သတင်း

မြေပုံမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ် အပြန်အလှန်ပစ်ခတ်

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်တွင် ယနေ့ (ဧပြီ ၁၃) မွန်းလွဲပိုင်းက ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ် ထိတွေ့မှုဖြစ်ကာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ဒေသခံနှင့် လွှတ်တော်အမတ်ဟောင်းတစ်ဦးထံမှ သိရသည်။ 

မြေပုံမြို့နယ် ဝက်ခေါင်းစံပြကျေးရွာအနီး နှစ်ရက်ကြာ တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းနှင့် AA တပ်ဖွဲ့ဝင်များ မြေပုံ-မင်းပြားကားလမ်းနှင့် နှစ်ဖာလုံခန့်အကွာတွင် ထိတွေ့မှုဖြစ်ခဲ့သည်ဟု လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ယနေ့ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

“ထိတွေ့တိုက်ပွဲ ၅ မိနစ်ဖြစ်တယ်။ ၅ မိနစ်ဖြစ်တယ်ဆိုလည်း အနီးကပ်ဖြစ်ပုံမရပါဘူး။ ဘယ်ဘက်က စပစ်တယ်ဆိုတာကိုတော့ မသိရပါဘူး။ လက်နက်ကြီးသံ ငါးချက်၊ ခြောက်ချက်နဲ့ လက်နက်ငယ်သံ အချက် ၁၀ ကျော် ၂၀ လောက် ကြားလိုက်ရတယ်လို့ ရွာသားတွေက ပြောပါတယ်” ဟု ၎င်းက ဆိုသည်။ 

စစ်ကောင်စီတပ်နှင့် AA တို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြောင်း ဝက်ခေါင်းကျေးရွာသားတစ်ဦးကလည်း ပြောသည်။

ဝက်ခေါင်းကျေးရွာတောင်ဘက် သုံးဖာလုံခန့်အကွာရှိ မိဘမေတ္တာအမည်ရ ကိုယ်ထူကိုယ်ထဆေးရုံဟောင်းတစ်ခုတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု လာရောက်တပ်စွဲနေသည်မှာ နှစ်ရက်ခန့်ရှိပြီဟု သိရသည်။ 

“အဲဒီစစ်ကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ AA က (အရင်ရက်က) သွားပြီးတော့ မင်းတို့ ဒီမှာမနေနဲ့လို့ သွားနှင်တယ်။ ဒီမှာ လူငယ်ကာလသားတွေ သင်္ကြန်ကျရင် မင်းတို့နဲ့ ပြဿနာဖြစ်ရင် မကောင်းဆိုပြီး သွားပြောကြတယ်” ဟု ထိုဝက်ခေါင်းကျေးရွာသားက ဆိုသည်။

“သူတို့ (စစ်တပ်) ကလည်း အထက်ကို တင်ပြတယ် ထင်တယ်။ တင်ပြပြီးတော့ အဲဒီဆေးရုံရဲ့ အနောက်ဘက်မှာ တောင်ရှိတယ်။ အဲဒီတောင်ကို သွားကြတယ်။ သွားတဲ့အချိန်မှာ AA ကလည်း အဲဒီတောင်ကို အတက်မပေးဘူး”

တောင်ကုန်းပေါ်သို့ တက်ရန်အလာ တောင်ခြေရင်းနားအရောက်တွင် စစ်ကောင်စီတပ်က လက်နက်ငယ်နှင့် စတင်ပစ်ခတ်ခဲ့ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း ဝက်ခေါင်းကျေးရွာသားက ပြောသည်။

ဝက်ခေါင်းကျေးရွာသည့် မြေပုံမြို့မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၈၀၀ ဝန်းကျင်ခန့်ရှိသည်။

စစ်ကောင်စီနှင့် AA ကြား တိုက်ပွဲဆက်ဖြစ်နိုင်သောကြောင့် ဝက်ခေါင်းရွာနှင့် အနီးဝန်းကျင်ကျေးရွာတချို့မှ အမျိုးသမီးများနှင့် ကလေးငယ်များမှာ မြေပုံနှင့် မင်းပြားမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟုလည်း သိရသည်။​

“ရွာက မိန်းမတွေ ကလေးတွေ အထုပ်တွေဆွဲပြီး မြေပုံဘက်ကို သွားနေကြပါတယ်။ မနေရဲကြလို့ မင်းပြားဘက်ကို အထုပ်တွေ၊ သေတ္တာတွေဆွဲပြီးတော့ သွားနေကြတာ တွေ့ပါတယ်။ အရင်က ဒီအနီးအနားမှာ တိုက်ပွဲဖြစ်တာမရှိတော့ လက်နက်ကြီးအသံကြားတာနဲ့ မိန်းမတွေက မနေရဲကြဘူး။ တိုက်ပွဲက ရှေ့ဆက်ဖြစ်မဲ့ အရိပ်အယောင်မြင်နေရတာကိုး” ဟု အထက်ပါ ဝက်ခေါင်းကျေးရွာသားက ဆိုသည်။

ယနေ့ အပြန်အလှန်ပစ်ခတ်မှုနှင့် ပတ်သက်၍ AA နှင့် စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသည့်ပြင် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။​

ယခုနှစ်ဆန်းပိုင်းမှစ၍ ကြိုးကြားကြိုးကြားထိတွေ့မှုများ ရှိနေပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်တွင် စစ်အင်အားတိုးချမှု ပြုလုပ်နေသည့်နည်းတူ တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်ရေး အသင့်ရှိရန်လည်း AA စစ်ဦးစီးချုပ်က ဧပြီ ၁၀ ရက်က ပြုလုပ်သော AA တည်ထောင်ခြင်း ၁၃ နှစ်ပြည့်အခမ်းအနားတွင် ပြောဆိုထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button