သတင်း

စစ်ကောင်စီက အင်အားတိုးချ၊ တိုက်ပွဲဝင်ရေး အသင့်ရှိရန် AA ခေါင်းဆောင် သတိပေး

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက အင်အားတိုးချကာ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်နည်းတူ တိုက်ပွဲဝင်နိုင်ရေး အသင့်ရှိရန် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ်က ၎င်း၏ တပ်ဖွဲ့ဝင်များကို သတိပေးလိုက်သည်။

ကချင်လွတ်လွတ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့တော်တွင် ဧပြီ ၁၀ ရက်က ကျင်းပပြုလုပ်သော AA ထူထောင်ခြင်း ၁၃ နှစ်ပြည့်အခမ်းအနားတွင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အထက်ပါအတိုင်း သတိပေးပြောဆိုခြင်းဖြစ်သည်။ 

“ရဲဘော်တို့ စစ်ရေးသတိကို မည်သည့်အခါမှ မပေါ့ဆကြနဲ့။ ဗဟိုက အမိန့်ပေးလာတာနဲ့ တိုက်ပွဲဝင်နိုင်ဖို့ အဆင်သင့်ရှိနေကြပါ” 

အာဏာမသိမ်းမီက ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်တပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဆင်နွှဲခဲ့သော AA ကို ၂၀၀၉ ခုနှစ် ဧပြီလတွင် တပ်ဖွဲ့ဝင် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။​

လူ ၂၆ ယောက်၊ သေနတ်တစ်လက်ဖြင့် စတင်ထူထောင်ခဲ့သော AA မှာ လက်ရှိတွင် တပ်ဖွဲ့ဝင်အင်အား ရှစ်သောင်းခန့်ရှိပြီဖြစ်ကြောင်း ၎င်းနှင့် မဟာမိတ်ဖြစ်သော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနား တက်ရောက်စဉ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသည်။​

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင်လည်း AA ထူထောင်ခြင်း ၁၃ နှစ်ပြည့်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရပြီး ပြီးခဲ့သည့်လများအတွင်း စစ်ကောင်စီနှင့် AA ကြား စစ်ရေးအရ ထိတွေ့တိုက်ပွဲများ ရှိခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် စောင့်ကြည့်နေချိန်လည်းဖြစ်သည်။​

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် တောင်ပိုင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများ တွေ့လာရကြောင်း ဒေသခံများထံမှ သိရသည်။​

မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက နတ်မြစ်ဘက်မှ ပြုံးမချောင်းအတိုင်း စစ်ရေယာဉ်ဖြင့် လှည့်လည်ကာ အင်အားတိုးချနေကြောင်း ဘူးသီးတောင်မြို့နယ်မှ ဒေသခံ ကျေးရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။​

“သူတို့ (စစ်တပ်) လှုပ်ရှားမှုက အရင်နဲ့ အခု မတူဘူး၊ ကွာတယ်။ ကွာတယ်ဆိုတာက မနေ့က တစ်နေ့တည်း ၃၀ တက်လိုက်၊ ၄၀ တက်လိုက်၊ ၅၀ တက်လိုက် အဲဒီလို အသုတ်လိုက်ဝင်လာတာတွေကို သာယာကုန်း၊ သင်္ဘောလကျေးရွာတွေမှာ တွေ့ရတယ်” ဟု အမည်မဖော်လိုသူ ထိုကျေးရွာသားက ပြောသည်။

တပ်ဖွဲ့ဝင်များ အဆင်သင့်ရှိရန် AA စစ်ဦးစီးချုပ်က ထုတ်ဖော်ပြောဆိုသည့်နည်းတူ စစ်ကောင်စီဘက်မှ ရှေ့ဆက်တိုးလာပါက တိုက်ပွဲဖြစ်နိုင်ခြေရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ဘူးသီးတောင်နှင့် ဆက်လျက်ရှိ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ သာယာကုန်းကျေးရွာမှာ ထိုစဉ်က တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နှစ်မိုင်ခန့်သာဝေးပြီး သင်္ဘောလကျေးရွာမှာ မိုင်ဝက်ခန့်သာ ဝေးသည်ဟု သိရသည်။ 

အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင် ၎င်း၏အာဏာစက်တည်ထောင်ရန် AA က ကြိုးပမ်းခဲ့ရာ လတ်တလောတွင် စစ်ကောင်စီက ဟန့်တားနှောက်ယှက်မှုများ ပြုလုပ်လာသည်။ 

ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ လုပ်ဆောင်နေသော တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးပိုင်းကို စစ်ကောင်စီဘက်က အနှောင့်အယှက်ပေးနေကြောင်း ယခုလဆန်းပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ထုတ်ဖော်ပြောဆိုသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်တို့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ တရားရေးဌာနကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး ULA ၏ နယ်မြေခံတရားရုံးတစ်ချို့ကို ပိတ်ထားခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ULA တရားရေးဌာနမှာ အမှုတိုင်ထားတဲ့ အမှုသည်များကို ခေါ်ယူပြီး သူတို့ (စစ်တပ်) တရားရုံးမှာ တိုင်ရမယ်။ ULA တရားရုံးမှာ တိုင်ရင် ဥပဒေအရ ရေးယူမယ်ဆိုပြီးတော့ ပြည်သူများကို ခြိမ်းခြောက်နေတာ တွေရှိနေပါတယ်” ဟု ခိုင်သုခက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အမှုအခင်းများ ပေါ်ပေါက်ပါက AA ထံ မတိုင်ကြားဘဲ ၎င်းတို့ကိုသာ တိုင်ကြားရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ခေါ်ယူသတိပေးမှုများရှိနေသည်ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။​

“မြို့နယ်ထွေအုပ်က သူတို့ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို AA ဆီမှာ မတိုင်ကြနဲ့၊ သူတို့က အစိုးရမဟုတ်ဘူး။ ငါတို့က အစိုးရ အဲဒီလိုမျိုး။ စစ်တပ်ကတော့ ရသေ့တောင်တောင်ပိုင်းဘက်တွေမှာ အင်အား ၇၀၊ ၁၀၀ ဝန်းကျင်အထိ စစ်ရေးလှုပ်ရှားတာတွေရှိတယ်” ဟု ထိုဒေသခံက ဆက်ပြောသည်။

ထို့ပြင် စစ်တွေမြို့နယ် အောင်တိုင်ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ(မွတ်စလင်) ရာအိမ်မှူးအချို့ကို AA နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် စစ်ကောင်စီက ဧပြီ ၉ ရက်တွင် ဖမ်းဆီးသွားသည်ဟု ဒေသခံသတင်းဌာနအချို့က ရေးသားသည်။

ထိုသို့ တင်းမာနေမှုများကြောင့် ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ဒေသခံများ ယူဆနေသည်။​

”AA က လူတွေ သတိပေးတာရှိတယ်။ ဆယ်တန်းစာမေးပွဲပြီးလို့ သင်္ကြန်လွန်ရင် တိုက်ပွဲဖြစ်ဖို့ဘက်များတယ်။ ပြည်သူတွေရဲ့ စားဝတ်နေ‌‌‌ရေးအတွက် ဆန်တွေ၊ မီးသွေးတွေ ကြိုပြင်ထားကြဆိုပြီး ပြောတာရှိတယ်” ဟု ဘူးသီးတောင်မြို့နယ်မှ အခြားဒေသခံ အမျိုးသားတစ်ဦးက ပြီးခဲ့သည့်လအတွင်း ပြောသည်။ 

စစ်ကောင်စီ၏ လှုပ်ရှားမှုများအပေါ် အထူးသတိထားစောင့်ကြည့်နေပြီး စစ်ရေးအရ ထိပ်တိုက်တွေ့လာနိုင်သည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button