သတင်း

ဖရူဆိုတိုက်ပွဲ သေဆုံးမှုတွင် စစ်တပ်အရာရှိနှစ်ဦး အနည်းဆုံးပါဝင် 

စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးခဲ့သည့် မေ  ၇ ရက် တိုက်ပွဲများတွင် ဗိုလ်ကြီးနှင့် ဗိုလ်အဆင့် အရာရှိနှစ်ဦး ပါဝင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းနှစ်ခုထံမှ သိရသည်။

ထိုနေ့က ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုနှင့် ရှားတောမြို့နယ်များတွင် စစ်ကောင်စီယာဉ်တန်းနှင့် အထိုင်စခန်းတစ်ခုတို့ကို ကရင်နီတပ်မတော် (KA) နှင့် KNDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၄ စီး မီးရှို့ခံရကာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့သည်။ 

ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာ၌ စစ်ကားအစီး ၂၀ ကျော် ပါဝင်သည့် စစ်ယာဉ်တန်း ဖြတ်သန်းစဉ် KA, KNDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ထရပ်ကား ၄ စီးထဲမှ လိုက်ပါလာသည့် စစ်သားများအနက် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး စစ်ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီဘက်က စစ်ကူများ ထပ်ရောက်လာ၍ တိုက်ပွဲထပ်ဖြစ်ရာ အနည်းဆုံး နောက်ထပ် ၅ ဦး သေဆုံးကြောင်း KNDF တပ်ရင်း ၄ နှင့် တပ်ရင်း ၁၅ တို့ထံမှ သိရသည်။

စစ်ကူများ တိုက်ခိုက်ခံရမှုတွင် အသက် ၃၄ နှစ်အရွယ် ဗိုလ်ကြီးကျော်ဇင်ဦး သေဆုံးခဲ့ပြီး ယာဉ်တန်းတိုက်ခိုက်ခံရမှုတွင် ဗိုလ်တစ်ဦး သေဆုံးသွားခဲ့ကာ အမည်မသိရကြောင်း KNDF တပ်ရင်း ၄ နှင့် တပ်ရင်း ၁၅ တာဝန်ရှိသူတို့က Myanmar Now ကို ပြောသည်။

“ဘယ်တပ်ကလဲဆိုတော့ ကောင်းကောင်းမသိရသေးဘူး။ သူ့ (ကတ်) က မွဲ (ဟောင်း) နေတော့ ကောင်းကောင်းမတွေ့ရဘူး” KNDF တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြန်တမ်းဝင်အရာရှိ စိစစ်ရေးလက်မှတ်တွင် ပါဝင်သည့် သေဆုံးသူ ဗိုလ်ကြီး၏ ပြန်တမ်းဝင်အမှတ်မှာလည်း မှုန်ဝါးနေပြီး ကောင်းစွာမမြင်ရတော့ကြောင်း၊ မှတ်ပုံတင်တွင် ၁၉၈၈ ခုနှစ်ဖွား ရေကြည်မြို့လိပ်စာဖြစ်သည်ကို တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“နယ်မြေရှင်းလင်းရေးသွားလုပ်တဲ့အပြင် နောက်တစ်ခေါက်တက်တဲ့အချိန်မှာ သူတို့ ဒီကတ် ရလာတာ။ သေချာတဲ့ဟာက ပခုံးပေါ်က ကြယ်သုံးပွင့်ရယ်၊ သူ့ကတ်ရယ် အဲဒါပဲ တွေ့တယ်။ ကျန်တဲ့ဟာတွေက မတွေ့ဘူး” ဟု ၎င်းက ဆိုသည်။

ဘောလခဲမြို့နယ်မှ ဖရူဆိုသို့ မောင်းနှင်လာသော စစ်ယာဉ်တန်းသည် ဆန်၊ ဆီ၊ ဆား စသည့် ရိက္ခာများ တင်ဆောင်လာကြောင်း၊ စစ်ကား ၂၀ ကျော်ပါဝင်သည့် အဆိုပါယာဉ်တန်းသည် ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာအရောက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း KNDF တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးက ပြောသည်။  

“၇ နာရီခွဲ ၈ နာရီမှာ သူတို့ပို့တဲ့ရိက္ခာကို ကြားဖြတ်တိုက်တယ်။ ပြီးတော့မှ သူတို့က အထိနာတာများတော့ နောက်ထပ် စစ်ကူခေါ်လာတော့ ထပ်ပြီးတော့မှ ကြားဖြတ်တိုက်တယ်” ဟု သူက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး KA, KNDF ပူးပေါင်းတပ်များဘက်မှ အသေအပျောက်မရှိသလို ထိခိုက်ဒဏ်ရာပြင်းထန်သူလည်း မရှိဟု ၎င်းက ဆိုသည်။

စစ်တပ်ထုတ် MA သေနတ် ၈ လက်၊ RPG တစ်လက်၊ စက်လက်သေနတ် (ငါးကြင်းမြီး) တစ်လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိကြောင်း KNDF တပ်ရင်း ၄ နှင့် တပ်ရင်း ၁၅ တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဖေ့ဘွတ်လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဓာတ်ပုံတစ်ခုတွင် စစ်ကောင်စီတပ် အရာရှိအဆင့်အပွင့်များကို KNDF အဖွဲ့ဝင်များစီးသော ဖိနပ်များတွင် တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။ 

ထို့ပြင် ယင်းနေ့မှာပင် ရှားတောမြို့နယ် သံလွင်မြစ်ကမ်းဘေးရှိ စစ်ကောင်စီစခန်းတစ်ခုကို KA က ဝင်ရောက်တိုက်ခိုက်ရာ ခြေမြန်တပ်ရင်း ခမရ ၄၂၈ ဒုတပ်ရင်းမှူး အပါအဝင် ၆ ဦး သေဆုံးကြောင်း Karenni Army Center က သတင်းထုတ်ပြန်ထားသည်။

ရှားတောမြို့နယ် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး KA တာဝန်ရှိသူများထံ Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ယမန်နေ့ (မေ ၈) ကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ KNDF တပ်ရင်း ၃ နယ်မြေအတွင်း အရပ်ဝတ်ဖြင့် သွားလာနေသည့် စစ်သားသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ တပ်ရင်းက သတင်းထုတ်ပြန်သည်။

ကရင်နီပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ပြည်သူများက ခုခံတော်လှန်နေသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်ပြီး တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ယခုလ ၁ ရက် ထုတ်ပြန်သော စာရင်းများအရ သိရသည်။​

စစ်ကောင်စီက နေပြည်တော်နှင့် နီးကပ်သော ထိုဒေသ တိုက်ပွဲအခြေအနေများကို သတင်းအမှောင်ချထားသည်။

လူဦးရေ သုံးသိန်းကျော်ရှိသော ကရင်နီပြည်နယ်တွင် နှစ်သိန်းကျော်မှာ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button