သတင်း

တနင်္သာရီတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို PDF ချုံခိုတိုက်ခိုက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ယမန်နေ့ (မေ ၁၈) နံနက်က  ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု (SWDF) တာဝန်ရှိသူထံမှ သိရသည်။ 

သိန္ဓောကျေးရွာအုပ်စု၊ ဘန်းပြည့်အနောက်ကမ်းကျေးရွာအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု  ထိုအမျိုးသမီးက ပြောသည်။ 

“ဘန်းပြည့်ရွာကို ဘန်းပြည့်ကျွန်းကနေ ကူးလာတာ။ တိုက်ပွဲ အချိန် ၄ နာရီခွဲလောက်ကြာတယ်။ စစ်တပ်ဘက်က ၅ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရသွားတယ်။ PDF တွေကတော့ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်လာခဲ့တယ်” ဟု အဆိုပါ တာ၀န်ရှိ အမျိုးသမီးက ပြောသည်။

မရင်းကြီး၊ တကူ၊ ဘန်လေ၊ ဘန်းပြည့်၊ ကျွဲကူး၊ ငရုတ်ပင် စသည့်ကျေးရွာများကို ဖြတ်သန်းချီတက်နေသည့် စစ်တပ်က  ယမန်နေ့ ( မေ ၁၈) တိုက်ပွဲအပြီးတွင် ဘန်းပြည့်ကျေးရွာသား ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ညနေတွင် ပြန်လွှတ်ပေးခဲ့ကြောင်း  ၎င်းက ဆက်ပြောသည်။ 

“စစ်ကြောင်း ထိုးနေတာကတော့ နေရာအစုံပဲ။ ၆ နေရာတောင် ခွဲပြီးထိုးနေတာ။ အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်း ထိုးနေတယ်” ဟု ၎င်းက ပြောသည်။ 

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့် သိန္ဓောကျေးရွာအုပ်စုကို စစ်ကောင်စီက ပစ်မှတ်ထား နေရာ ပြီးခဲ့သည့်  ဧပြီ ၂၂ တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိုင်သတ္ထုကျေးရွာမှ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့သည်။ 

နေအိမ်များကို ပစ်ခတ်သည်၊ အရပ်သားတို့ကို စစ်ကြောင်းချီရာတွင် ဓားစာခံအဖြစ် သုံးသည်ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

တနင်္သာရီ PDF ခေါင်းဆောင်ကလည်း စစ်ကောင်စီတပ်က သိန္ဓောကျေးရွာအုပ်စုကို  ရေကြောင်းရော၊ ကုန်းကြောင်းမှပါ စစ်ဆင်နေသည်ဟု ပြောသည်။ 

“သူတို့စစ်ကြောင်းကတော့ သိန္ဓောဘက်ကို ဦးတည်ပြီးထိုးနေတာ၊ ဒီနေရာမှာပဲ အဖြစ်များတာကို တိုက်ပွဲကလည်း” ဟု ၎င်းက ပြောသည်။ 

“ရှေ့လက အဲဒီနားကရွာကို မီးရှို့တယ်။ ရွာသားတွေကိုလည်း ရိုက်နှက်တာမျိုးတွေ ရှိတယ်”

ပြီးခဲ့သည့် ဧပြီ ၂၃ က ပြည်ကြီးမဏ္ဍိုင်မြို့ အရှေ့ဘက်ရှိ ရတနာပုံကျေးရွာနှင့် ၁၀ မိုင်ကျော်အကွာ ထိုင်းနယ်စပ် တောတွင်းတစ်နေရာတွင် စစ်ကောင်စီတပ်နှင့် ၂ နာရီကြာ တိုက်ပွဲဖြစ်သည်ဟု ကော့သောင်းခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ဧပြီ ၂၆ က သတင်းထုတ်ပြန်သည်။ 

ထိုတိုက်ပွဲတွင် စစ်သား ၃ ဦး သေဆုံးကာ စိန်ပြောင်း၊ သေနတ် ၃ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိသည်ဟု ထိုအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ဧပြီ ၂၄ ကလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်မဟာ ၄၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်၊ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ထားဝယ်မြို့ အရှေ့ဘက် ၁၀ မိုင်အကွာ ထားဝယ်-ထီးခီး လမ်းပေါ်ရှိ  ပကာရီကျေးရွာရဲစခန်းကို  ဝင်ရောက်စီးနင်းခဲ့သည်။ 

