သတင်း

ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ မြန်မာတိုင်း(မ်) သတင်းစာတိုက်ပိုင်ရှင် ကွယ်လွန်

မြန်မာနိုင်ငံမှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် မြန်မာတိုင်း(မ်) သတင်းစာတိုက်ပိုင်ရှင် အသက် ၈၅ နှစ်အရွယ် ဦးသိန်းထွန်း ယနေ့ (ဧပြီ ၁၈) ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။​

အသက် ၈၅ နှစ်အရွယ် ဦးသိန်းထွန်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးရုံတင်ထားရာမှ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မြန်မာတိုင်း(မ်) သတင်းစာကို ပိုင်ဆိုင်သည့် Myanmar Consolidated Media (MCM) ကုမ္ပဏီမှ ဝန်ထမ်းအကြီးအကဲတစ်ဦးက အတည်ပြုသော်လည်း အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

“ရောဂါက အစုံပဲ။ အဓိကတော့ လူကြီးရောဂါပေါ့။ ပြည်တွင်းက ဆေးရုံတစ်ခုမှာ ခွဲစိတ်မှုတစ်ခု အရင်လုပ်တယ်။ အဲဒီကနေ ဘန်ကောက်ကို ပြောင်းလိုက်တာ။ ဒီမနက်သတင်းကြားတော့ ဘန်ကောက်မှာရှိတဲ့ သူ့သမီးတစ်ယောက်ကို လှမ်းမေးလိုက်တော့ ဟုတ်တဲ့အကြောင်း အတည်ပြုတယ်” ဟု အထက်ပါ ဝန်ထမ်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ရပ်နားထားခဲ့သော မြန်မာတိုင်း (မ်) သတင်းစာကို ယခုနှစ် ဧပြီလတွင် ပြန်လည်ထုတ်ဝေရန် စိုင်းပြင်းနေစဉ် ကုမ္ပဏီပိုင်ရှင် ဦးသိန်းထွန်း နာမကျန်းဖြစ်သောကြောင့် နှောင့်နှေးခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အယ်ဒီတာနှင့် သတင်းထောက်အများအပြား နုတ်ထွက်ပြီးနောက် မြန်မာတိုင်း(မ်) သတင်းစာကို ရပ်နားခဲ့ခြင်းဖြစ်ကာ ထိုမတိုင်မီကလည်း လုပ်ခလစာအခြေအနေကြောင့် MCM ကုမ္ပဏီဝန်ထမ်းများ အစုလိုက်နုတ်ထွက်ဖူးသည်။ 

ဝါရင့်အဖျော်ယမကာလုပ်ငန်းရှင်ဖြစ်သော ဦးသိန်းထွန်းက အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသော မြန်မာတိုင်း(မ်) သတင်းစာတိုက်ကို ၂၀၁၄ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ စွယ်စုံမီဒီယာဂရုပိုင်ရှင် ဒေါက်တာတင်ထွန်းဦးနှင့် သတင်းစာတည်ထောင်သူတစ်ဦးဖြစ်သော ဩစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေတို့ပိုင်ဆိုင်သည့် ရှယ်ယာများအားလုံးကို ဝယ်ယူပြီးနောက် ဦးသိန်းထွန်းက တစ်ဦးတည်းပိုင်ရှင်ဖြစ်လာခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာတိုင်း(မ်) သတင်းစာတိုက်ကို ဝယ်ယူစဉ် ဦးသိန်းထွန်းကို ဩစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေ၊ ဒေါက်တာတင်ထွန်းဦးတို့နှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ – Supplied)

မြန်မာတိုင်း(မ်)ကို ဝယ်ယူခြင်းမှာ မိုက်မဲမှုတစ်ခုဖြစ်ကြောင်း ဦးသိန်းထွန်းက ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာကျော် Forbes မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုသည်။

ကြော်ငြာဝင်ငွေနှင့် စောင်ရေကျဆင်းလာခြင်းကြောင့် ဝင်ငွေသိသိသာသာ ကျဆင်းလာသည့် မြန်မာတိုင်း(မ်) သတင်းစာတိုက်လည်ပတ်ရေးနှင့် ပတ်သက်၍ အချိန်များစွာပေးရကြောင်း ဦးသိန်းထွန်းက ထိုအင်တာဗျူးတွင် ထည့်သွင်းပြောဆိုသည်။

မြန်မာတိုင်း(မ်) ပူးတွဲတည်ထောင်သူ ရော့စ်ဒန်ကလေမရှိတော့သည့်နောက်ပိုင်း ဦးသိန်းထွန်းလက်ထက်တွင် ရိုဟင်ဂျာအရေးအခင်းနှင့် ပတ်သက်၍ သတင်းရေးသားမှုပိုင်း အငြင်းပွားမှုများဖြစ်လာပြီးနောက် အနောက်နိုင်ငံသား အယ်ဒီတာအများစု နုတ်ထွက်သွားခဲ့သည်။ ၎င်းတို့နေရာတွင် စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံသားများဖြင့် အစားထိုးကာ လုပ်ငန်းလည်ပတ်ခဲ့သည်။

