
မတ်လ ၂၇ ရက်က မန္တလေးမြို့ ကျုံးဘေးတွင် စစ်ကောင်စီတပ်သားများ စစ်ရေးပြချီတက်စဉ် သင်္ကန်းဝတ်တချို့က သပြေခက်နှင့် ပက်ဖျန်းကြိုဆိုခဲ့သည်။
လက်နက်ကိုင်ကာ တိုင်းသူပြည်သားများကို သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်သားများကို ဗုဒ္ဓ၏ သားတော်များဖြစ်သော ရဟန်းများက အားပေးခြင်းသည် ဘုရားဟောနှင့် ဆန့်ကျင်နေကြောင်း ထင်ရှားသည့် စာရေးဆရာ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ခေါ် အရှင်ဣဿရိယက ဝေဖန်လိုက်သည်။
“ကိုယ့်ကျေးဇူးရှင် ပြည်သူကို သတ်နေမှန်းသိလျက်နဲ့ သပြေခက်နဲ့ သွားပြီးတော့ အားပေးနေတာ၊ ဒါဟာ အဓမ္မလုပ်ငန်းဖြစ်တယ်၊ မြတ်စွာဘုရား ခွင့်မပြုဘူး” ဟု ဆရာတော်က မိန့်ကြားသည်။
ရဟန်းတော်များ လိုက်နာရမည့် ၂၂၇ သွယ် သိက္ခာပုဒ်တွင်လည်း စစ်ရေးပြရာသို့ သွားရောက်ကြည့်ရှုခြင်းမပြုရ၊ စစ်မြေပြင်တွင် ၇ ရက်ထက် မနေရ၊ စစ်ဆင်ရာအရပ်သို့ မသွားရဟု ကန့်သတ်ထားကြောင်း၊ ဗုဒ္ဓအဆုံးအမများ၏ အခြေခံအကျဆုံးအချက်ဖြစ်သော သူ့အသက်မသတ်ရ ဟူသည့် အချက်ကိုပင် မလိုက်နာခြင်းကြောင့် အဆိုပါ ရဟန်းများသည် “ ရဟန်းလည်းမဟုတ် လူလို့လည်း သတ်မှတ်လို့ မရတော့ဘူး မိစ္ဆာလူယုတ်မာတွေ” ဟု ဆရာတော်က မိန့်သည်။
“အဓမ္မကို အားပေးနေတယ်ဆိုကတည်းကိုက ဒါဟာ သတ်ခြင်းဖြတ်ခြင်းကို သဘောတူနေတာပဲ၊ ကိုယ့်ကျေးဇူးရှင်တွေကို ပြန်သတ်ခိုင်းနေတာ” ဟု ဆရာတော်က ဆိုသည်။
၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူပေါင်း ၁၇၁၉ ဦးထက်မနည်းကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြည်သူတို့၏ အိုးအိမ်ပေါင်း ၈၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data For Myanmar အဖွဲ့က ၂၀၂၂ ခုနှစ် မတ်လ ဒုတိယပတ်အထိ ကောက်ယူထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
ပြည်သူများကို ဤသို့သော သတ်ဖြတ်မှု၊ ပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဤတွင် ရပ်တန့်သွားမည်ဟုတ်ကြောင်း စစ်ခေါင်းဆောင်၏ မတ်လ ၂၇ ရက်နေ့ မိန့်ခွန်းက သက်သေခံနေသည်။ ဒေသကာကွယ်ရေးတပ် PDF များကို ရည်ညွှန်းသည့် သူ၏ မိန့်ခွန်းတွင် “နှိမ်နင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည်” ဟု ပြောဆိုထားသည်။
အဆိုပါ အချက်အလက်များကို ရည်ညွှန်းလျက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “စစ်မိစ္ဆာ” ဟု မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က ကင်ပွန်းတပ်သည်။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်မည့် ပုဂ္ဂိုလ်သည် မင်းကျင့်တရား ၁၀ ပါးဟု လူသိများသည့် အချက်များတွင် “ပြည်သူတို့ကို စိတ်အားဖြင့် ကိုယ်အားဖြင့် မညှဉ်းဆဲခြင်း၊ ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း” စသည့် အချက်များလည်း ပါဝင်သည်။
ထိုအချက်များတွင် ပြည်သူများကို သတ်ဖြတ်ပြီး အိုးအိမ်များ မီးရှို့ခဲ့သည့် စစ်ကောင်စီခေါင်းဆောင်သည် မင်းကျင့်တရား ၁၀ ပါးနှင့် ဆန့်ကျင်နေသည်ဟုလည်း မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က မိန့်သည်။
သို့သော် လူသိများသည့် သီတဂူဆရာတော် ဦးဉာဏိဿရကမူ စစ်ခေါင်းဆောင်ကို “သဒ္ဓါပညာကောင်းတဲ့ မင်း” ဟု ချီးမွမ်းခန်းဖွင့်သည်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဦးဆောင်ဆရာတော် ဦးတိလောကကို စစ်ခေါင်းဆောင်က သာသနာတော်ဆိုင်ရာ အဆင့်မြင့်ဆုံးဘွဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ချီးမြှင့်ပြီးနောက် ဦးဉာဏိဿရက ထိုသို့ ဂုဏ်တင်ခြင်းဖြစ်သည်။
