ) ပြည်နယ် မြို့တော်လွိုင်ကော်မြို့တွင် ဇန်နဝါရီလဆန်းပိုင်းက မိုင်းလုံး၊ ပန်ကန်း၊ ရွာတန်းရှည် စသည့်ရပ်ကွက်များရှိ စစ်တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်ခဲ့သည်။
တစ်လကျော် ကြာမြင့်သော တိုက်ပွဲသည် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အကျဉ်းထောင်၊ မြို့လယ်ခေါင်နှင့် နီးသည့် မင်္ဂလာရပ်ကွက်တို့ကိုပါ ကူးစက်လာခဲ့ပြီး စစ်တပ်၏ လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးဒဏ်ကြောင့် လက်နက်အင်အားချည့်နဲ့သည့် ကရင်နီတပ်များ ပြန်ဆုတ်ပေးလိုက်ရသည်။
တိုက်ပွဲဖြစ်စဉ်က တိမ်းရှောင်ထွက်ပြေးခဲ့သော လွိုင်ကော်မြို့ခံများသည် လေးလအကြာ ယခုအချိန်တွင် နေရပ်တွင် ပြန်လည်နေထိုင်နေကြပြီဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)