နေ့စဉ်မိုးရွာသွန်းနေသည့် ရန်ကုန်တွင် အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို တရားရုံးထုတ် စစ်ဆေးစဉ် မိုးကာအင်္ကျီအသုံးပြုခွင့်မပေးခြင်းကြောင့် မိုးမိပြီး ဖျားနာသူများရှိနေသည်ဟု တရားရုံး၊ အကျဉ်းထောင်တို့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက Myanmar Now ကို ပြောသည်။
မေလ ၂၀ ရက် အထူးတရားရုံး ရုံးထွက်လာချိန်များတွင် နိုင်ငံရေးအကျဉ်းသားများ မိုးရေထဲတွင် သွားလာနေရသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသော အမျိုးသမီးတစ်ဦးက ပြောသည်။
“မိုးကာအင်္ကျီတွေကို ပါဆယ်ထည့်ပေးတာ ထောင်ဝန်ထမ်းတွေက ပြန်လာပေးတယ်၊ ထည့်လို့မရဘူးတဲ့” ဟု ထောင်တွင်းတရားရုံး သတင်းရပ်ကွက်မှ ထိုအမျိုးသမီးက ပြောသည်။
ထိုကန့်သတ်ချက်မှာ လုံခြုံရေးနှင့်ဆက်စပ်သည်ဟု ထောင်အရာရှိများက အကြောင်းပြထားကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
“မိုးကာအရှည်က ပြဿနာရှိလို့ တဲ့၊ အဲဒီမိုးကာနဲ့ လူတွေအချင်းချင်း (မှုခင်း) လုပ်မှာ စိုးလို့ တဲ့” ဟု ထိုအမျိုးသားက Myanmar Now ကို ပြောသည်။
ထောင်အတွင်း ထီးအသုံးပြုမှုကိုလည်း ကန့်သတ်ထားသည်။
ထောင်မှ အထူးတရားရုံးသို့ သွားချိန် မိုးမိသည့်အခါ တရားခွင်အနီး နာရီပေါင်းများစွာ ရေစိုဝတ်နှင့် နေရပြီး ဖျားနာကြသော်လည်း ထောင်တွင်း သင့်တော်သည့် ကုသမှု မရကြဟု ဆိုသည်။
အိပ်ဆောင်ခန်းများရှိ အိမ်သာများ ပိတ်ထားချိန်တွင် ခြံဝန်းအတွင်း အိမ်သာကိုသာ အသုံးပြုရကာ အိမ်သာသွားရာ လမ်းတလျှောက် အဆောင်းနှင့် မိုးကာများ လိုအပ်လျက်ရှိနေသည်။
၂၀၂၁ ခုနှစ်မိုးရာသီအတွင်း မိသားစုမှ ပေးပို့သော မိုးကာအင်္ကျီများကို အသုံးပြုခွင့်ရကြောင်း ပြန်လည် လွတ်မြောက်လာသူများက ပြောပြသည်။ သို့သော် အနီရောင်နှင့် အနက်ရောင်ရှိသော မိုးကာများကို ထောင်က သွင်းခွင့်မပြုပေ။
ထောင်အရာရှိများက မိုးရာသီအတွက်လိုအပ်သည့် အသုံးအဆောင်များကို ထုတ်ပေးပါမည်ဟု နှုတ်ကတိပေးထားသော်လည်း မည်သည့်အချိန်တွင် ရရှိမည်ကိုမူ မသိရှိရသေးကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သည့် အမျိုးသားက Myanmar Now ကိုပြောသည်။
“သူတို့ပေးပါ့မယ်တဲ့ သူတို့လုပ်တဲ့ မိုးကာပေါ့ ခြုံထည်ဖြစ်မလား၊ ဂျာကင်လို ဟာမျိုးဖြစ်မလားတော့ မသိသေးဘူး” ဟု သူက ပြောသည်။
