ယနေ့ (မေ ၉) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှ PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
စစ်ကိုင်းခရိုင် PDF တပ်ရင်း ၁ Black Eagle Defence Force – MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့) ၏ အဆိုပါတောတွင်းစခန်းသည် စစ်ကောင်စီတပ်စွဲထားသည့် အလ္လကပ္ပကျေးရွာ ဘုရားကုန်းနှင့် ၁၅ မိနစ်အကွာတွင် ရှိကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ တပ်ခွဲမှူးတစ်ဦးက ပြောသည်။
“ဒီကောင်တွေ ဒီနေ့မှာ ၄ နာရီထိုးက စမွှေတာပဲ။ သူတို့နဲ့ ထိပ်တိုက်တွေ့တာက မိုးလင်းပိုင်းမှာ တွေ့တာ။ အဲဒီနေရာက မိုင်းတက်ဆွဲတဲ့ ကလေးတွေ ခဏနေတဲ့ နေရာပေါ့။ ကျသွားတဲ့ အထဲမှာ တပ်ရင်း ၁ ရဲ့ တပ်ခွဲမှူး ကိုသန်းဇော်ဦး ပါသွားတယ်။ သူအပါအဝင် ၈ ဦးပေါ့” ဟု ၎င်းက ပြောသည်။
ကျဆုံးအရေအတွက်ကို စာရင်းပြုစုနေဆဲဖြစ်သည်ဟု Black Eagle အဖွဲ့မှ ကိုလမ်းဘိုဆိုသူက ပြောသည်။
“ကျွန်တော်တို့ ကင်းစခန်းဗျ။ နယ်မြေရှင်းလင်းရေး ဆင်းလာရင်းနဲ့ ကျွန်တော်တို့ကင်းစခန်း ပါသွားတာ။ မုံရွာ-မန္တလေး ကားလမ်းဘေး အလ္လကပ္ပနဲ့ အနီးဆုံးပဲ။ စာရင်းကတော့ အတည်ပြုနေတုန်းပဲဗျ” ဟု ၎င်းက ပြောသည်။
ယခုလ လဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီစစ်ကြောင်းများသည် PDF များ အားကောင်းသည့် မန္တလေး-မုံရွာလမ်းတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းနေကြောင်း၊ မြင်းမူမြို့နယ် မလဲသာကျေးရွာနှင့် ကန်တော်ကျေးရွာများတွင် အိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ်အတွင်းမှ ကျေးရွာများကို စစ်တပ် ဝင်ရောက်အပြီး ညောင်ပင်ရှည်၊ ကန်တော်၊ မလဲသာ ကျေးရွာများမှ အိမ်ခြေ ၂၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ရသည်ဟု မြင်းမူမြိုနယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဗမာ့ဇာမဏီအဖွဲ့ (BPO) တာဝန်ခံ ဗိုလ်လပြည့်ဆိုသူက ပြောသည်။
“သူတို့က တောလမ်းတွေကပဲ ဖြတ်ပြီးတော့ ဝင်ကြတယ်။ အရင်ကလို ပုံမှန် ရွာချင်းဆက်လမ်းတွေကို သူတို့ မသုံးဘူး။ လယ်ကွင်းတွေ၊ တောတွေကို ဖြတ်ပြီးတော့ ဆင်းလာကြတယ်။ မလဲသာကို မီးရှို့ချိန်မှာ Gas Gun တွေ သုံးပြီးတော့ မီးရှို့တယ်လို့ မျက်မြင်တွေဆီက သိရတယ်” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း အိမ်ခြေ ၉၁၈၇ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု၏ ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း Data For Myanmar အဖွဲ့က ဧပြီ ၁၄ တွင် ထုတ်ပြန်ထားသည်။
ထိုသို့ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းများမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း စစ်ကောင်စီဘက်က ငြင်းဆိုလေ့ရှိသည်။
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်များကို တော်လှန်ရေးအပြီးတွင် ပြန်လည်တည်ဆောက်ပေးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုထားသည်။
ပစ်ခတ်မှုများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းအတွင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို မြို့တချို့တွင် နေ့စဉ်တွေ့နိုင်သည်။
ကလေးမြို့နယ်တွင် ယနေ့ ဆန္ဒပြသူတို့က “တောင်ပိုင်းမှာက ပြာကျနေပြီ မြို့ပေါ်ကလူတွေ ငြိမ်မနေကြနဲ့၊ ကြီးကြီးကျယ်ကျယ်တွေ ပြောမည့်အစား စစ်ဘေးရှောင်တွေကို ထောက်ပံ့လိုက်ပါလား“ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြသည်။
မုံရွာအနီး လက်ပံတောင်းတောင်ဒေသတွင် ဒေသခံတို့က ကဗျာဆရာခက်သီ၏ဓာတ်ပုံများ ကိုင်ဆောင်ကာ ယနေ့ ဆန္ဒပြခဲ့ကြသည်။
ကဗျာဆရာ ခက်သီသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။ ၂၀၂၁ မေ ၈ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးသွားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)