သတင်း

မြန်မာတိုင်း(မ်)က အလုပ်နားခံရသည့်ဝန်ထမ်းများကို ကျပ်သိန်း ၁,၀၀၀ကျော်လျော်ကြေးပေး

မြန်မာတိုင်း(မ်)သတင်းဌာနက အလုပ်နားလိုက်သည့် အယ်ဒီတာနှင့် သတင်းထောက်များအပါအဝင် ဝန်ထမ်းစုစုပေါင်း ၄၅ ယောက်ကို ငွေကျပ်သိန်းတစ်ထောင်ကျော် လျော်ကြေးပေးလိုက်သည်။

မြန်မာတိုင်းမ်သတင်းဌာနမှ တာဝန်ရှိသူများနှင့် အလုပ်ရပ်နားခံခဲ့ရသည့် ရုံးဝန်ထမ်းများမှာ ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့တွေ့ဆုံညှိနှိုင်းခဲ့ပြီး ယင်းသို့လျော်ကြေးပေးလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပြေပြေလည်လည် အကုန်ဖြေရှင်းပြီးပါပြီဗျာ။ အဲဒါပဲ ပြောလို့ရပါတယ်”ဟု မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာ၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် ဦးဝေလင်းက ပြောသည်။

ဧပြီ ၂၂ က မြန်မာတိုင်းသတင်းဌာနသည် အယ်ဒီတာ၊ သတင်းထောက်များနှင့် ဝန်ထမ်း ၈၆ ယောက်ကို မေလ အတွက် ၅၀ ရာခိုင်နှုန်းပေးပြီး ဇွန်လမှစ၍ လစာမဲ့ခွင့်ယူရန်၊ လုပ်ငန်းအခြေအနေပေါ်မူတည်၍ ပြန်ခေါ်နိုင်ပါကပြန်ခေါ်မည်ဟု ရုံးတွင်းစာထုတ်ပြန်ခဲ့သည်။

ယင်းသို့ နှစ်လကြာရပ်ဆိုင်းခံရမှုအပေါ် ဝန်ထမ်းများကတိုင်ကြားခဲ့သဖြင့် အလုပ်ရှင်၊ အလုပ်သမားနှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တာဝန်ရှိသူများအကြား ၄ ကြိမ် ညှိနှိုင်းခဲ့ရကြောင်း အလုပ်ရပ်နားခံရသူ မြန်မာတိုင်း(မ်)လက်ထောက်အယ်ဒီတာ ကိုဉာဏ်လင်းအောင်က ပြောသည်။

အဆိုပါတိုင်ကြားချက်ကြောင့် အလုပ်ရပ်ဆိုင်းခံရသည့် မြန်မာတိုင်း(မ်)ဝန်ထမ်းများနှင့် ကုမ္ပဏီ၏ HRမန်နေဂျာတို့ ဧပြီ ၂၆ တွင်ပထမဆုံးအကြိမ် ကျောက်တံတားမြို့နယ် အလုပ်သမားရုံး၌ ကြားနာစစ်ဆေးခဲ့ကြသည်။ ယင်းနောက် မေ ၄ တွင် အလုပ်ရပ်ဆိုင်းခံရသည့် ဝန်ထမ်းများ၊ ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးရာတွင် အလုပ်ပြန်လုပ်လိုသည့် ဝန်ထမ်းများရှိသလို နစ်နာကြေးယူမည့် ဝန်ထမ်းများလည်းရှိကြောင်း ဆွေးနွေးသဘောတူခဲ့ကြသည်။

ယင်းကြောင့် မေ ၇ တွင် မြန်မာတိုင်း(မ်)မှတာဝန်ရှိသူများ၊ ကျောက်တံတားမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အလုပ်ရပ်ဆိုင်ခံရသူများအကြား ဆက်လက်ဆွေးနွေးရာ၌ အလုပ်ဆက်လုပ်လိုသည့် ဝန်ထမ်းများအား ဇွန်လကုန်တွင် အလုပ်ပြန်ခန့်မခန့် ဆုံးဖြတ်မည်ဖြစ်ပြီး၊ ကုမ္ပဏီမှထွက်လိုသူများအား လျော်ကြေးပေးမည်ဖြစ်ကြောင်း အလုပ်ရှင်ဘက်မှသဘောတူခဲ့သည်။ယင်းအတွက် လျော်ကြေးယူမည့်သူများကို ယနေ့တွင်လျော်ကြေးပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း လျော်ကြေးရယူခဲ့သူများကဆိုသည်။

