အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စခန်းသိမ်းတိုက်ပွဲတစ်ခုတွင် KNLA တပ်မဟာ ၅ ဗျူဟာမှူး ကျဆုံး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ယမန်နေ့ (ဧပြီ ၂၈) တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) မှ ဗျူဟာမှူးအဆင့်ရှိ ခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့သည်ဟု KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသူမှာ KNLA တပ်မဟာ (၅) မှ ဗျူဟာမှူးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဗိုလ်မှူးကြီးစောထူးကရှောဖြစ်သည်ဟု KNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။ ဗိုလ်မှူးကြီး၏ အခြားအမည်များမှာ ဗိုလ်နေတိုး၊ မင်းသားကြီးတို့ ဖြစ်သည်။

“(ကျသွားတာ) တပ်မဟာ ၅ ဗျူဟာမှူးပါ။ ရှေ့တန်းက ကျွန်တော်တို့တပ်မှူးတွေနဲ့ အဆက်အသွယ်မရသေးတော့ ဘာကြောင့်ကျသွားလည်း အတိအကျမသိသေးဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

သံလွင်မြစ်အနီးရှိ စစ်ကောင်စီတပ်၏ အရေးပါသော ရှေ့တန်းစခန်းတစ်ခုဖြစ်သည့် ကျောက်ညှပ်စခန်းကို  ဗိုလ်မှူးကြီးစောထူးကရှော ဦးဆောင်သည့် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်။

ကျောက်ညှပ်ရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် အခြားသော မဟာမိတ်အင်အားစုများပါဝင်သော ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး KNLA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်ဟု BPLA ကလည်း ယမန်နေ့က ထုတ်ပြန်ထားသည်။

အသာစီးရပြီး စခန်းကို သိမ်းပိုက်ပြီးချိန်တွင် စစ်ကောင်စီလေယာဉ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်တပ်ထောက်ခံသူ ဖေ့စ်ဘွတ်အကောင့်များနှင့် သတင်းတချို့တွင် ရေးသားနေသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျောက်ညှပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် အနီးရှိ မယ်နုထာ့ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု BPLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးမှုနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးနှင့် KNLA တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းတို့ကို မေးမြန်းရန် တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း လတ်တလော အဆက်အသွယ်မရသေးပေ။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးတွင် တည်ရှိသည့် ကျောက်ညှပ်စခန်းသည် စစ်ကောင်စီ၏ ဖာပွန်အခြေစိုက် ၄၃၄ တပ်ရင်းစခန်းဖြစ်ပြီး တစ်ဖက်ကမ်းတွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ရှိသည်။

၂၀၂၂ ဧပြီ ၁ မှ ၁၅ အတွင်း KNU မူတြော် (ဖာပွန်) ခရိုင် တပ်မဟာ (၅) နယ်မြေတွင် ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၁၇၄  ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ၈၁ ဦး သေဆုံးကာ ၄၄ ဦး ဒဏ်ရာရသည်ဟု ယခုလ ၁၉ တွင် KNU က သတင်းထုတ်ပြန်ထားသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် နေရာအများအပြားတွင် တိုက်ပွဲဖြစ်ပွားနေရာ ဖာပွန်ခရိုင်တွင် တိုက်ပွဲများပြင်းထန်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပါ ရှိနေသည်။ 

KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူ‌တြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) နယ်‌မြေထဲ ဝင်‌ရောက်လာသည့် စစ်ကောင်စီတပ်များကို တိုက်ထုတ်ရုံမှလွဲ၍ အခြား‌ရွေးချယ်စရာ နည်းလမ်းမရှိ‌ကြောင်း KNLA တပ်မဟာ (၅) ၏ ဗျူဟာမှူးက ယမန်နှစ် နိုဝင်ဘာအတွင်းက KIC ကို ပြောထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button