သတင်း

ခြေဥဖျက်သိမ်းရေးဆန္ဒပြ၊ တစ်ဦးအဖမ်းခံရ

ရန်ကုန် – ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ယနေ့မနက်က ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်သူများ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကာ ဆန္ဒပြသူတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရသည်။

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) ဟုခေါ်သော အဖွဲ့မှ လူ ၂၀ ခန့် ကလူဦးရေ သန်းကျော်ကိုလိမ်လည်ထားသော ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးနှင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၀ ကို ဖောက်ဖျက်သောပြည်ထဲရေးဝန်ကြီးဌာန အလိုမရှိဟူသော ခေါင်းစဉ်ပါ ဗီနိုင်းကို ကိုင်ဆောင်ကာ ရန်ကင်း မြို့နယ် တရားရုံးရှေ့တွင် ယနေ့မနက် ၁၀ နာရီခွဲခန့်က ဆန္ဒထုတ်ဖော်ခဲ့သည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ သန်းသာရှိသည်ဟု ထုတ်ပြန်ထားသော်လည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုထုတ်ပြန်စဉ်က မြန်မာနိုင်ငံ၏ လူဦးရေ ၅၇ သန်းကျော်ဟု ထိုစဉ်က တရားသူကြီးချုပ် ဦးအောင်တိုးက ထုတ်ပြန်ခဲ့သည့်အတွက် လူဦးရေ ခြောက်သန်း စာရင်းလိမ်လည်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၅၀ တွင် “ဖမ်းဆီးရမိသူသည် ထွက်မပြေးနိုင်စေရန် လိုအပ်သည်ထက်ပို၍ တားဆီး ကန့်ကွက်မထားရ” ဟု ဖော်ပြထားသည်။ ယခု ဗီနိုင်းပါ “ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၀ ကိုဖောက်ဖျက်သော ပြည်ထဲရေးဝန်ကြီးဌာန” ဆိုသော စာသား၏အဓိပ္ပာယ်ကို မေးမြန်းသည့်အခါ ကိုထင်ကျော် အပါအဝင် MDCF အဖွဲ့ဝင် နောက်ထပ်နှစ်ဦး အဖမ်းခံထားရသည့်အပေါ် ဆန္ဒပြခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်သဖြင့်ဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ ခန့်ကလာရောက်ထိန်းသိမ်းခဲ့သည်။

ပြည်ထဲရေးကျော်ဆွေ အလိုမရှိဆိုသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်နေစဉ် ရဲတပ်ဖွဲ့က ဝင်ရောက် လူစုခွဲကာ ဦးဆောင်ဆန္ဒပြသူ ကိုကျော်ဇင်လတ်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ကမူ တရားစွဲမည် မစွဲမည်မပြောဘဲ ညှိနှိုင်းမည်ဟုဆိုကာ အချုပ်ကားဖြင့် ခေါ်ယူသွားခဲ့သည်။

စစ်ထောက်ခံပွဲကျတော့ သူတို့က(ရဲတပ်ဖွဲ့) ရေဘူးပေးရတာနဲ့ မုန့်ကျွေးရတာနဲ့ ဒီလိုပြည်သူတွေပြတော့ ဖမ်းတယ်ဟု ဆန္ဒလာရောက်ထုတ်ဖော်သူ MDCF အဖွဲ့ဝင် ဒေါ်ချို က ပြောသည်။

ယနေ့သည် MCDF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ရုံးထုတ်လည်းဖြစ်သည်။ ကိုထင်ကျော်သည် ခရိုနီ စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အစိုးရက အကာအကွယ်ပေးနေသည်ဟု ရန်ကင်းမြို့နယ် တရားရုံးရှေ့၌ ပြောခဲ့သဖြင့် ‘အစိုးရအကြည်ညိုပျက်စေမှု’ ဟု လူသိများသော ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် ပြီးခဲ့သည့် နှစ် ဩဂုတ်လတွင် ဖမ်းဆီးတရားစွဲဆို ခံခဲ့ရခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ခြင်းများကြောင့် အကြိမ်ကြိမ် ဖမ်းဆီးတရားစွဲဆိုထောင်ချခံရလေ့ရှိသူ ၎င်းသည် ယခု အမှုတွင် အာမခံမရဘဲ အချုပ်ဖြင့် တရားရင်ဆိုင်နေရသည်မှာ ယနေ့နှင့်ဆိုလျှင် ရုံးချိန်း ၁၃ ချိန်း ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်ကြီးများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) တို့က အမြန်ဆုံးလာရောက်ဖမ်းဆီးရန်နှင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀ ကိုကျူးလွန်သည့် ကျောက်တံတားမြို့နယ် တရားသူကြီးနှင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး တို့ကို ရှုတ်ချကြောင်း စာသားများဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ဆန္ဒထုတ်ဖော်ခဲ့သည့် MCDF အဖွဲ့ဝင်နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

Show More

Related Articles

Back to top button