အင်းစိန်ထောင်တွင်း ပုဒ်မ ၅၀၅-ကဖြင့် သုံးလခန့် အမှုရင်ဆိုင်ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသော မရီရီက “သူတို့ဆီမှာ ရှိတဲ့ မိုးရေကာဖျင်ကို လက်နှစ်ဖက် မြှောက်ကိုင်ပြီး လူအတန်းလိုက်ကြီး ခြုံပြီး ၁၄ ယောက်ဆိုလည်း ၁၄ ယောက် ဒီနေ့ရုံးချိန်းရှိသလောက် ထွက်ရတာလေ၊ မိုးအရမ်းရွာလဲ အဲဒါကြီး မရှိရင် ဒီအတိုင်းသွားခိုင်းတာ” ဟုပြောသည်။
ဖျားနာချိန်များတွင် ဆေးဝါးကုသခွင့် လုံလောက်စွာ မပေးနိုင်သော အကျဥ်းထောင်များတွင် အကျဉ်းသားများ မဖျားနာရန် မိုးကာကဲ့သို့ ရာသီဥတုဒဏ်ကို ကာကွယ်ပေးနိုင်သည့် အသုံးအဆောင်များ ပေးသင့်ကြောင်းလည်း သူက ထောက်ပြသည်။ အကျဉ်းထောင်များတွင် အိပ်စက်၊ စားသောက်၊ ရေချိုး၊ အဝတ်လျှော်၊ ပန်းကန်ဆေးလိုပါက အာဏာပိုင်များ ခွင့်ပြုသည့် အချိန်များတွင်သာ လုပ်ခွင့်ရှိခြင်းကလည်း အခက်အခဲတစ်ခုဖြစ်သည်။
“ပန်းကန်ဆိုတာလည်း ထောင်ကဆေးခိုင်းတဲ့ အချိန်ပဲဆေးရတာလေ။ အဲအချိန်မိုးရွာလို့ရှိရင် ခက်တာပေါ့” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း အမျိုးသမီးတစ်ဦးက ပြောသည်။
အကျဉ်းသားများကို မိုးကာသွင်းခွင့် ကန့်သတ်မှုများ၊ အကျဉ်းထောင်မှ မိုးကာထုတ်ပေးမည်ဆိုသည့် အခြေအနေတို့ကို သိရှိနိုင်ရန် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
မြစ်ကြီးနား အကျဉ်းထောင်နှင့် ဘားအံအကျဉ်းထောင်များတွင်လည်း မိုးကာအင်္ကျီသွင်းခွင့်မရဟု Myanmar Now က စုံစမ်းသိရသည်။
မြစ်ကြီးနား အကျဉ်းထောင်တွင်မူ ထောင်ဝင်စာ သွင်းခွင့်မရဘဲဖြစ်နေပြီး အကျဉ်းသားများ ဝယ်ခွင့်ရှိသော ထောင်တွင်းဈေးတွင် ပြင်ပထက် နှစ်ဆပိုပေးဝယ်ခဲ့ရကြောင်း ပြီးခဲ့သည့် မိုးရာသီတွင် အဆိုပါထောင်တွင် နိုင်ငံရေးကျဉ်းသားဖြစ်ခဲ့သည့် အမျိုးသားတစ်ဦးက Myanmar Now ကိုပြောသည်။
၂၀၂၂ ခုနှစ် ဧပြီလအတွင်းပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရေးဆွဲထားသည့် ထောင်တွင်း အကျဉ်းသာတို့းနေထိုင်ရသည့် အခြေအနေ သရုပ်ဖော်ပုံများကို ရိုက်တာ သတင်းဌာနက ထုတ်ဝေခဲ့သည်။ အဆိုပါ ပုံကြမ်းများတွင် ထောင်တွင်းအချုပ်ဆောင်တွင် အကျဉ်းသားများ ပြည့်နေပြီး၊ နေရချိုးရန် တန်းစီနေရပုံများကိုလည်း တွေ့ရသည်။
အာဏာသိမ်းမှု ဆန့်ကျင်သဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း (၁၀,၇၁၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၁,၀၇၇) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မေ ၂၀ တွင် ထုတ်ပြန်ထားသည်။
ထိုအရေအတွက်မှာ AAPP က လက်လှမ်းမီသလောက် ကောက်ယူထားသော စာရင်းများ ဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)