သို့သော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကမူ “စစ်အာဏာရှင်က တစ်တိုင်းပြည်လုံးက ခိုးထားတဲ့ သယံဇာတတွေနဲ့ လာဘ်ထိုးပြီးလှူထားတော့ ဒီအပေါ်မှာ သာယာနေကြတော့ သူတို့ဟာ မှားမှန်းသိလျက်နဲ့ မလိုက်သင့်တဲ့ဘက်ကို ပါသွားတာပေါ့။ ဒါသည် မြတ်စွာဘုရားပြောတဲ့အတိုင်းပဲ သံကိုသံဖျက် သံချေးတက်ဆိုတဲ့အတိုင်းပဲ သာသနာတော်ကို ဒီကိုယ်တော်တွေကိုယ်တိုင်ကနေပြီးတော့ ဖျက်ဆီးနေတာ” ဟု တုံ့ပြန်သည်။
“တစ်တိုင်းပြည်လုံး သတ်ဖြတ် အရှင်လတ်လတ် မီးရှို့နေတာကို မြင်တွေ့နေပါလျက်နဲ့ သဒ္ဓါပညာနဲ့ ပြည့်စုံတဲ့ မင်းကောင်းမင်းမြတ်ဆိုပြီးတော့ ပြောသွားတာကတော့ သီတဂူဆရာတော်ဟာ အင်မတန်မှ ပလီတာပဲ၊ ယုတ်မာတာပဲ” ဟုလည်း မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က ဆိုသည်။
သီတဂူဆရာတော် ဦးဉာဏိဿရသည် ၂၀၀၇ ခုနှစ်အတွင်း ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသည် သံဃာ့အရေးအခင်းကာလတွင် “လူမိုက်တို့ သွားရာလမ်း” ဟု နာမည်ပေးထားသော တရားတော်ကို မြင်းခြံမြို့တွင် ဟောပြောခဲ့ဖူးသည်။
တရား၏ အနှစ်ချုပ်အဖြစ် လူမိုက်တို့၏လက္ခဏာကို အလေးပေး ဟောပြောသွားခဲ့သည်။ လူမိုက်တို့၏ အကျင့်စရိုက်များတွင် နည်းမှားကို လုပ်ခြင်း၊ ထိုအမှားများကို အခြားသူများကို လုပ်ခိုင်းခြင်း၊ မှားသည်ဟု ထောက်ပြသူကို ရန်ပြုခြင်းဟု ဦးဉာဏိဿရက ဟောပြောသည်။
ယခု စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သီတဂူဆရာတော် ဟောသည့် လူမိုက်တို့အကျင့်များအတိုင်း လုပ်ဆောင်နေသည်ကို တွေ့ရသည်။ အာဏာလုယူခြင်း၊ တိုင်းသူပြည်သားများကို သတ်ဖြတ်ခြင်း၊ ထိုသို့သတ်ဖြတ်ရန် သူ့လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များကို စေခိုင်းခြင်း စသည်တို့သည် လူမိုက်လက္ခဏာပင် ဖြစ်သည်။
ထိုသို့ ဟောပြောခဲ့သည့် ဆရာတော် ဦးဉာဏိဿရ၏ ဟောပြောချက်များကို ညွှန်းဆိုလျက် ယခု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “သဒ္ဓါပညာကောင်းတဲ့ မင်း” ဟု ချီးမွမ်းခြင်းသည် “မိစ္ဆာတွေနဲ့ ပေါင်းပြီးတော့ တရားပျက်တာ” ဟု မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၄၀ ကျော် ရှိလာပြီဖြစ်သည်။ အလားတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF များနှင့် တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၃၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
အဘက်ဘက်မှ တန်ပြန်တိုက်စစ်များ ခံနေရသည့် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဟု အမည်ပေးထားသော ပျူစောထီးများ၊ မဘသအဖွဲ့ဝင် သံဃာများပင်ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းလျက် အာဏာတည်မြဲရန် ဆက်လက်ကြိုးပမ်းနေသည်။
ထိုအခြေအနေကို မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က “စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်စစ်စစ်ဖြစ်တယ်၊ အခိုင်းခံတွေဖြစ်တယ်၊ သူတို့ တစ်ချိန်လုံးလုပ်နေတာက စစ်အာဏာရှင်ရဲ့ ပေးတာယူ ကျွေးတာစားပြီးတော့ ခိုင်းတာလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ တကယ့်ကိုမှ ကိုယ့်ကျေးဇူးရှင်တွေကို ပြန်သတ်ဖို့ စစ်သင်တန်းတွေတက်နေတဲ့ အဆိုးရွားဆုံးသော အယုတ်မာဆုံးသော ပုဂ္ဂိုလ်တွေဖြစ်ပါတယ်” ဟု တုန့်ပြန်လိုက်သည်။
စစ်ကောင်စီကမူ လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်များဖြင့် စစ်ရှိန်မြှင့်မည်ဟုလည်း စစ်ခေါင်းဆောင်၏ ပြန်ကြားရေးဝန်ကြီး ဇော်မင်းထွန်းက မတ်လ ၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အထိအခိုက်နှင့် အကျအဆုံးများနေသည့် စစ်ကောင်စီသည် ရဲများပါ စစ်တိုက်ခိုင်းမည့် ဥပဒေထုတ်ပြီး PDF များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို နှိမ်နင်းရန် ကြံစည်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)