သတင်း

လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ်

ရန်ကုန် – အမျိုးသားလွှတ်တော်၏ ကော်မတီတစ်ခုက အကျဉ်းသားများ အခွင့်အရေးရရှိမှုအခြေအနေအကြောင်း သိရှိနိုင်ရန်အတွက် ဇွန်လ ၁ ရက်နေ့တွင် မွန်ပြည်နယ်ရှိ သထုံမြို့အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့သည်။  

ထောင်အတွင်း စစ်ဆေးလိုသည့် အခန်းများကို ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီမှ ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။  

“အနာအဆာတစ်ခုတော့ တွေ့ပါတယ်။ အခု လောလောဆယ်တော့ ထုတ်ပြောဖို့ မသင့်သေးဘူး” ဟု ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။

ယင်းအချက်အလက်နှင့် ပတ်သက်ပြီး ကော်မတီက မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု သူက ဆက်ပြောသည်။

အကျဉ်းသား ၃၁ဝ ထက်မနည်းရှိသော သထုံထောင်တွင် ကော်မတီက တွေ့လိုသည့် အကျဉ်းသားနှစ်ဦး၊ မိမိသဘောဆန္ဒအရ တွေ့ဆုံလိုသည်ဟူသော အကျဉ်းသားတစ်ဦးတို့နှင့်လည်း စကားပြောခွင့်ရခဲ့ပြီး ထောင်တွင်းအခြေအနေများအကြောင်း မေးမြန်းခဲ့သည်ဟု သူက ရှင်းပြသည်။

ကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သထုံထောင်ကို ကော်မတီဝင် ၇ ဦး သွားရောက်စစ်ဆေးခဲ့သည်ဟု ဆိုသည်။

ယခင်နှင့် ယခု

ဒေါက်တာခွန်ဝင်းသောင်းကိုယ်တိုင် ၁၉၈၈ မှစ၍ ဗန်းမော်၊ မန္တလေးထောင်တို့တွင် ၅ နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။

ထိုစဉ်က ပွင့်လင်းမြင်သာမှုအားနည်းခြင်းကြောင့် ဖိနှိပ်ခံခဲ့ရကြောင်း၊ ရေကိုပင် ခွက်ရေကန့်သတ်ချက်ဖြင့် သုံးစွဲခဲ့ရကြောင်း သူက ရှင်းပြသည်။

ယခုအခါ ရေကို ဖောဖောသီသီ သုံးစွဲလာနိုင်ခြင်း၊ ကြွေရေအိမ်အသုံးပြုခြင်းကဲ့သို့သော ခေတ်စနစ်အရ မလုပ်မဖြစ်အနေအထားကြောင့် ထောင်တွင်းသန့်ရှင်းမှု တိုးတက်လာသည်ဟု သူက သုံးသပ်သည်။

ယခင်ထက် ဝဝလင်လင် စားသောက်ရခြင်း၊ အသားဟင်း တစ်ပတ်နှစ်ကြိမ်ရရှိခြင်းကဲ့သို့သော ကောင်းမွန်တိုးတက်လာသည့် အခြေအနေများကိုလည်း သတိပြုမိသည်ဟု သူက ဆိုသည်။

“အရင်ကထက်စာရင်တော့ အခုအကျဉ်းထောင်စနစ်က မဆိုးဘူးလို့ ထင်တာပဲ။ ကျွန်တော်မသိသေးတဲ့ တခြားဆိုးတဲ့အကြောင်းအရာတွေလည်း ရှိရင်ရှိမှာပါ” ဟု သူက ဆိုသည်။

ကော်မတီသည် ယခင်ကလည်း ထောင်နှစ်ခုကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ မွန်ပြည်အတွင်း ရောက်ရှိစဉ် ရင်းငြိမ်၊ တောင်စွန်း စသည့် အကျဉ်းသားလုပ်အားအသုံးပြု ကုန်ထုတ်စခန်းများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံခြေချင်း

နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဇင်းကျိုက်စခန်းသို့ သွားရောက်စစ်ဆေးခဲ့သည်။ သူ၏ အဓိကစိုးရိမ်ပူပန်မှုမှာ အကျဉ်းသားတို့ ကျောက်ထုတ်သည့် မိုင်းများတွင် အလုပ်လုပ်ကိုင်စဉ်နှင့် အိပ်ဆောင်တွင် နေထိုင်စဉ် ခြေချင်းခတ်ခံထားရခြင်း ဖြစ်သည်။

အကျဉ်းသားကို ထိုကဲ့သို့  သံခြေချင်းခတ်ပြီး အလုပ်ကြမ်းများခိုင်းစေခြင်းသည် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်များအပြင် ထပ်ဆောင်းအပြစ်ပေးခြင်း ပုံစံဖြစ်နေကြောင်း ယန်ဟီလီက ဇန်နဝါရီ ၂၄ ရက်နေ့က ပြုလုပ်သော ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယန်ဟီးလီပြန်သွားပြီး တစ်လခန့်အကြာတွင် အကျဉ်းသား ၄ဝဝ ခန့် ရှိသော ဇင်းကျိုက်ကျောက်ထုတ်အကျဉ်းစခန်းသို့ Myanmar Now သတင်းဌာနက သွားရောက်လေ့လာသည့်အခါ အန္တရာယ်များသည့် ကျောက်မိုင်းလုပ်ငန်းခွင်တွင် သံခြေချင်းခတ်ခံထားရသော အကျဉ်းသားများအလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့ရသည်။

