ဆောင်းပါး

ကလေး ၃ နှစ်ပြည့်မွေးနေ့တွင် ဖမ်းဆီးခံရသည့် ရန်ကုန်မှ သားအမိ

ဧပြီ ၅ ရက်နေ့သည် မူကြိုကလေး မောင်သန့်ဘုန်းဝေယံ၏ မွေးနေ့ဖြစ်သောကြောင့် အလှူဒါနပြုရမည် မဝေ ဆုံးဖြတ်ခဲ့သည်။ သားကို တစ်ယောက်တည်း ကျွေးမွေးပြုစုရသည့် အသက် ၃၅ နှစ်အရွယ် တစ်ခုလပ်အမျိုးသမီးအတွက် ထိုနံနက်ခင်းက ကြည်နူးဖွယ်ပီတိ အတိဖြစ်ခဲ့လိမ့်မည်။ 

စစ်တပ်အာဏာသိမ်းမှုကို သူလည်း တစ်နိုင်ငံလုံးနီးပါးနှင့်အတူ ပါဝင်ဆန္ဒပြစဉ်က သားကလေးက ၂ နှစ်ပင် မပြည့်သေး။ ယခု ၃ နှစ်ပြည့်တွင်တော့ တိမ်းရှောင်နေရသည့်ကြားက တစ်ခုခုလုပ်ပေးရန် မဝေက ဆုံးဖြတ်ထားသည်ဟု သူနှင့် ဆွေမျိုးနီးစပ်တော်စပ်သော၊ လုံခြုံရေးအရ အမည်မဖော်လိုသော အမျိုးသားတစ်ဦးက ပြောသည်။

“အ​ဖေမရှိဘဲ မွေးလာခဲ့ရတဲ့ သား​လေး၊ ပထမဆုံးမူကြို​ကျောင်းတက်​နေရတဲ့ သား​လေးရဲ့ ပထမဆုံးအကြိမ်ကျင်းပ​ပေးရတဲ့​မွေး​နေ့၊ ဘယ်မိဘက ဂရုမစိုက်ဘဲ နေမလဲ” ဟု ထိုအမျိုးသားက ပြောသည်။  

ဧပြီ ၅ ရက်နေ့သည် သူ့အတွက်ရော သူ့သားလေးအတွက်ပါ ဒုက္ခဆိုးနှင့် ကြုံတွေ့ရမည့်နေ့ဖြစ်လာတော့သည်။

ထိုနံနက်တွင် မဝေက မူကြိုကျောင်းကို ကြက်ဆီထမင်းထုပ်များ လှူခဲ့သည်။ ၁၁ နာရီဝန်းကျင်တွင် မဝေထံမှ သူ့နောက် စစ်ကောင်စီတပ် လိုက်နေသည့်အကြောင်း၊ ပစ်ခတ်နေသည့်အကြောင်း ကြားရပြီးနောက် မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်မရတော့ပေ။ ဖမ်းဆီးခံရသည်မှလွဲ၍ တခြားမရှိဟု မိသားစုက မှတ်ယူလိုက်ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်သည် လူတစ်ယောက်ကို ဖမ်းပြီးလျှင် မိသားစုဝင်များကိုပါ ရှာဖွေ ဖမ်းဆီးတတ်၍ မဝေ၏ အသက် ၇၀ ကျော် မိဘများနှင့် ၃၀ အရွယ် မောင်ဖြစ်သူတို့သည် သိသိချင်း နေအိမ်စွန့်ခွာ ပြေးရသည်။ 

မောင်သန့်ဘုန်းဝေယံမှာ ငယ်ရွယ်လွန်းခြင်း၊ မူကြိုကျောင်းတွင် ရှိနေခြင်းအတွက် သူတို့ထက် ပိုမိုလုံခြုံသည့်အနေအထားတွင် ရှိခဲ့သည်။ 