ဦးသိန်းထွန်းသည် နှစ်စဉ် ထွန်းဖောင်ဒေးရှင်းစာပေဆုချီးမြှင့်ခြင်းအစီအစဉ်အပြင် မြန်မာတိုင်း (မ်) ကို ပိုင်ဆိုင်ပြီးနောက် မြန်မာ့စွယ်စုံကျမ်း ပြန်လည်ပြင်ဆင်ထုတ်ဝေရေးကိုလည်း စာပေဗိမာန်နှင့် ပူးပေါင်း၍ လုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံမှ အထင်ကရထိပ်သီးစီးပွားရေးလုပ်ငန်းရှင် အများစုမှာ စစ်ဗိုလ်ချုပ်များအဆက်အသွယ်နှင့် ကြွယ်ဝချမ်းသာလာခြင်းဖြစ်သော်လည်း ၎င်းမှာ ထိုသို့မဟုတ်ကြောင်း ဦးသိန်းထွန်းက Forbes မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောဆိုသည်။

“ကျွန်တော်က အဲဒီအမျိုးအစားထဲမှာ မပါဘူး။ နောက်ပြီး ခရိုနီလည်း မဟုတ်ဘူး” 

အာဏာပိုင်များနှင့် လာဘ်ပေးလာဘ်ယူမှုမရှိကြောင်း၊ အပေးအယူအလေ့အထရှိသည်ကို အသိအမှတ်ပြုသော်လည်း ကြီးကြီးမားမားမဟုတ်ကြောင်းလည်း ဦးသိန်းထွန်းက ငြင်းဆိုပြီး ၎င်းအနေဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု စာရင်းတွင် မပါဝင်ဖူးကြောင်း ဆိုသည်။

ခေတ်အဆက်ဆက်တွင် စစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးကျွမ်းဝင်သည်ဆိုသော စွပ်စွဲပြောဆိုချက်များကို ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက စီးပွားရေးလောကတွင် ကျင်လည်ခဲ့သူ ဦးသိန်းထွန်းက သတင်းမီဒီယာများနှင့် တွေ့ဆုံတိုင်း ငြင်းဆန်လေ့ရှိသော်လည်း ဦးသိန်းစိန်လက်ထက်တွင် သမ္မတရုံးဝန်ကြီးဖြစ်ခဲ့သူ ဦးစိုးသိန်း၏ စာအုပ်ကို အကုန်အကျခံထုတ်ဝေပေးဖူးသည်။

ဦးစိုးသိန်းကိုယ်တိုင်ရေးသားသည့် ‘ဒီမိုကရေစီနိုင်ငံသစ်နှင့် သမ္မတဦးသိန်းစိန်’ အမည်ရ စာအုပ်ဖြန့်ချိပွဲကို ၂၀၁၈ ခုနှစ်အတွင်းက ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးတစ်ခုတွင် ပြုလုပ်ခဲ့ရာ ဦးသိန်းထွန်းကိုယ်တိုင် တက်ရောက်အားပေးခဲ့သည်။​

အာဏာသိမ်းပြီးနောက် တိတ်တဆိတ်ထွက်ရှိလာသည့် ဦးစိုးသိန်း၏ စာအုပ်ဒုတိယတွဲတွင် တတိယအကြိမ်လွှတ်တော်ခေါ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အစိုးရဖွဲ့မည့်အရေးအတွက် အိမ်မပျော်အောင်ဖြစ်ခဲ့ရပြီး စစ်တပ်က အာဏာသိမ်းစေချင်သည့်အကြောင်း ဖွင့်ဟရေးသားထားသည်ဟု ဧရာဝတီသတင်းဌာနက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရေးသားသည်။​

၁၉၆၁ ခုနှစ်တွင် စီးပွားရေးလောကကို စတင်ဝင်ရောက်ခဲ့ကြောင်း၊။ ၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ နာမည်ကျော် ပက်စီအချိုရည်၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံမှ ပက်စီထွက်ခွာပြီးနောက် ၎င်းကိုယ်ပိုင် အချိုရည်နှင့် အဖျော်ယမကာလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးသိန်းထွန်းက ၂၀၁၃ ခုနှစ်အတွင်း မြန်မာတိုင်း(မ်) သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောဆိုဖူးသည်။

မြန်မာတိုင်း(မ်) သတင်းစာတိုက်ကို မဝယ်ယူမီ တစ်နှစ်က ပြုလုပ်သော ထိုအင်တာဗျူးတွင် ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌက နှစ်စဉ် ကျပ်သန်း ၁၀၀၀ ခန့်ကို လူမှုရေးလုပ်ငန်းများအတွက် အသုံးပြုသည်ဟုလည်း ထုတ်ဖော်ပြောဆိုသည်။​

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ဇာတိဖြစ်သော ဦးသိန်းထွန်းမှာ အဖျော်ယမကာလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် ဟိုတယ်၊ အိမ်ခြံမြေ၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျိုးစုံ လုပ်ကိုင်နေသူဖြစ်သည်။ 

လုပ်ငန်းပေါင်း ၁၇ ခု ပိုင်ဆိုင်သူ ဦးသိန်းထွန်းသည် ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အတွင်း နှစ်စဉ်အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄ သန်းအထိရှိကြောင်း Forbes မဂ္ဂဇင်းက ရေးသားပြီး ၎င်းတွင် သန့်စင်ထွန်းနှင့် ဦးဦးထွန်းဆိုသူ သားနှစ်ဦးအပြင် မာမာထွန်းဆိုသူ သမီးတစ်ဦးလည်းရှိသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button