
လေပြင်းတိုက်ခတ်မှုများကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များမှ စစ်ရှောင်စခန်းများမှ ဒုက္ခသည်များ ယာယီခိုလှုံနေထိုင်လျက်ရှိနေသည့် တဲအိမ်အများအပြားပျက်စီးခဲ့၍ ပြန်လည်ပြုပြင်ရန် အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။
ဧပြီ ၂၀ က တစ်နာရီလျှင် မိုင် ၈၀ နှုန်းဖြင့် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် မြောက်ဦးမြို့ပေါ်ရှိ မြို့ဦးခေါင်း၊ မြတန်ဆောင်း၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတို့မှ နေအိမ်များ ပျက်စီးခဲ့သည်။
အလားတူ ကျောက်တော်မြို့နယ်မှ ဝါးတောင်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းနှင့် မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင်လည်း ပျက်စီးမှုများ ရှိခဲ့သည်။
မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ်အလုံး ၄၀ ခန့် ပြိုလဲသွားပြီး ခေါင်မိုးနှင့် ထရံအကာ ပျက်စီးသွားသည့် တဲအိမ် ၁၈၆ လုံးရှိကြောင်း မြတန်ဆောင်းဆရာတော် အရှင်ဦးနန္ဒာစာရက မိန့်သည်။
သက်ဆိုင်ရာဌာနများထံမှ ကြိုတင်သတိပေးချက် မရရှိခဲ့ကြောင်းလည်း ဆရာတော်က မိန့်သည်။
“လေဆင်နှာမောင်းပုံစံတိုက်တာဆိုတော့ တစ်နာရီကို မိုင် ၇၀ ၊ ၈၀ လောက် တိုက်မယ်ထင်တယ်။ သိပ်အကြာကြီးတော့ မဟုတ်ဘူး။ တစ်နာရီခွဲပတ်ဝန်းကျင်လောက် ကြာတယ်” ဟု ဆရာတော် အရှင်ဦးနန္ဒာစာရက မိန့်ကြားသည်။
အဆိုပါစခန်းတွင် မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်များထဲမှ ရွာပေါင်း ၁၇ ရွာမှ စစ်ရှောင်မိသားစု ၂၆၃ စု၊ လူဦးရေ ၂၁၀၆ ဦး ခိုလှုံနေထိုင်နေကြသည်။
“သစ်ပင်တွေ ကျိုးတယ်။ တချို့အိမ်တွေဆိုရင် အလုံးလိုက် လေပေါ် တစ်ခါတည်းမြင့်တက်သွားတယ်။ ဦးဇင်းတို့ မြတန်ဆောင်းစစ်ရှောင်စခန်းမှာဆိုရင် အဲဒီလိုမျိုး အိမ်အလုံးလိုက် ပြိုသွားတာရှိတယ်” ဟု ဆရာတော်က Myanmar Now ကို မိန့်သည်။
“အိမ်ခေါင်မိုးတွေ အကုန်လုံး ပျက်စီးသွားတာရှိတယ်။ အကူအညီရမယ်ဆိုရင် အကူအညီတောင်းချင်တယ်။ အိမ်တွေက သက်တမ်းစေ့ပြီး ဆွေးနေကြပြီ”
ယင်းသို့လေပြင်းတိုက်ခတ်ပြီးနောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က လာရောက်ကြည့်ရှုခဲ့ပြီး ၁၂ ပေပတ်လည် တာပေါ်လင်မိုးကာစ ၉၀ ခန့်ကို ထောက်ပံ့ခဲ့ကြောင်း ဆရာတော်ထံမှ သိရသည်။
ထို့အတူ မြောက်ဦးမြို့နယ်ရှိ အိမ်ထောင်စု ၂၅၉ စုနှင့် လူဦးရေ ၁၀၇၀ ရှိသည့် မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင်လည်း တဲအိမ် အလုံး ၁၀၀ နီးပါး ပျက်စီးခဲ့ရကြောင်း သိရသည်။
