
ကယား (ကရင်နီ) ပြည်နယ်မြို့တော် လွိုင်ကော်မှ ရဲကင်းတစ်ခုကို အလစ်အငိုက် ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး ပြန်ခုခံမှု မရှိဘဲ ရဲ ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ပြောသည်။
ဧပြီ ၃၀ နံနက် ၁ နာရီ မထိုးမီအချိန်က လောပိတရေအားလျှပ်စစ်စက်ရုံနှင့် ဆက်စပ်နေသည့် ရေလျှံထိန်း လုံခြုံရေးရဲကင်းကို ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းစီးနင်းခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်အပါအဝင် ရဲများကို နာရီဝက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း KNDF တပ်ရင်း (၁၀) တပ်ရင်းမှူးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ဘက်ကနေ သေနတ် တစ်ချက်မှ မဖောက်ရဘူးဆိုတာက သူတို့ကနေ ပြန်ခုခံမယ်ဆိုရင်တော့ ဖောက်ရတာပေါ့နော်။ ဒါပေမဲ့ သူတို့က မခုခံတဲ့အတွက် တစ်ချက်မှတော့ မပစ်ရဘူးပေါ့” ဟု ၎င်းက ဆိုသည်။
ကြိုတင်နေရာယူစောင့်ဆိုင်းနေသည့် ပူးပေါင်းတပ်များသည် ညသန်းခေါင် ၁၂ နာရီခွဲတွင် ကင်းလှည့်နေသည့် ရဲတပ်သားနှစ်ယောက်ကို ဦးစွာဖမ်းမိခဲ့ကြောင်း တပ်ရင်းမှူးက ပြောသည်။
“သူတို့ကို လက်မြှောက်ဆိုပြီးတော့မှ သူတို့ တစ်ခါတည်း လက်မြှောက်တယ်ပေါ့နော်။ တစ်ခါတည်းကို နှစ်ယောက် ကျွန်တော်တို့ အရင်ဆုံးဖမ်းမိတယ်ပေါ့နော်။ ဖမ်းမိပြီးတော့မှ ဒုရဲအုပ်နေတဲ့ နေရာရယ်၊ တပ်ကြပ်ကြီးနေတဲ့ နေရာရယ်၊ နောက်ပြီး တပ်သားနေတဲ့ နေရာမှာ ကင်းလှည့်တဲ့ပုံစံမျိုးနဲ့ ဓာတ်မီးထိုးဝင်ပြီးတော့မှ ဝင်ဖမ်းတယ်။ သူတို့ အိပ်ပျော်နေတဲ့အချိန်ပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ရဲတပ်သားလေးဦးကို တစ်နေရာ၊ တပ်ကြပ်ကြီးနှင့် မိသားစုဝင်များကို တစ်နေရာ၊ ဒုရဲအုပ်ကို တစ်နေရာ ၎င်းတို့ အသီးသီးအိပ်ပျော်နေစဉ် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အိပ်ကောင်းတဲ့အချိန် အိပ်ရာထဲဖြစ်တော့ ဝင်နှိုးရတဲ့သဘောဖြစ်နေတာပေါ့” ဟု KNDF တပ်ရင်းမှူးက ဆိုသည်။
၄၄ နှစ်အရွယ် တပ်ကြပ်ကြီး၏ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်နှင့် ဇနီးဖြစ်သူကို နေရာတွင်ပင် ချန်ရစ်ခဲ့ကြောင်း ၎င်းက ပြောသည်။
၃၈ နှစ်အရွယ် ဒုရဲအုပ်မှာ ခုခံရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
“နောက်ဆုံး ဒုရဲအုပ်ကို ကျွန်တော်တို့ ဝိုင်းတယ်။ ဝိုင်းပြီးတော့မှ သူက ပြန်ခုခံဖို့တော့ လုပ်နေတယ်ပေါ့လေ။ သေနတ်တွေ မောင်းတွေဘာတွေ တင်ထားတယ်။ ဒါပေမဲ့ သူ့တပည့်တွေကို အကုန်လုံးဖမ်းရပြီဆိုတဲ့အကြောင်း၊ ထွက်မလာရင် ကျွန်တော်တို့ ပစ်မယ်ဆိုတဲ့အကြောင်း သူ့ကို ပြောတယ်ပေါ့နော်။ ပြောရင်းပြောရင်းနဲ့ ငါးမိနစ်၊ ဆယ်မိနစ်ကြာတော့ သူ ထွက်လာတယ်ပေါ့နော်။ ထွက်လာပြီး သူ လက်မြှောက်တယ်” ဟု တပ်ရင်းမှူးက ဆိုသည်။
