
ညှိနှိုင်းမှုအချို့ကျန်ရှိနေသော်လည်း နှစ်လကြာ သပိတ်ကို အဆုံးသတ်ပြီး ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်သည် ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဖုယွင်အထည်ချုပ်စက်ရုံတွင် ယနေ့ အလုပ်ပြန်ဆင်းကြပြီဖြစ်သည်။
ဆန္ဒပြ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက အလုပ်သမားများသည် စက်ရုံအတွင်း ရောက်ရှိနေကြပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ကို ချုပ်ဆိုနေကြသည်ဟု ယနေ့ နံနက်ပိုင်းတွင် ပြောသည်။
“အရင် စာချုပ်ကတော့ အရင်စာချုပ်အဟောင်းပဲ။ ချုပ်တဲ့ဟာက အခုအသစ်ပြန်ချုပ်တာပေါ့။ အသစ်ပြန် ချုပ်တာမှာ ကျွန်မတို့ရဲ့ လုပ်သက်နှစ်တွေက အရင်အတိုင်းပဲ”ဟု၎င်းက ပြောသည်။
အလုပ်သမား သမဂ္ဂခေါင်းဆောင်များအား အလုပ်ထုတ်ခဲ့သည်ကို မကျေမနပ် ဖြစ်ခဲ့ကြသည့် ဖုယွင်အထည်ချုပ် လုပ်သားများသည် လွန်ခဲ့သည့် နှစ်လခန့် ကတည်းက စက်ရုံရှေ့ ဝင်ပေါက်များကို ပိတ်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြ အလုပ်သမားများကို မည်သူမည်ဝါမှန်း မသိသည့် လူအုပ်က အောက်တိုဘာလ ၁၅ တွင် အကြမ်းဖက် ရိုက်နှက်ခဲ့ပြီးနောက် စက်ရုံနှင့် အလုပ်သမားများအကြား တင်းမာမှုမှာ အမြင့်ဆုံးသို့ရောက်သွားခဲ့သည်။
အလုပ်သမားများသည် အောက်တိုဘာလ ၂၉ တွင် ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့မှ ပြည်လမ်းရှိ ရန်ကုန် တိုင်းဒေသကြီး အစိုးရ ရုံးထိ လမ်းလျှောက်ချီတက်ဆန္ဒပြပြီး ဝန်ကြီးချုပ်နှင့်တွေ့ဆုံခွင့် တောင်းဆိုခဲ့ကြသည်။
ထိုနေ့ညတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တိုင်းအစိုးရအဖွဲ့ဝင်များက အလုပ်သမားများနှင့်ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့တွင် အလုပ်ရှင်၊အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံခဲ့ပြီး ညှိနှိုင်းမှုများ အဆင်ပြေခဲ့ခြင်းဖြစ်သည်။
ညှိနှိုင်းမှုများ အဆင်ပြေခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဖုယွင် အလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ကြခြင်းဖြစ်သည်။

ဖုယွင်အလုပ်သမားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မသဇင်နွယ်က အလုပ်သမားများအတွက် EC စာချုပ်မှာ အလွန်အရေးပါပြီး စာချုပ်မှာကျန်နေသည့် အချက်တချို့ကို ညှိနှိုင်းနေကြောင်း ပြောသည်။
“ကျွန်မတို့ ဆိုရင် Cutting Section မှာ ပိတ်ခင်း၊ EC စာချုပ်မှာ ပိတ်ခင်းလို့ပဲ ချုပ်တယ်။ ဒါပေမယ့် လုပ်ငန်းရှင်ကတော့ Cutting Section မှာ ရှိသမျှ အလုပ်တွေ အကုန်လုံး လုပ်ရမယ်ဆိုတဲ့ အခြေအနေမျိုးဖြစ်နေတယ် ”ဟုပြောသည်။