ဝန်ထမ်း ၄၅ ဦးအား ငွေကျပ် စုစုပေါင်း သိန်းတစ်ထောင်ကျော် လျော်ကြေး‌ပေး၍ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ပြီး အလုပ်ဆိုင်းငံ့ခံထားရသည့် ကျန်ဝန်ထမ်း ၄၁ ယောက်ကမူ ဇွန်လကုန်၌ ကုမ္ပဏီက ပြန်ခေါ်မည့်အချိန်ကို စောင့်ဆိုင်းမည်ဟု သဘောတူခဲ့ကြောင်း ကျောက်တံတားမြို့နယ် အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးရုံးမှ ဥက္ကဋ္ဌ ဦးထူးကျော်က အတည်ပြုပြောဆိုသည်။

လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်ကို အကြောင်းပြု၍ ဝန်ထမ်းများအား အလုပ်ထုတ်ခြင်းသည် တရားမျှတမှုမရှိကြောင်း အလုပ်ဆိုင်းငံ့ခံရသူ မြန်မာတိုင်း(မ်)သတင်းဌာနမှ လက်ထောက်အယ်ဒီတာ ကိုဉာဏ်လင်းအောင်က ဝေဖန်သည်။

သို့သော် ဦးဝေလင်းကမူ ယခုကဲ့သို့ အလုပ်ထုတ်ပယ်ခြင်းသည် စီးပွားရေးအကျပ်အတည်းကြောင့် ဟုတ် မဟုတ်ကို ဖြေကြားခဲ့ခြင်း မရှိပေ။

မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာတွင် အလုပ်လုပ်နေသူ ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိပြီး ၂၀၁၉ နိုဝင်ဘာက မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာမှ အယ်ဒီတာချုပ်အပါအဝင် အယ်ဒီတာအဖွဲ့ဝင် ၁၃ ဦးကို အလုပ် ရပ်နားခဲ့ဖူးသည်။

မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာသည် မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာ၊ အပတ်စဉ်ဂျာနယ်နှင့် အင်္ဂလိပ်ပိုင်းသတင်းစာတို့ကို ထုတ်ဝေလျက်ရှိပြီး သတင်းခန်းနှစ်ခု ဖွဲ့ထားခဲ့သည်။ ထို့နောက် ယခုနှစ်အစပိုင်းတွင် သတင်းခန်းများကို ပေါင်းစည်းလိုက်ပြီး သတင်းခန်းတစ်ခုတည်းဖြစ်သွားခဲ့သည်။

အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော မြန်မာတိုင်း(မ်)သတင်းဌာနကို ဩစတေးလျနိုင်ငံသား ရော့စ်ဒန်ကလေနှင့် လက်ရှိ Frontier Myanmar သတင်းဌာနတည်ထောင်သူ ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဦးဆန်နီဆွေသည် ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးချုပ်သိန်းဆွေ၏သားဖြစ်ပြီး ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့် အရေးယူခံရချိန်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။ ဗိုလ်မှူးချုပ်သိန်းဆွေကို ထောင်ဒဏ် နှစ် ၁၀၀ ကျော် နှင့် ဦးဆန်နီဆွေကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။ ဦးဆန်နီဆွေမှာ ၂၀၁၃ ခုနှစ်၊ ဖခင်ဖြစ်သူမှာ နောက်တစ်နှစ်တွင် ပြန်လွတ်လာခဲ့ကြသည်။

၂၀၁၃ ဖေဖော်ဝါရီလတွင်တော့ မြန်မာကွန်ဆိုလီဒိတ်တက်မီဒီယာကို ဦးသိန်းထွန်းက ဝယ်ယူခဲ့ပြီး မူလထုတ်ဝေနေသည့် အပတ်စဉ်ထုတ်များအပြင် မြန်မာတိုင်း(မ်)နေ့စဉ်သတင်းစာကို ၂၀၁၇ ဇန်နဝါရီ၌ စတင်ထုတ်ဝေခဲ့သည်။

ဦးသိန်းထွန်းမှာ ၁၉၉၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံတွင် ပက်ပ်စီအချိုရည်ကို တင်သွင်းဖြန့်ဖြူးခဲ့သူဖြစ်ပြီး ထွန်းကော်မာရှယ်ဘဏ် (ထွန်းဖောင်ဒေးရှင်းဘဏ်) တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ကာ ကုမ္ပဏီလုပ်ငန်းပေါင်းစုံ စုစည်းထားသည့် MGS ကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

Show More

Related Articles

Back to top button