ရဲတပ်သား ၆ ဦးမှာ အသက် ၂၁ နှစ်မှ ၃၀ အရွယ်ကြား လူငယ်များဖြစ်ကြောင်း သိရသည်။
ရဲများနှင့်အတူ G3 သေနတ် လေးလက်၊ 22AK သေနတ် လေးလက်၊ ခြောက်လုံးပြူးတစ်လက်၊ လက်ပစ်ဗုံး ၅ လုံးနှင့် ကျည်အနည်းငယ်ရရှိခဲ့ကြောင်း KNDF ဘက်မှ သိရသည်။
“ကျွန်တော်တို့က ဒါမျိုးတွေက ရှားရှားပါးပါးလို့ ပြောရမလား။ ပထမဆုံးအကြိမ်ဖြစ်တာပေါ့နော်” ဟု သေနတ်သံမထွက်ဘဲ အောင်မြင်စွာ ဝင်ရောက်စီးနင်းနိုင်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းက ပြောသည်။
အဆိုပါ ရဲ ၈ ဦးကို တစ်ရက်ကြာ စစ်ဆေးမေးမြန်းပြီးနောက် ကရင်နီပြည်ရဲဌာန (KSP) ထံ လွှဲပြောင်းလိုက်ပြီဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။
“သူတို့ကို ကြိုးတုပ်တဲ့အချိန်ကစပြီး KSP ကို လွှဲတဲ့အချိန်ထိ တာဝန်ရှိတဲ့ တပ်ရင်းအနေနဲ့ သူတို့ကို နှိပ်စက်တာ၊ ရိုက်နှက်တာ တစ်ခုမှ မလုပ်ဘူး။ သူတို့က လက်မြှောက်ပြီးတော့မှ အညံ့ခံတဲ့အတွက် ကျွန်တော်တို့ ဘာမှတော့ မလုပ်ဘူး။ အစားအသောက်နဲ့ ပတ်သက်တာတွေလည်း ကောင်းကောင်းကျွေးတယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲနှင့် စစ်သားများအနေဖြင့် ပြည်သူ့ဘက် ရပ်တည်လာပါက ပြည်သူ့ကာကွယ်ရေးတပ်များက ကြိုဆိုမည်ဖြစ်ကြောင်း တပ်ရင်းမှူးက ပြောသည်။
အာဏာသိမ်းမှု ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့အများအပြားရှိရာ ကရင်နီဒေသသည် စစ်ဗိုလ်ချုပ်များ အခြေစိုက်ရာ နေပြည်တော်နှင့် လွန်စွာနီးကပ်သည့် ဒေသတစ်ခုဖြစ်ပြီး စစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိသည်။
တိုက်ပွဲပြင်းထန်နေသည့် ကရင်နီဒေသတွင် ရှေ့တန်းစစ်မျက်နှာမှ စစ်ကောင်စီတပ်သားများသည် ဒေသခံကာကွယ်ရေးတပ်များထံ ဝင်ရောက်ခိုလှုံမှုများရှိကြောင်း၊ ဘက်ပြောင်းလာပြီးနောက် တိုက်ပွဲတွင်လည်း ပါဝင်ကူညီ တိုက်ခိုက်နေသူများလည်းရှိကြောင်း KNDF ထံမှ သိရသည်။
ဧပြီ ၁၆ တွင် ဖရူဆိုမြို့နယ် ထားလဲကျေးရွာနှင့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအကြား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားအချို့ ကရင်နီပူးပေါင်းတပ်ထံ ခိုလှုံခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလာသည့်အကြောင်း သက်ဆိုင်ရာ တပ်ရင်းအချို့က ထုတ်ပြန်မှုရှိသော်လည်း စုစုပေါင်းအရေအတွက်ကို အတိအကျထုတ်ပြန်ခြင်း မရှိသေးပေ။
ရဲကင်းစခန်း ဝင်ရောက်စီးနင်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)