မြို့နယ်ထွေအုပ်က ယင်းနေ့မှာပင် ပျက်စီးဆုံးရှုံးသွားသည့်စာရင်း တောင်းခံလာသောကြောင့် ပျက်စီးတဲအိမ် အလုံး ၁၀၀ နီးပါးအနက်မှ ၅၃ အိမ်ကိုသာ အရေးပေါ်စာရင်းပြုစုခဲ့ရကြောင်း မြို့ဦးခေါင်းဆရာတော် ဦးဝဏ္ဏသာရက မိန့်သည်။
မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်း၌ ခိုလှုံနေကြသူအများစုမှာ ရွာဟောင်းတော၊ ဘုရားအုပ်၊ ပေါက်တော ပြင်၊ အုတ်ဖိုကန် စသည့် ကျေးရွာများမှ ဖြစ်ကြပြီး တိုက်ပွဲများရပ်တန့်နေသည့် ယခုကာလတွင် နေရပ်ပြန်ပြီး ပျက်စီးနေသည့် နေအိမ် ပြန်လည်ပြုပြင်သူများလည်းရှိကြောင်း ၎င်းဆရာတော်ထံမှ သိရသည်။
ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့စဉ်ကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် စစ်ဘေးဒုက္ခသည်များကို ICRC အကူအညီနှင့် မြို့ဦးခေါင်းဆရာတော် ဦးဆောင်ပြီး ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းဖြစ်သည်။
အိမ်ထောင်စု ၆၉၁ စုနှင့် လူဦးရေ ၂၉၇၇ ဦးရှိသည့် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် တဲအိမ်အလုံး ၃၀၀ ကျော် ပျက်စီးသွားကြောင်း စခန်းတာဝန်ခံ ကိုသန်းအေးက ပြောသည်။
“ပျက်စီးဆုံးရှုံးမှုအများဆုံးက နှစ်ဆောင်ပါ။ ကျန်တဲ့အဆောင်တွေကတော့ ခေါင်မိုးလစ်ပြီးတော့ တချို့တစ်ဝက်ပျက်သွားတယ်။ တချို့တစ်ဝက်ပျက်သွားတာက အိမ်ခြေအလုံး ၃၀၀ လောက် ပျက်သွားတယ်။ တာပေါ်လင်စတွေနဲ့ မိုးထားတဲ့အခေါင်မိုးတွေလည်း လုံးဝပွင့်ထွက်သွားတာတွေရှိတယ်။ လတ်တလော အရေးတကြီးလိုအပ်နေတာက ခေါင်မိုးအတွက် တာပေါ်လင်စတွေ လိုအပ်နေတာက အမှန်ဆုံးပါ“ ဟု ၎င်းက ဆိုသည်။
ပုဂ္ဂလိကအလှူရှင်များ၊ အစိုးရဌာနဆိုင်ရာနှင့် NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင်များ အမိုးအကာလုံလုံခြုံခြုံနှင့် နေထိုင်နိုင်ရေး အမြန်ဆုံးပြန်လည်စီစဉ်ပြီး ကူညီပေးစေလိုကြောင်း ၎င်းက ဆက်ပြောသည်။
“စစ်ဘေးသင့်လို့ရောက်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေဖြစ်တယ်။ အခုလည်း ဒုက္ခတွေထပ်ပြီးတော့ ရောက်ကြရတယ်။ အိမ်တွေကလည်း ပြီးခဲ့တဲ့နှစ်က ဆောက်ထားတဲ့အိမ်တွေ ဟောင်းနွမ်းနေကြပြီ။ ထပ်ပြီးတော့ လေပြင်းတိုက်ခတ်လို့ ခေါင်မိုးတွေ လစ်ပါသွားကြတယ်။ လူတွေကလည်း စိတ်ခံစားမှုတွေ ရောက်နေကြတယ်” ဟု ၎င်းက ပြောသည်။
အိမ်ခြေ ၁၄၀ နှင့် လူဦးရေ ၁၀၀၀ ကျော်ရှိသည့် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင်လည်း ဒုက္ခသည်များ နေထိုင်သည့် တဲအိမ်အလုံး ၈၀ နီးပါးခန့် ပျက်စီးခဲ့ရကြောင်း ယင်းစခန်းမှ စစ်ရှောင်တစ်ဦးဖြစ်သော အသက် ၃၀ ကျော်အရွယ် ဒေါ်မလှဦးက ပြောသည်။