ဇင်းကျိုက်အကျဉ်းစခန်းတွင် အကျဉ်းကျနေသူတစ်ဦး၏ အမည်မဖော်လိုသော မိခင်ဖြစ်သူက ၎င်း၏သားသည် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အင်းစိန်ထောင်မှ ထိုစခန်းသို့ ပြောင်းရွှေ့ခံခဲ့ရပြီး ကျောက်မိုင်းလုပ်ငန်းခွင်တွင် သံခြေချင်းတန်းလန်းဖြင့် အလုပ်လုပ်နေရကြောင်း ပြောသည်။

ထောင်ဝင်စာသွားရောက် တွေ့ဆုံစဉ်က လုပ်ငန်းခွင်အတွင်း ကျောက်စထိမှန်၍ ခြေသလုံးတွင် ဒဏ်ရာအကြီးအကျယ်ရသွားသည့် အကျဉ်းသားတစ်ဦးကို တွေ့ရှိရကြောင်း သူက ဆက်ပြောသည်။

အလုပ်ကြမ်း

ထောင်ကျနေသူအများအပြားကို ရဲဘက်စခန်းဟု ထင်ရှားပြီး အကျဉ်းဦးစီးဌာနက ကုန်ထုတ်စခန်းဟု ခေါ်သော အလုပ်ကြမ်းစခန်းအသီးသီးသို့ ပို့ဆောင်လေ့ရှိသည်။

အကျဉ်းသားတို့ကို စခန်းသို့ရောက်ရှိသည့်အချိန်မှစ၍ တစ်လအနည်းဆုံး ခြေချင်းခတ်၍ ခိုင်းစေကြောင်း၊ လုံခြုံရေးအရ စိတ်မချရသော အကျဉ်းသားများကိုလည်း အနည်းဆုံး တစ်လအထိ ခြေချင်းခတ်ကြောင်း ဇင်းကျိုက်ကျောက်ထုတ်စခန်းကို အုပ်ချုပ်သော အကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦးက ရှင်းပြသည်။

“အကျဉ်းသားတွေက သတ်မှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာနိုင်ဘူးဆိုရင် နောက်ထပ်ပြစ်ဒဏ် ထပ်မတိုးစေချင်တဲ့ စေတနာနဲ့ ထောင်ပိုင်တစ်ယောက်အနေနဲ့ အပြစ်ပေးတဲ့ သဘောနဲ့ ဒီလိုမျိုးလုပ်ပိုင်ခွင့် ကျွန်တော်တို့ဆီမှာ ရှိတယ်” ဟု တပ်မတော်အရာရှိအဖြစ်မှ အကျဉ်းဦးစီးဌာနအရာရှိဖြစ်လာသူ ဦးအောင်လွင်ဦးက ဆိုသည်။

ကုန်ထုတ်စခန်းများတွင် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးဖွယ်ရှိသည်ဟု ယူဆသူတချို့လည်း ရှိနေသည်။

သို့သော် ရဲဘက်စခန်းများမှ လွတ်မြောက်လာသူများက ထိုအကျဉ်းစခန်းတို့၏ အန္တရာယ်ရှိ ကျောက်မိုင်းလုပ်ငန်းခွင်များတွင် ကျောက်ခွဲခြင်း၊ ကျောက်သယ်ခြင်း စသည့် အလုပ်များကို နိစ္စဓူဝခိုင်းစေခြင်းမှအပ မည်သည့်အသက်မွေးဝမ်းကျောင်းအလုပ်ကိုမျှ သင်ကြားပေးခြင်း မရှိကြောင်း ပြောကြသည်။

ဇင်းကျိုက်အကျဉ်းစခန်းထောင်ပိုင် ဦးအောင်လွင်ဦးကလည်း ကျောက်ခွဲ၊ ကျောက်သယ်ခြင်းမှအပ သူ့စခန်းရှိ အကျဉ်းသားများကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း မရှိဟု ဆိုသည်။

“တခြားပညာတွေ သင်ပေးဖို့ဆိုတာက ကျွန်တော်တို့အနေနဲ့ လုပ်လို့မရဘူး၊ အထက်ဌာနကနေ စီမံချက်တစ်ခုနဲ့ စီစဉ်ဆောင်ရွက်ပေးမှသာလျှင် ဒီလိုမျိုးပုံစံက ဖြစ်လာမှာ။  

ကျွန်တော်တို့စခန်းရဲ့ ရည်ရွယ်ချက်က ကျောက်ထုတ်ဖို့။ ကျောက်ထုတ်ဖို့ဆိုတော့ ပိတ်ရက်ကလွဲလို့ ကျောက်နဲ့ပဲ နိစ္စဓူဝထိတွေ့ရမှာပဲ” ဟု သူက ဆိုသည်။

၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အကျဉ်းထောင်အတွင်းအခြေအနေများနှင့် ပတ်သက်၍ Myanmar Now က မေးမြန်းထားသည်များကို ဦးအောင်လွင်ဦးက ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၆ ခု၊ အချူပ်ထောင် ၂ဝ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးစခန်း ၃ဝ၊ ကုန်ထုတ်စခန်း ၁၈ ခု၊ ပြုပြင်ပြောင်းလဲရေးစခန်း ၂ ခု ရှိကြောင်း အကျဉ်းဦးစီးဌာန၏ ၂ဝ၁၆ ဇွန် ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button