သတင်း

ကယား၊ နန်းမယ်ခုံတွင် တိုက်ပွဲဆက်၊ ဒေသကာကွယ်ရေးဘက်မှ ထိခိုက်မှုရှိ

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံ၊ ဒေါကမီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့နှင့် တိုက်ပွဲ ၃ ရက်ဆက်ဖြစ်နေသည်။ 

ယနေ့ နံနက်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ သေဆုံးစာရင်းအတည်မပြုနိုင်သေးသော်လည်း ၁၁ နာရီခန့်တွင် ၎င်းတို့တပ်ရင်းမှ ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရကာ အခြားတပ်ရင်းမှ ၂ ဦး ထိခိုက်သည်ဟု ကိုယ်တိုင်တိုက်ပွဲဝင်နေသည့် KNDF တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“(ကရင်နီမှာ) တိုက်ပွဲက ရက်တိုင်းလိုလို နေရာတိုင်းလိုလို ဖြစ်တယ်။ ဒေါကမီးက တိုက်ပွဲဖြစ်တာ သုံးရက်ရှိပြီ။ အရင်ရက်က အကျတော့မရှိဘူး ဒဏ်ရာရတာတော့ရှိတယ်” ဟု ၎င်းက ညနေ ၄ နာရီခန့်က ပြောသည်။ 

ညပိုင်းအထိ တိုက်ပွဲဆက်ဖြစ်ပွားနေဆဲ ရှိမရှိနှင့် အခြားအသေးစိတ်အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်သည့် ဒေါကမီးကျေးရွာတွင် စစ်ကောင်စီတပ်က လူနေအိမ်များနှင့် ဒေသခံတို့၏ ဆိုင်ခန်းများတွင် တပ်စွဲထားသည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

ယမန်နေ့ (ဧပြီ ၂၁) ညကလည်း တိုက်ပွဲဖြစ်နေသည့် ဒေါကမီးရွာဘက်သို့ ၁၀ မိုင်ကျော်အကွာ လွိုင်ကော်အခြေစိုက်တပ်များက လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့သည်ဟု KNDF တပ်ဖွဲ့ဝင်နောက်တစ်ဦးက ပြောသည်။

ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ထိုဒေသအတွင်းအခြေအနေများနှင့် ပတ်သက်၍ KNDF နှင့် KA တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

ဖေဖော်ဝါရီ ၂၃၊ ၂၄ နှစ်ရက်အတွင်းမှာပင် နန်းမယ်ခုံရှိ ဒေါကမီးရွာ၊ ဆင်တောင်ရွာနှင့် အနီးကို စစ်လေယာဉ်က ၃၁ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ရာ ဒေါကမီးရွာမှ ဒေသခံ ၃ ဦးသေ၊ ၅ ဦး ဒဏ်ရာရခဲ့သည်ဟု KNDF ၏ ထိုလပိုင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်၊ မိုးဗြဲနှင့် ကယား(ကရင်နီ) ပြည်နယ် ဒေသန္တရလမ်းပန်းဆက်သွယ်ရေးအခြေပြမြေပုံ။ ဒီဇိုင်း−Myanmar Now

နှစ်ဆန်းပိုင်းတွင် ကယားပြည်နယ်မြို့တော်ကိုပါ ဒေသကာကွယ်ရေးအဖွဲ့တို့က စစ်ရေးအရ ခြိမ်းခြောက်နိုင်ပြီးနောက်တွင် ဖေဖော်ဝါရီ ၁၅ မှစ၍ ရှမ်း၊ ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီက အင်အားတိုးချဲ့လာသည်။ နောက်တစ်ရက်မှစ၍ လက်နက်ကြီးနှင့် လေကြောင်းပါသုံး၍ ကရင်နီဒေသတွင်းသို့ အဆက်မပြတ် စစ်ဆင်နေသည်။

စစ်ကောင်စီ ထိုးစစ်စတင်ပြီး တစ်လခန့်အကြာတွင် မိုးဗြဲ-ဒီးမော့ဆိုလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ကာ ထိုလမ်းပိုင်းတွင်ရှိသည့် နန်းမယ်ခုံနှင့် ဒီးမော့ဆိုရှိ ဒေါငံခါးရပ်ကွက်နှင့် မြို့မရဲစခန်းတို့တွင် တပ်စွဲထားသည်။

ထိုသို့ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်နေရာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း လီဝိုး၊ ဆင်တောင်၊ ဒေါကမီး၊ ပူဖား၊ နောင်ပုလဲ၊ ဥခူးရီး၊ ငွေတောင်နှင့် ထူလွှီးဘီလာကျေးရွာတို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည်ဟု KNDF က ဧပြီ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်အရ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် တိုက်ပွဲများတွင် တစ်ပတ်အတွင်း စစ်ကောင်စီဘက်က ၄၈ ဦး သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကရင်နီဒေသအတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီက ဧပြီ ၅ ရက်တွင် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာ၌ နေအိမ် အလုံး ၃၀ နှင့် စပါးကျီများ၊ ဧပြီ ၂၀ ရက်တွင် လွိုင်ကော်မြို့နယ် နွားလဝိုးစံပြကျေးရွာအုပ်စုရှိ နေအိမ်အချို့ မီးရှို့ခံရသည်ဟု ဒေသတွင်းသတင်းများက ဆိုသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြင်းထန်စွာခုခံသည့် ကရင်နီဒေသ တော်လှန်ရေးသက်တမ်း တစ်နှစ်ပြည့်ခါနီးချိန်တွင် တိုက်ပွဲများကြောင့် လူဦးရေ ၂၁၀၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) စာရင်းများအရ သိရသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button