သတင်း

သင်္ကြန်အတွင်း ကျွန်းလှမြို့နယ် ဝေလမူရွာကို စစ်တပ်က မီးထပ်ရှို့

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် သဖန်းဆိပ်ရေလှောင်တမံအနောက်ဘက်ရှိ ဝေလမူရွာကို သင်္ကြန်ကာလအတွင်း စစ်တပ်က မီးဝင်ရှို့ခဲ့ရာ အိမ်ခြေထက်ဝက်နီးပါး မီးလောင်နိုင်ကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။ 

ဝေလမူရွာနှင့် ကပ်လျက်ရှိ ကုန်းစည်းရွာတွင် အင်အား ၂၅၀ နီးပါးဖြင့် တပ်စွဲထားသည့် စစ်တပ်က ဧပြီ ၁၅ ရက် ညနေပိုင်းတွင် ဝင်ရောက်မီးရှို့ခြင်းဖြစ်ကာ နောက်တစ်နေ့ နံနက်ပိုင်းအထိ မီးလောင်နေကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းသည့် ဒေသခံများက ဆိုသည်။  

အိမ်ခြေ ၁၃၀ ကျော်ရှိ ဝေလမူရွာမှာ အိမ်ခြေထက်ဝက်နီးပါး မီးလောင်ကျွမ်းနိုင်ပြီး ရွာ၏ အရှေ့နှင့် တောင်ဘက်တွင် စစ်တပ်က ကင်းပုန်းချထားသည့်အတွက် ဒေသခံများ ရွာပြန်မဝင်နိုင်သေးဘဲ အတိအကျမသိရသေးကြောင်းလည်း သိရသည်။ 

“ခုချိန်ထိတော့ ရွာထဲ ဝင်မကြည့်ရသေးဘူး။ ခန့်မှန်းခြေတော့ အိမ်ခြေ ၇၀ လောက် ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဝေလမူရွာမှာ လူမရှိဘူးလေ။ လေယာဉ်နဲ့ အပစ်ခံရပြီးကတည်းက ရွာသားတွေအကုန်လုံး ထွက်ပြေးနေရတာ တစ်လနဲ့ ၁၅ ရက်ရှိသွားပြီ” ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။ 

ဝေလမူရွာကို မတ် ၁ ရက်တွင် စစ်တပ်က ရဟတ်ယာဉ်သုံးစီးဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်ပြင် နေအိမ်သုံးလုံး၊ ဆိုင်ကယ်အစီး ၈၀ ကျော်နှင့် ကားငါးစီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။  

စစ်ကောင်စီက လေကြောင်းဖြင့် အင်အားဖြည့်တင်းကာ ကုန်းစည်းရွာတွင် အင်အား ၂၀၀ ကျော်ဖြင့် တပ်စွဲနေသည်မှာ တစ်လကျော်ကြာရှိပြီဖြစ်ပြီး ဧပြီ ၁၅ ရက်တွင် ဝေလမူရွာကို ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ခြင်း ဖြစ်သည်။ 

“အိမ်ကြီးတွေပဲ ပါသွားတာ။ နှစ်ထပ်အိမ်ကြီးတွေ။ တက်ကြွလှုပ်ရှားသူတွေရဲ့ အိမ်တွေလည်းပါသလို အမျိုးသမီးကြီးတွေချည်းပဲ နေတဲ့အိမ်တွေလည်း ရှို့သွားတယ်။ စပါးတွေ၊ ဆန်တွေတော့ အကုန်လုံး ဖျက်ဆီးထားခဲ့တယ် ပြောတယ်” ဟု အထက်ပါ ရွာခံအမျိုးသားက ပြောသည်။ 

စစ်တပ်က လေကြောင်းမှ လာရောက်ပစ်ခတ်ပြီးချိန်မှစ၍ ဝေလမူရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် သက္ကယ်ကျင်းရွာ၊ ကုန်းစည်းရွာတို့မှ ဒေသခံတစ်ထောင်ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး တစ်လကျော်အကြာတွင် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ 

မတ်လ ၁ တွင် စစ်တပ်ဝင်ရောက်စဉ် ဖမ်းဆီးခံခဲ့ရသော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးမှာ ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီက မတ်လဆန်းပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ကာ စစ်ကိုင်းတိုင်းရှိ မြို့ရွာများကို ဆက်တိုက်ဝင်ရောက်စီးနင်းကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။ 

ဧပြီ ၁၃ ရက်နေ့အထိ တစ်နှစ်ကျော်အတွင် စစ်တပ်က မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၉၀၀၀ ကျော် ပျက်စီးခဲ့ရာ ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း စစ်ကောင်စီလက်ချက်ဖြင့် ထိခိုက်ပျက်စီးမှုများကို စာရင်းပြုစုနေသော Data for Myanmar အဖွဲ့က ဧပြီ ၁၄ တွင် ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button