ထိုသို့ စီးနင်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ် ရန်ပြုမည်ကိုစိုးရိမ်သဖြင့် ပကာရီကျေးရွာ၊ ရှစ်မိုင်ကျေးရွာ၊ မဲချောင်းကျေးရွာများမှ တိမ်းရှောင်နေကြရသူ  ၅၀၀၀ ကျော် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ဒေသတွင်း စစ်ရေးတင်းမာလာချိန် မေ ၁ တွင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကော့သောင်းမြို့၌ စစ်ကောင်စီအဖွဲ့ဝင်များ၊ တပ်မတော်ရေချုပ်၊ ကြည်းချုပ်နှင့် ကမ်းရိုးတန်းဒေသ စစ်ဌာနချုပ်တိုင်းမှူးများကို တွေ့ဆုံခဲ့သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်များ မလှုပ်ရှားနိုင်ရန်နှင့် ဒေသခံများကြောက်စိတ်ဝင်ရန် စံနမူနာပြအနေဖြင့် ချေမှုန်းတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်ဟု သိရကြောင်း တပ်တွင်းသတင်းပေးများကို ကိုးကား၍ ထားဝယ်အရှေ့တောင်ပြည်သူကာကွယ်ရေးအင်အားစု၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“စိုးဝင်း ရောက်လာပြီးတော့ အမိန့်ပေးခဲ့တာကို သိရတယ်။ ဘယ်လိုပေးခဲ့လဲဆိုတော့ (ထားဝယ်မြို့) အရှေ့တော တစ်ကြောကို နမူနာပုံစံဖြစ်အောင် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ရရင်လည်းကြဲ၊ ဗုံးကြဲလို့ မရရင်လည်း အဲ့ဒီရွာက အိမ်တွေကို မီးရှို့ပစ်ပေါ့” ဟု ၎င်းက ဆိုသည်။

မေ ၁၄ တွင် ထားဝယ်မြို့နယ် ကျောက်မဲတောင်ရဲစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နှင့် ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း ခံကတုတ်ခိုင်မာပြီး စနိုက်ပါများ အားကောင်းသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထိုတိုက်ပွဲတွင် KNDO အထူးတပ်ရင်းမှ ဗိုလ်ဆယ်ပြား (ခေါ်) စောကီဆူးနှင့် ထားဝယ်ခရိုင် PDF မှ ရဲဘော်ဂျပန်တို့ ကျဆုံးကြောင်း ၎င်းက ဆိုသည်။

ထို့နောက် ထားဝယ်မြို့အရှေ့ဘက်တစ်ကြောကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသည်၊  မေ ၁၅ ရက်နေ့က ထားဝယ်-ထီးခီးလမ်းပိုင်း ဘဲ့မဲ့တတ်တောင်အနီးတွင် အင်အား ၂၂၀ ရှိသော စစ်ကောင်စီ စစ်ကြောင်းကို လက်လုပ် RPG ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း မိုင်းမကွဲသဖြင့် လက်လုပ်လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် စစ်သည် ၂၀ သေဆုံးခဲ့သည်ဟု ထိုအဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်မှ ၂၀ သေသည် ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မေလဆန်းအထိ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိတွင် နှစ်ဖက်တပ်များမှာ အခြေအနေကို စောင့်ကြည့်နေကြသည်ဟု ပုလော PDF ခေါင်းဆောင်က ပြောသည်။

“ပြည်ထောင်စုလမ်းမပေါ်ကနေပြီး ဖြတ်သွားဖြတ်လာလုပ်တာတော့ရှိတယ်။ မေ ၇ ရက်နေ့ ၈ ရက်နေ့မှာ သူတို့ရဲ့ သွားလာမှုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတယ်။ အဲဒီနောက်ပိုင်းတော့ သူတို့ဘက်က လမ်းမကြီးက သွားတာမျိုး စစ်ကြောင်းထိုးတာမျိုးတော့ မရှိတော့ဘူး” ဟု ဆိုသည်။ 

ပုလောမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်အင်အား ၂၀၀ ခန့် ရောက်ရှိနေပြီး လက်နက်ကိုင်ခုခံသူ၊ အာဏာဆန်သူတို့ကို ချိတ်ဆက်ထောက်ပံ့သည်ဟု သံသယဖြစ်ခံရသူများ ယခုရက်ပိုင်း အဖမ်းခံနေရကြောင်း၊ အာဏာသိမ်းပြီးချိန်မှ ယနေ့ ( မေ ၁၉) အထိ ထိုမြို့နယ်မှ ၄၇ ဦး ဖမ်းဆီးခံထားရကြောင်း ပုလောမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။ 

“ခုလောလောဆယ်တော့ သူတို့က ရေကြောင်းကနေလာပြီးတော့ လူစုတာတွေရှိတယ်။ နေရာလိုက်ကြည့်တာတို့၊ အင်အားအလုံးအရင်းနဲ့ သွားလာလှုပ်ရှားနေတာတွေတော့ရှိတယ်” ဟု ထိုလူငယ်က ဆက်ပြော သည်။ 

လက်တလောတွင် ထားဝယ်အရှေ့ဘက်ကို စစ်ကောင်စီက ပစ်မှတ်ထားနေသော်လည်း ဒေသတစ်ခုလုံးကို စစ်ဆင်ရာတွင် သတ်ဖြတ်မှု၊​ အိမ်မီးရှို့မှု များပြားသော စစ်ကိုင်းတိုင်းစစ်ဆင်ရေးအတိုင်း ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု သိရကြောင်း T3 ဇုန် ပြည်သူ့ကာကွယ်ရေးတပ် (မြိတ်ခရိုင်) တပ်ဖွဲ့ဝင် တစ်ဦးက Myanmar Now ကို ပြောသည်။

“တနင်္သာရီတိုင်းကို စစ်ကိုင်းတိုင်းလို စစ်ဆင်ရေးလုပ်မယ့်သတင်းတွေကြားထားတယ်။ အဓိကက EROs တွေရဲ့ နယ်မြေတွေကို ချေမှုန်းမယ်ဆိုတာမျိုးသိရတယ်။ လေကြောင်းပစ်ကူတွေ ပိုပြီးတော့ အသုံးပြုမယ့်သဘောမျိုး တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

မြိတ်အခြေစိုက် ခြေလျင်တပ်ရင်း  ၁၀၁၊ ၁၇ တို့ အဓိကလှုပ်ရှားနေသည့် တနင်္သာရီဒေသတွင် စစ်သည်အင်အားနှင့် ရိက္ခာဖြည့်တင်းနေကြောင်း၊  မွန်ပြည်နယ်အခြေစိုက် တပ်ရင်းများကို အသုံးပြုလာသည်ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ဘက်က (စစ်ကောင်စီတပ်)ရဲ့ဗျူဟာပျက်အောင်ဖျက်ဖို့ အစီစဉ်ချထားပြီးသားပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံတစ်ဝန်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ရာတွင် တနင်္သာရီသည် အားအကောင်းဆုံး ဒေသတစ်ခု ဖြစ်ပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခုတွင် ပြောက်ကျားနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၀ ထက် မနည်း ရှိနေသည်။

ထိုအဖွဲ့များက စစ်ကောင်စီတပ်ကို ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း စသည့်နည်းလမ်းများကို အများအားဖြင့် အသုံးပြုကြသည်။

လက်တလောစစ်ရေးအခြေအနေများကြောင့် ကော့သောင်းခရိုင်အတွင်း လမ်းအသုံးပြုသူများ စစ်ကောင်စီယာဉ်များနှင့် နီးနီးကပ်ကပ် သွားလာမှု မပြုရန် ကော့သောင်းခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က မေ ၁၆ တွင် သတင်းထုတ်ပြန်ထားသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ထားဝယ်-ထီးခီးလမ်း၊ ထိုလမ်းကို ဝင်နိုင်သည့် ရေနက်ဆိပ်ကမ်း-မေတ္တာလမ်း၊ မောင်မယ်ရှောင်-ရေဝိုင်းလမ်းနှင့် ဆက်စပ် လမ်းများကို နေ့အချိန်တွင်သွားရန်၊ စစ်ဆေးမှုများကိုပူးပေါင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ၏  တနင်္သာရီဒေသ-စစ်ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button