သတင်း

အင်းစိန်ထောင်မှ ၃ နှစ်သမီး၏ မိသားစုဝင်များ ထောင် ၃ နှစ်စီ ချခံရ

ဖခင်ဖြစ်သူ လွတ်မြောက်နေစဉ် ဓားစာခံအဖြစ် ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ရောက်နေသူ ၃ နှစ်သမီး၏ မိခင်နှင့် အဘွားကို ထောင်တွင်းအထူးတရားရုံးက ယနေ့ (မတ် ၂၄) တွင် ထောင်ဒဏ် ၃ နှစ်စီ ချလိုက်သည်ဟု တရားရုံးသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။ 

“သူတို့ကို တရားသူကြီးက ၃ နှစ် အမိန့်ချလိုက်ပါတယ်၊ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပေးပါတယ်” ဟု ၎င်းက ပြောသည်။

ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅-က အရ အမြင့်ဆုံးချမှတ်နိုင်သည့်ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

မတ် ၃၀ ရက်နေ့တွင် ၎င်းတို့ ဖမ်းဆီးခံရမှု ၁ နှစ်ပြည့်မည် ဖြစ်သည်။ 

အမှုတွင် ဆွဲချဟု အများက ခေါ်ဆိုကြသည့် ဥပဒေအရာရှိမှာ ဒေါ်ညိုညိုမင်းဖြစ်ကြောင်း၊ အမိန့်ချသော တရားသူကြီးမှာ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဒေါ်အေးသက်မော်ဖြစ်ကြောင်း တရားရုံးသတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။   

တရားလို စည်ပင်သာယာဝန်ထမ်း ဦးမျိုးသန့်သည် တရားခွင်သို့ လာရောက်ခဲ့ဖူးခြင်းမရှိဟု သိရသည်။

ကာယကံရှင်ကို မမိသဖြင့် မိသားစုကို ဓားစာခံလုပ် ဖမ်းဆီးထားခြင်းမှာ အခြေအမြစ်မရှိသောကြောင့် တရားရှင်လွှတ်ပေးရန် လျှောက်ထားချက်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးက ဇန်နဝါရီ ၆ ရက်တွင် ပယ်ချခဲ့သည်။

ကလေးငယ်၏အဘွား ၅၆ နှစ်အရွယ် ဒေါ်ကေသီမှာ လတ်တလော ကျန်းမာရေးအခြေအနေ ဆိုးဝါးနေပြီး ထောင်ဆေးရုံသို့ တင်ထားရသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။ 

ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါတို့ကို ရင်ဆိုင်နေရသည့် ထိုအမျိုးသမီးအသည်းတွင် ကျောက်တည်နေသည်ကို ခွဲစိတ်ရမည့်အခြေအနေဖြစ်သည်။ ရုံးထွက်လာချိန်တွင် ဘီးတပ်ထိုင်ခုံတွန်းလှည်းဖြင့် လာရပြီး လူနှစ်ယောက်တွဲဖြင့် မတ်တတ်ရပ်ရသလို အစားပင် မဝင်တော့ကြောင်း သိရသည်။

မတ်တတ်ပင် မရပ်နိုင်သော လူနာဖြစ်သော်လည်း ထောင်ဆေးရုံတင်ထားရချိန်တွင် ထောင်နေဖက်တစ်ဦးဦးကို လူနာပြုစုရန် ခေါ်ခွင့်မရှိပေ။ ထို့ကြောင့်ပင် ထောင်ဆေးရုံတွင် အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်ရကြောင်း၊ အိမ်သာ ထသွားချိန်တွင်လည်း ပြုတ်ကျကြောင်း မိသားစုထံမှ သိရသည်။ 

ဒေါ်ကေသီ၏ ကျန်းမာရေးအတွက် စိတ်ပူမိသည်ဟု ပြင်ပတွင် ရှိနေသော သမီးတစ်ဦးက ပြောသည်။ 

“အပြစ်မှမရှိတာ၊ အမေတို့က ဘာမှ လုပ်ထားတာမဟုတ်တာ၊ အပြစ်မရှိဘဲ သူတို့ချပြီးသွားပြီဆိုတော့ ထားလိုက်ပါတော့၊ စိတ်တော့မကောင်းဘူးပေါ့” ဟု မစန်းပပက ပြောသည်။ 

“ဆီးချိုတွေလည်း တအားတက်နေလို့ မောလည်းမောတယ်တဲ့၊ လူက သေးသေးလေးပဲရှိတော့တယ်၊ မတ်တတ်တောင် မရပ်နိုင်တော့ဘူး၊ လက်တွေကလဲ တုန်တုန်ချည့်ချည့်နဲ့”  