သို့သော်လည်း ယခုမှ ၃ နှစ်ပြည့်သော၊ စကားပင် ပီပီသသမပြောတတ်သေးသော မောင်သန့်ဘုန်းဝေယံသည်လည်း လူကြီးများနည်းတူ အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို မည်သူမျှ မတွေးမိခဲ့ပါ။  

နံနက် ၁၁ နာရီဝန်းကျင် အင်းစိန်၊ မဟာသုခိတာလမ်းတွင် မဝေမျက်နှာကို အဝတ်အုပ်၍ ဖမ်းဆီးပြီးနောက် စစ်တပ်က နေ့လယ်ခင်းတွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက် Best Choice မူကြိုကျောင်းဆရာမများ၊ သူငယ်ချင်းများနှင့်အတူ ရှိနေသည့် မွေးနေ့ရှင် မောင်သန့်ဘုန်းဝေယံကို သွားရောက် ဖမ်းဆီးခဲ့သည်။ 

မိခင်ဖြစ်သူ ဖမ်းဆီးခံရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် မောင်သန့်ဘုန်းဝေယံကို စောင့်ရှောက်သည့် အဘိုးအဘွား၊ ဆွေမျိုးများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

မဝေသည် မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်ရုန်းကန်ခဲ့သူဖြစ်သည်ဟု မိသားစုနှင့် ဆွေမျိုးနီးစပ်တော်သူက ပြောသည်။ 

“သူ့မိသားစု​တွေဟာ အဓိကအားကိုးရာလည်း ဆုံးရှုံး၊ သူတို့အချစ်ဆုံးက​လေး​လေးလည်း ဆုံးရှုံး၊ သူတို့လည်း​ ပြေးလွှား​ရှောင်ရှား​နေရလို့ အလွန်အမင်း စိတ်ထိခိုက်တုန်လှုပ်​နေကြတယ်” ဟု သူက ပြောသည်။

“သူတို့လိုချင်တဲ့ မဝေ ရသွားပြီးပြီပဲ။ ကလေးကို ဖမ်းမိပြီးမှ မိခင်ကို ဖမ်းတာ ယုတ္တိရှိသေးတယ်”   

လူအများအပြားကို ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက် မေးမြန်းစုံစမ်းသည့်နည်းမှာ မြန်မာစစ်ထောက်လှမ်းရေးတို့ သတင်းထောက်လှမ်းသည့် အဓိကနည်းလမ်း ဖြစ်သည်။

၃ နှစ်သားကို တကူးတကဖမ်းခေါ်သွားခြင်းမှာ မိခင်ဖြစ်သူကို စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ကာ ဖိအားပေး သတင်းနှိုက်ထုတ်လိုခြင်းကြောင့် ဖြစ်ဖွယ်ရှိသည်ဟု မိတ်ဆွေများက ယူဆကြသည်။

မဝေ၏ မိသားစုဝင်များမှာ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ကြသူများ မဟုတ်ပါ။ ဖခင်ဖြစ်သူက မော်တော်ယာဉ်မောင်းသည့် အလုပ်လုပ်ကိုင်ခဲ့သည်။

မဝေသည် ၁၀ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူဘဝကတည်းက နှမ်းဖတ်ချဉ်ရောင်းသည့်နည်းနှင့် အိမ်အတွက် ဝင်ငွေကူရှာပြီး ကျောင်းတက်ရသည်ဟု သူ၏ ဆွေမျိုးတစ်ဦးက ပြောပြသည်။ 

နည်းပညာတက္ကသိုလ်မှ ဘွဲ့ရ၊ အိမ်ထောင်ကျပြီး ကိုယ်ဝန်အရင့်အမာကာလတွင် ခင်ပွန်းသည်က နောက်အိမ်ထောင်ပြုကာ ပိုင်ဆိုင်မှုများ ယူသွားသဖြင့် ကလေးမွေးချိန်တွင် လိုအပ်သည့် ကုန်ကျစရိတ်များအတွက် ငွေချေးခဲ့ရဖူးသည်ဟု သူက ဆက်ပြောသည်။ 