“ပြောရမယ်ဆိုရင် အကူအညီက အားလုံးလိုပါတယ်။ အမိုးအကာ၊ သစ်၊ ဝါးတွေလိုပါတယ်။ အိမ်တစ်ဆောင်မှာ တစ်ခေါင်တစ်ခုတည်း ပျက်စီးသွားတယ်ဆိုရင်လည်း အဲဒီအိမ်မှာ အခေါင်တစ်ခုတည်းမဟုတ်ဘဲ အားလုံးပြန်လို့ ပြုပြင်ရမဲ့ အနေအထားမျိုးဖြစ်နေလို့ပါ” ဟု ဆိုသည်။
၂၀၁၈ ဒီဇင်ဘာနှောင်းပိုင်းမှစ၍ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အထူးသဖြင့် ရခိုင်မြောက်ပိုင်းတိုက်ပွဲများကြောင့် လူ ၂ သိန်းနီးပါး စစ်ရှောင်ခဲ့ရသည်။
နှစ်ဖက်တိုက်ပွဲများ ၂၀၂၀ နိုဝင်ဘာလဆန်း၌ ရပ်တန့်သွားသော်လည်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးအန္တရာယ်နှင့် စစ်တပ်က ဆက်လက်တပ်စွဲထားသောကြောင့် အများစုမှာ နေရပ်မပြန်နိုင်ကြသေးပေ။
စစ်ရှောင်များနေထိုင်ရေးအတွက် အချိန်မီမပြုပြင်ပေးနိုင်ပါက မိုးတွင်းကာလ အခက်အခဲအများအပြားနှင့် ရင်ဆိုင်ရနိုင်သလို လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်၍ မရသည့် အခြေအနေမျိုးရောက်သွားနိုင်ကြောင်း မြတန်ဆောင်းဆရာတော် ဦးနန္ဒာစာရက မိန့်သည်။
စစ်ဘေးရှောင်များကို ပြည်နယ်စစ်ကောင်စီအနေဖြင့် ပိုပြီးတာဝန်ယူပေးရမည်ဟု မြင်ကြောင်း၊ စစ်ရှောင်များနှင့် ပတ်သက်၍ အစိုးရအဆက်ဆက် တာဝန်ယူမှုတာဝန်ခံမှု နည်းသည်ကို တွေ့ရကြောင်း ၎င်းဆရာတော်က ဆက်မိန့်သည်။
“ဒီစစ်ရှောင်တွေရဲ့ ရွာတွေ ဒီစစ်ရှောင်တွေရဲ့ တစ်မိသားစုချင်းစီကို လုံခြုံရေးအရ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သူတို့က ဒုက္ခသည်စခန်းတွေကို ရောက်လာကြရတယ်။ စစ်ရှောင်အနေနဲ့ ပြေးလာကြတဲ့လူတွေဖြစ်တယ်” ဟု ဆရာတော် အရှင်ဦးနန္ဒာစာရက မိန့်သည်။
“စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ပြန်ဆောက်ပေးစေချင်တယ်။ သူတို့ကိုယ်တိုင် ဆောက်မပေးနိုင်ဘူးဆိုရင်တောင်မှ စစ်ရှောင်တွေ ကိုယ့်လက်ကိုယ်ခြေနဲ့ ဆောက်လို့ရအောင် လိုအပ်တဲ့ သစ်တွေ၊ ဝါးတွေ ကူညီပေးစေချင်တယ်” ဟု ပြည်နယ်စစ်ကောင်စီကို ရည်ညွှန်း၍ မိန့်သည်။
“နိုင်ငံတကာအဖွဲ့တွေက ဒါမျိုးတွေတော့ လုပ်ပေးဖို့ လိုအပ်နေပြီလို့ လာပြောတဲ့အခါမျိုးမှာ ခွင့်မပြုဘဲနဲ့ ညစ်ပတ်သလိုမျိုး၊ အကန့်အသတ်လုပ်တာမျိုးတွေ မလုပ်ဘဲနဲ့ စစ်ရှောင်တွေရဲ့ မျက်နှာကို ထောက်ထားသောအားဖြင့် အကူအညီပေးဖို့ လာခွင့်တောင်းတဲ့ INGO, NGO တွေ (နိုင်ငံတကာအဖွဲ့တွေ) အပေါ်မှာ လွယ်လွယ်ကူကူလိုက်လျောပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” မြတန်ဆောင်းဆရာတော်က မိန့်သည်။
ဒုက္ခသည်စခန်းတွင် ခိုလှုံသူတချို့ နေရပ်ပြန်ကြသော်လည်း ရခိုင်အခြေစိုက်လူမှုအဖွဲ့စည်းများ၏ စာရင်းများအရ လူတစ်သိန်းကျော်ခန့် နေရပ်မပြန်နိုင်ကြသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)