သတင်း

မင်းတပ် – မတူပီလမ်းတွင် စစ်ကောင်စီယာဉ်တန်း သုံးရက်ဆက် တိုက်ခိုက်ခံရ

ချင်းပြည်နယ်တောင်ပိုင်းတွင် မတူပီမြို့မှ ပြန်ဆင်းလာသည့် သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်ကားအစီး ၇၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF (မင်းတပ်) ကြားဖြတ်တိုက်ခိုက်နေရာ သုံးရက်ဆက် တိုက်ပွဲများ ပြင်းထန်နေသည်။ 

မတူပီမြို့သို့ ရိက္ခာနှင့် လက်နက် သွားပို့သည်ဟု ယူဆရသည့် ထိုယာဉ်တန်းမှာ ပြီးခဲ့သည့် ဧပြီ ၂၇ ရက် ပြန်လည်ထွက်ခွာချိန်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ဝင်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

ယနေ့ (မေ ၂)  နံနက် ၉ နာရီခွဲဝန်းကျင်တွင် မင်းတပ် – မတူပီလမ်းပိုင်း၌ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းတည့် ၁၂ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း CDF (မင်းတပ်) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးသည်ဟု CDF (မင်းတပ်) က ထုတ်ပြန်ထားသော်လည်း ထိုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မင်းတပ်မြို့နယ်နိမိတ်ဖြစ်သည့် မိုင်တိုင် ၇၀ ဝန်းကျင်အတွင်း စစ်ကောင်စီယာဉ်တန်း စတင်ချဉ်းနင်း ဝင်ရောက်လာသည့် ဧပြီ ၃၀ တွင် CDF (မင်းတပ်) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲမှုကြောင့် စစ်တပ်ဘက်မှ လေးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရကြောင်း CDF (မင်းတပ်) ဘက်က ဆိုသည်။

ယမန်နေ့ (မေ ၁) တွင်လည်း မိုင်တိုင် ၆၈ အနီး တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဆိုသည်။

အဆိုပါ စစ်ယာဉ်တန်းသည် မတူပီမြို့နယ်နိမိတ်အတွင်း ဖြတ်သန်းစဉ် ဧပြီ ၂၇ နှင့် ၂၈ တို့တွင် CDF (မတူပီ) က နှစ်ရက်ဆက်တိုက် ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်အတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း CDF မတူပီက ထုတ်ပြန်ထားသည်။ 

ခြေလျင်တပ်ရင်း ၁၄၀၊ ခြေမြန်တပ်ရင်း ၃၀၄ နှင့် စစ်ဗျုဟာတစ်ခု အခြေစိုက်ထားကာ စစ်ရေးအရ အချက်အချာကျသည့် မတူပီမြို့သို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့များက အသွားအပြန် လမ်းကြောင်းတွင် အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

ကားဖြင့် ရှစ်နာရီခရီးဖြစ်သော မင်းတပ် – မတူပီလမ်းသည် မိုင် ၁၀၀ ကျော်သာ ကွာဝေးသော်လည်း CDF အဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ယာဉ်တန်းမှာ သီတင်းပတ်နှစ်ခုနီးပါးကြာသည်အထိ အချိန်ယူဖြတ်သန်းရလေ့ရှိသည်။

ထို့ကြောင့် မင်းတပ်မြို့မှ မတ် ၂၆ တွင် ထွက်ခွာလာသော ယာဉ်တန်းသည် ဧပြီ ၇ တွင်မှသာ မတူပီမြို့သို့ ရောက်ရှိသည်ဟု သိရသည်။ 

မင်းတပ်မှ မတူပီအသွားတွင် စစ်ကားအစီးရေ ၈၀ ကျော် ပါဝင်သော်လည်း မတူပီမှ ပြန်လည်ထွက်ခွာလာချိန်တွင် ကားအစီးရေ ၇၀ နီးပါးသာ ပါဝင်ပြီး နောက်ချန်အင်အားအချို့ ချန်ထားခဲ့နိုင်ကြောင်း CDF (မတူပီ) ဘက်မှ ယူဆ ထားသည်။

“ကျန်ခဲ့တဲ့ယာဉ်တွေက နောက်ချန်အင်အားအနေအထားနဲ့ပဲ ဆက်လိုက်မလား။ အထိုင်ချတပ်စွဲမလားဆိုတာကတော့ ဆက်ပြီးတော့ စောင့်ကြည့်ရမဲ့အနေအထားပေါ့” ဟု CDF (မတူပီ) ပြောရေးဆိုခွင့်ရှိသူ ကိုနွေဦးလင်းက ပြောသည်။

အလားတူ ယမန်နေ့ (မေ ၁ ) ညနေက မတူပီမြို့နယ်အရှေ့ပိုင်းရှိ စစ်ရှောင်စခန်းတစ်ခုအနီး ခြေမြန်တပ်ရင်း ၃၀၄ မှ အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု ရောက်ရှိလာ၍  CDF နှင့် တိုက်ပွဲဖြစ်ခဲ့သေးသည်။

ထိုတိုက်ပွဲအတွင်း CDF (မတူပီ) ရဲဘော်တစ်ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူက ဆက်ပြောသည်။ 

“စစ်ဘေးရှောင်တွေကတော့ အန္တရာယ်ကင်းပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့မှုဖြစ်တဲ့နေရာကို အခုတော့ ကျွန်တော်တို့လည်း နယ်မြေရှင်းလင်းရေးလုပ်နေတယ်” ဟု ကိုနွေဦးလင်းက ပြောသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် ချင်းဒေသကာကွယ်ရေးအဖွဲ့များနှင့် မကြာခဏတိုက်ပွဲဖြစ်ပွားနေရာ နယ်မြေကျွမ်းကျင်သည့် ဒေသခံကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button