မောင်သန့်ဘုန်းဝေယံ ၅ လသားအရွယ်တွင် မဝေက ခေတ်စားနေသော အွန်လိုင်းမှ ပစ္စည်းအရောင်းအဝယ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သည်၊ ပထမဆုံးရရှိသည့် ကျပ် ၂၅၀၀၀ တန် ဈေးအမှာ ၃ ခုဖြင့် ဘဝကို ပြန်လည်ထူထောင်ခဲ့သူဖြစ်သည်ဟု ဆွေမျိုးနီးစပ်တော်သူက ပြောသည်။ 

“အလုပ်ဖြစ်လာချိန်ကစပြီး မိဘနှစ်ပါးနဲ့​ မောင်​လေးကို သူပဲ ရှာ​ကျွေးခဲ့တာ။ အိမ်​ထောင်ကျ​တော့လည်း သူ့​ယောက်ျားကို အိမ်မှာပဲ ထားပြီး သူပဲ လုပ်​ကျွေးတာ၊ ထူးချွန်ထက်မြက်ပြီး ရိုးသားသူတက်ကြွသူ၊ မဟုတ်မခံသူဖြစ်တယ်” ဟု သူက ပြောပြသည်။

နိုင်ငံရေးလှုပ်ရှားမှု၊ နှစ်သက်ရာ ပါတီအရေး တက်ကြွလှုပ်ရှားမှု မရှိခဲ့သော မဝေသည် စစ်ဗိုလ်ချုပ်ကြီးများ အာဏာသိမ်းမှုကိုတော့ ဆန့်ကျင်သည်။

“အရမ်းရိုးရှင်းတဲ့သူပါ။ အခုခေတ်မှ တော်လှန်ရေးထလုပ်တဲ့ လူငယ်တွေလိုပဲ နိုင်ငံရေးမပါဘူး၊ ပါတီစွဲမရှိဘူး။ ဘာကြောင့်လုပ်လဲ၊ မလိုချင်လို့ လုပ်တာပဲ” ဟု မဝေ၏ မိတ်ဆွေက ပြောသည်။ 

ဖမ်းဆီးခံရပြီး ယနေ့ ၄ ရက်ကြာအထိ မဝေနှင့် သားကလေး မည်သည့်နေရာတွင် ရှိနေကြသည်ကို မိသားစု၊ မိတ်ဆွေများ မသိပါ။ စုံစမ်းဖို့အရေးပင် ခက်ခဲနေသည်။ 

“မိသားစုက လိုက်မယ်ဆိုလည်း မိသားစုကို ပြန်ဖမ်းမှာလားဆိုတာ ရှိသေးတယ်။ အသက်အရွယ်ကြီးမားတဲ့ အဘိုးကြီးတွေဆိုတော့ ပိုဆိုးသွားမှာ။ ကျဉ်းထဲကျပ်ထဲ ရောက်နေတာပေါ့ဗျာ” ဟု အထက်ပါ မိတ်ဆွေက ပြောသည်။ 

စိတ်ဓာတ်မာကျောသည့် အမျိုးသမီး ကြုံတွေ့နေရသည့်အခြေအနေကို မည်သူမျှ မသိနိုင်ချေ။ 

လများမကြာမီက ရိုက်ကူးထားသည်ဟု ယူဆရသည့် ဓာတ်ပုံတစ်ပုံကို Myanmar Now က ရရှိထားရာ ပုံထဲတွင် ကျန်းမာရေးကောင်းမွန်ပုံရသော သားအမိကို ပြုံးရွှင်စွာ တွေ့ရသည်။ 

စစ်ကောင်စီထုတ်ပြန်သော သတင်းများတွင် ထိုသားအမိကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး ဖော်ပြခြင်း မရှိသေးပေ။ ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုကလေးဖမ်းဆီးမှုသတင်းကို ပယ်ချထားသည်။