နွမ်းပါးသော မိသားစုဖြစ်သော်လည်း ထောင်ပြင်ပတွင်သာ နေထိုင်လိုပြီး မိသားစုနှင့် နွေးနွေးထွေးထွေးနေထိုင်ကာ ဆေးကုသချင်သည့် ဆန္ဒရှိနေကြောင်း မိခင်နှင့် တစ်နှစ်နီးပါးအကြာတွင် ပြန်တွေ့ခွင့်ရခဲ့သည့် သမီးဖြစ်သူက ဆက်ပြောပြသည်။ 

“သူ ထောင်ထဲမှာ မနေချင်တော့ဘူးတဲ့၊ ဒုက္ခတွေရောက်တယ်၊ ကျွန်မကို ဖက်ထားတယ် အကြာကြီး၊ အမေ့ကို သိပ်တောင် မမှတ်မိတော့ဘူး” ဟု သူက ပြောသည်။ 

“ဆီးချိုတွေက တအားတက်တယ်။ လက်တွေမှာလည်း ဆေးတွေဖောက်ထားတာ၊ ရစရာမရှိ၊ အမေ့ကိုကြည့်ပါအုံးတဲ့၊ အင်္ကျီတွေနဲ့ ဖုံးထားရတယ်၊ ပြောပြောပြီး ငိုတယ်”

ပြီးခဲ့သည့်လပိုင်းများအတွင်းကလည်း ထောင်ဆေးရုံ မကြာခဏ တက်ခဲ့ရသည်ဟု သိရသည်။ 

အမှုတွင် သက်သေများ ထွက်ဆိုရန် ကျန်ရှိနေသော်လည်း ကျန်းမာရေးအခြေအနေကို စိုးရိမ်သဖြင့် ဆောလျင်စွာ အမိန့်ချနိုင်ရန် ကာယကံရှင်များက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း တရားရုံးသတင်းရင်းမြစ်ထံမှ သိရသည်။  

မတ်လ ၂၃ ရက်နေ့တွင် တရားခံပြသက်သေအဖြစ် ကလေးငယ်၏ အဒေါ်ဖြစ်သူက ကလေးငယ်မိသားစုတွင် အပြစ်မရှိကြောင်း တရားရုံးတွင် ထွက်ဆိုခွင့်ရခဲ့သည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နေ့စားအမှိုက်သိမ်းဝန်ထမ်း ကိုမင်းဇော်ဦး လွတ်မြောက်နေသဖြင့် စစ်ကောင်စီက မိသားစုဝင်တချို့ကို မတ်လကုန်ပိုင်းတွင် ဖမ်းဆီးကာ ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင်ရောက် အသက်အငယ်ဆုံး ဓားစာခံ

ဆုမြတ်ဇော်အမည်ရ မိန်းကလေးမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က အသက် ၃ နှစ်ပြည့်သွားသည်။ ကလေးငယ်မိသားစုသည် နေ့ကြီးရက်ကြီးများတွင် လွတ်ငြိမ်းသက်သာခွင့်နှင့် အိမ်ပြန်နိုင်ရန် ပြင်ဆင်ထားသော်လည်း မျှော်လင့်ချက်များ ရိုက်ချိုးခံနေရဆဲဖြစ်သည်။ 

ပြင်ပတွင် ကျန်ခဲ့သည့် ကျန်ကလေးငါးဦး၏ လက်ရှိအခြေအနေကို မသိရကြောင်း အထက်ပါသတင်းရင်းမြစ်ထံမှ သိရသည်။ ထိုကျန်ခဲ့သည့် ကလေးများတွင် စကားမပြောတတ်သူတစ်ဦးပါဝင်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူလိုက်ချိန်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ထောင်ပေါင်းများစွာသော နိုင်ငံ့ဝန်ထမ်းများတွင် စည်ပင်အမှိုက်သိမ်းဝန်ထမ်းကဲ့သို့သော အောက်ခြေဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချရာတွင် အလိုရှိသူကို ဖမ်းမမိပါက အသက်မပြည့်သေးသူ ကလေးငယ်များအပါအဝင် မိသားစုဝင်များကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးလေ့ရှိသည်။

ဥပဒေချိုးဖောက်သူတို့ကိုသာ ဖမ်းဆီးအမှုဖွင့်ခြင်း ဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီက တုံ့ပြန်ထားသည်။

၃ နှစ်သမီးပါ ထောင်ကျခံနေရသောကြောင့် အသက် ၃၀ ကျော်အရွယ် မိခင်ဖြစ်သူ လျှော့ရက် မည်မျှရမည်ကို မသိရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button