
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှ ဒေသခံကာကွယ်ရေးအဖွဲ့စခန်းတစ်ခု ယနေ့ (ဧပြီ ၂၉) ရက် နံနက်က စီးနင်းခံရပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့ဘက်မှ ဒုခေါင်းဆောင်တစ်ဦး သေဆုံးခဲ့သည်။
ယနေ့ နံနက် ၄ နာရီဝန်းကျင်တွင် မြင်းမူမြို့နယ် Ghost Team Ranger Myinmu (GTR MyinMu) နှင့် Myinmu Defense Force တို့ တည်ရှိသည့်နေရာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
“မြင်းမူစခန်းပဲ။ GTR နဲ့ တခြားအဖွဲ့တစ်ဖွဲ့နေတဲ့စခန်းပဲ။… ၄ နာရီခွဲလောက်ကတည်းက စဝင်တာ။ ကား ၂ စီးနဲ့။ အင်အားများတယ်” ဟု စစ်ကိုင်းတိုင်းအတွင်း မဟာမိတ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
စခန်းစီးနင်းခံရစဉ် အနီးအနားမြို့နယ်များမှ မဟာမိတ်အဖွဲ့များ စုပေါင်းခုခံခဲ့ကြပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း အဆိုပါ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်က ဆက်ပြောသည်။
“အခုတော့ နည်းနည်းငြိမ်သွားပြီ။ မနက်ခင်းအလင်းပိုင်းတုန်းကတော့ မဟာမိတ်တွေအကုန်လုံးက စုပြီးခုခံကြတယ်။ မြို့နယ် အစုံဖြစ်နေတာလေ။ အရာတော်၊ စစ်ကိုင်း၊ မြင်းမူမြို့နယ် အစပ်ဖြစ်နေတာ။ သုံးမြို့နယ်၊ လေးမြို့နယ် အစပ်ဖြစ်နေတာ။ နေရာကို သတင်းရသွားလို့နေမှာပေါ့” ဟု ဆိုသည်။
လာရောက်ကူညီတိုက်ခိုက်ပေးသော ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မြင်းခြံ Zero ပြောက်ကျားအဖွဲ့မှ ဒုခေါင်းဆောင်ဖြစ်သည့် CDM ရဲတပ်ဖွဲ့ဝင် ကိုရဲဟိန်းထက် ကျဆုံးကြောင်း GTR အဖွဲ့ လူမှုကွန်ရက်စာမျက်နှာတွင် သတင်း ထုတ်ပြန်ခဲ့သည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် အင်အား ၁၀၀ ခန့် ပါရှိသော ၁၂ ဘီး စစ်ကားတစ်စီးကို လက်နက်ကြီးများသုံး၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၄၅ မိနစ်ခန့် ကြာမြင့်ကာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၃၀ ကျော် သေဆုံးကြောင်း Zero ပြောက်ကျားအဖွဲ့မှ ကိုသက်ကြီးက ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိ၍ PDF တို့က ဆုတ်ခွာချိန်တွင် ဒုခေါင်းဆောင် ကိုရဲဟိန်းထက် (ခေါ်) ကိုရခိုင်မှာ မိမိတပ်ဖွဲ့သားများအတွက် ကာပစ်ပေးရင်း သေဆုံးသည်ဟု ၎င်းက ဆိုသည်။
ဇီးရိုးပြောက်ကျားတပ်ဖွဲ့တွင် တိုက်ပွဲအတွင်း ပထမဆုံးသေဆုံးသည့် ရဲဘော်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ရဲတပ်ဖွဲ့တွင် လုပ်သက် ၁၀ နှစ်ရှိသူ ကိုရခိုင်သည် အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ကို စွန့်ခွာ၍ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ခဲ့သူ ဖြစ်သည်။
၎င်းသည် Zero ပြောက်ကျားအဖွဲ့တွင် သင်တန်းမှူး၊ စစ်ရေးနည်းပြ၊ စစ်ကြောင်းမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
“အမိန့်နာခံမှု အင်မတန်ကောင်းတဲ့ ကလေး။ အဖွဲ့ပေါ်မှာ သစ္စာရှိ ချစ်မြတ်နိုးတဲ့ကလေးပါ” ဟု ကိုသက်ကြီးက ဆိုသည်။
မြင်းမူမြို့နယ် ကန်တော်ရွာနှင့် ငါးကင်းရွာအနီးရှိ စခန်းများ စီးနင်းခံရပြီးနောက် စစ်တပ်က နံနက် ၈ နာရီဝန်းကျင်မှစ၍ ကန်တော်ရွာကို မီးရှို့လိုက်ရာ ၁၁ နာရီဝန်းကျင်အထိ လောင်ကျွမ်းနေဆဲဖြစ်ကြောင်း မြင်းမူမြို့နယ်ဒေသခံများက အတည်ပြုသည်။
“မီးက အခုထိလောင်တုန်းဆိုတော့ အိမ်ခြေ ၅၀ လောက် ပျက်စီးဆုံးရှုံးသွားပြီလို့ ယူဆတယ်” ဟု မြင်းမူမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက နံနက် ၁၁ နာရီဝန်းကျင်တွင် ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးသူများကို မြင်းမူမြို့ဘက်သို့ ပြန်လည်တင်ဆောင်သွားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက ပြောကြားသော်လည်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
စခန်းစီးနင်းခံရပြီး ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်နေရာ ထီးဆောင်း – အရာတော် လမ်းအနီးအနားရှိ ကန်တော်အပါအဝင် ငါးကင်း၊ ကန်ဖျား၊ တောင်ရွာ၊ မြောက်ရွာတို့မှ ဒေသခံများ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြင်းမူမြို့နယ်သတင်းရင်းမြစ်များထံမှ သိရသည်။
ထီးဆောင်း – အရာတော်လမ်းနှင့် မန္တလေး – မုံရွာလမ်းတို့ကို အတတ်နိုင်ဆုံး အသုံးမပြုကြရန် GTR Myinmu အဖွဲ့က ယနေ့ နံနက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ကို ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်များကို စစ်တပ်က အင်အားအများအပြားနှင့် ဝင်ရောက်စီးနင်းပြီး ကျေးရွာများကို မီးရှို့ခြင်းများကို ယခုနှစ်ဆန်းပိုင်းမှစ၍ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။
အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကာလအတွင်း နေအိမ် ၉၁၈၇ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း အချက်အလက်များ စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ဧပြီ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ ရွာမီးရှို့မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ကြောင်း၊ PDF တို့၏လက်ချက်ဖြစ်ကြောင်း တုံ့ပြန်ခဲ့ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)