“အဓိပ္ပာယ်မရှိပါဘူးဗျာ၊။ လျှောက်ပြောနေတာ။ ဘယ်ကလေးကို ကျနော်တို့ ဖမ်းလို့တုန်း။ ဖမ်းဆီးမှုဖြစ်စဉ်လည်း မရှိဘူး” ဟု သူက ပြောဆိုကြောင်း ဝါရှင်တန်အခြေစိုက် RFA သတင်းဌာန၏ ဧပြီ ၇ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သို့သော်လည်း လိုအပ်ချက်အရ ကလေးတချို့ကို ဖမ်းခဲ့ဖူးသည်ဟု ထိုဗိုလ်ချုပ်က ဇန်နဝါရီတွင် ပြောထားဖူးသည်ဟု ဆိုသည်။  

စစ်ကောင်စီတပ်က ကလေးတချို့ကို ဖမ်းဆီးထားသော အချိန်တွင် အချို့သော ကလေးငယ်များမှာ လက်နက်ကြီးလက်နက်ငယ်နှင့် ပစ်ခတ်ခံရမှု၊ လေကြောင်းမှ ဗုံးကြဲမှုတို့ကြောင့် ထိခိုက်သေဆုံးနေကြရသည်။ 

မြန်မာနိုင်ငံဥပဒေ၊ နိုင်ငံတကာဥပဒေများတွင် ကလေးသူငယ်များကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ နောက်ဆုံး ကလေးများ၏ အနာဂတ်ဖျက်ဆီးမှုကို ကျူးလွန်လျှင်ပင် မည်သူမဆိုကို အရေးယူနိုင်ရန် အခိုင်အမာ အတိအလင်းပြဋ္ဌာန်းထားကြသည်။ သို့သော် အမိန့်ပေးသော ဗိုလ်ချုပ်ကြီးများနှင့် လက်တွေ့ကျူးလွန်သူ ၎င်း၏ တပ်မှာ ကင်းလွတ်နေသေးသည်။  

အရပ်ဘက်အဖွဲ့အစည်းများက သေဆုံးသူ၊ ဖမ်းဆီးခံရသူ၊ ထိခိုက်နစ်နာသူစာရင်းများ မှတ်တမ်းပြုစုနေရာ ထိုစာရင်းများမှာ အချိန်ကြာလေ တိုးပွားလာလေသာ ဖြစ်သည်။ 

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် သေဆုံးရသူများထဲတွင် ၁၈ နှစ်အောက် ၁၃၂ ဦး ရှိနေသည်၊ ၂၁၆ ဦး ဖမ်းဆီးခံထားရပြီး ထိုအထဲတွင် ၂ ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ဝေသော ဧပြီ ၈ ရက်နေ့မှတ်တမ်းအရ သိရသည်။

ထိုစာရင်းတွင် ချောက်မြို့နယ်၌ ကလေးသူငယ် ၂၀ ဦး ဖမ်းဆီးခြိမ်းခြောက်ခံရခြင်း၊ မတ် ၆ တွင် ပေါက်မြို့နယ်၌ ၄ နှစ်အရွယ် ကလေးငယ် လှံစွပ်ထိုးသတ်ခံရခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။ 

အဆိုပါ ဖြစ်ရပ်တိုင်းတွင် ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းစစ်ဆေးဖော်ထုတ်ကာ တရားစီရင်နိုင်ရေး အစွမ်းကုန်ကြိုးစားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စစ်ကောင်စီက ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆန္ဒပြသူများ၊ လက်နက်ကိုင်ခုခံသူများ၊ အဆိုပါ ခုခံသူတို့နှင့် ဆက်နွှယ်သည်ဟု ယူဆရသူများ၊ NUG နှင့် ပတ်သက်ပြီး အွန်လိုင်းလူမှုကွန်ရက်တွင် အကောင်းဘက်မှ ရေးသားသူ၊ မျှဝေသူများကို ပစ်မှတ်ထား ဖမ်းဆီးနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button