သတင်း

ကရင်ပြည်နယ်တွင် ရဟန်း ၁ ပါးနှင့် ဒကာ ၃ ဦးကို BGF နှင့် မဘသ ဝင်ဖမ်း

ကရင်ပြည်နယ်၊ ဘားအံ−ကော့ကရိတ် လမ်းမပေါ်ရှိ ဝိမုတ္တိသုခဝိဟာရကျောင်းတိုက်တွင် သီတင်းသုံးနေသော ဆရာတော်တစ်ပါးနှင့် ဒကာ ၃ ဦးတို့ကို နယ်ခြားစောင့်တပ် (BGF) က ဖေဖော်ဝါရီ ၂၅ တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

ဖမ်းဆီးသည့်အဖွဲ့တွင် မဘသ ခေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဘုန်းကြီးများ ပါဝင်သည်ဟု ဆိုသည်။

ဘားအံမြို့မှ ပုံမှန်ကားမောင်းချိန် တစ်နာရီနီးပါး ဝေးသည် ဘုရားကုန်းရွာရှိ ထိုကျောင်းတွင် ဆရာတော်နှင့် အတူရှိနေသည့် ကျောင်းနေကပ္ပိယ ၂ ဦး၊ ကျောင်းသို့ လာရောက်သည့် ဒါယိကာမ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးသွားကြခြင်းဖြစ်သည်။

ဝိမုတ္တိသုခဝိဟာရကျောင်းတိုက်သည် စစ်တပ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) (ခေါ်) အရှင်က္ကုဿရိယ တည်ထောင်ခဲ့သည့် ကျောင်းတိုက်ဖြစ်သည်။

မဘသအဖွဲ့မှ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် လှုံ့ဆော်လေ့ရှိသည့် ဦးဝီရသူ ထိုဒေသသို့ ရောက်ရှိနေချိန်တွင် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆရာတော် မင်းသုညက မိန့်သည်။

“ဦးဝီရသူလည်း ဘားအံကို ရောက်နေတာဆိုတော့ အံကိုက်ဖြစ်နေတာပါပဲ၊ ပျူစောထီးသင်တန်းတွေကို သူက လိုက်ပေးနေတာဆိုတော့ ဆက်စပ်နေတယ်လို့လည်း ပြောလို့ရမယ်” ဟု ဆရာတော်က Myanmar Now ကို မိန့်သည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူများ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးဟု ဆိုသည်။

ထိုကျောင်းတိုက်တွင် ဒေသခံများအတွက် ဖွင့်လှစ်ထားသည့် ပညာ့အလင်းဖောင်ဒေးရှင်း နွေရာသီကွန်ပျူတာသင်တန်းမှ ကွန်ပျူတာများ၊ ကျောင်းရှိသင်္ကန်းများကို ဖမ်းသည့်အဖွဲ့က ယူသွားကြောင်း၊ ကျောင်းတိုက်အတွင်း ကွန်ပျူတာ ၁၀ လုံးရှိရာ ယူဆောင်သွားသည့် အရေအတွက်ကိုမူ မသိရသေးကြောင်း ဆရာတော်က မိန့်သည်။

“ခုလက်ရှိ ကျောင်းမှာ မဘသကိုယ်တော် ၆ ပါးနဲ့ စစ်တပ်ရယ်၊ BGF ရယ် တပ်စွဲထားတယ်လို့ သိထားရတယ်။ မဘသဘုန်းကြီးတွေက ခုလို တစ်ပါးသူရဲ့ ကျောင်းတိုက်ကို ဝင်ပြီး မောင်ပိုင်စီးတဲ့လုပ်ရပ်က ပါရာဇိကကံ ကျတာပေါ့နော်၊ ရဟန်းဝိနည်းနဲ့ မညီပါဘူး။ ဒါ မဘသအဖွဲ့အစည်းတွေအားလုံးမှာ တာဝန်ရှိတယ်” ဟု ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က ဆိုသည်။

ကျောင်းတိုက်ကို စစ်ကောင်စီ၊ BGF တပ်ဖွဲ့ဝင်များနှင့်အတူ ဝင်ရောက်စီးနင်းသည့် မဘသအဖွဲ့ဝင်များတွင် ကရင်ပြည်နယ်၊ မြဝတီမြို့မှ စစ်တပ်ထောက်ခံသူ မဘသကိုယ်တော်တစ်ပါးဖြစ်သည့် ဦးသောဘိတလည်း ပါဝင်သည်။

ဦးသောဘိတမှာ ဝိမုတ္တိသုခကျောင်းတိုက်အတွင်း လက်နက်ကိုင်ဆောင်ထားသည့် BGF တပ်ဖွဲ့ဝင် ၃ ဦး ဝန်းရံလျက် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်ရှိ စောကြည်ဖြူအမည်ရ ၎င်း၏အကောင့်တွင် တင်ထားခဲ့သည်။

ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် စစ်တပ်အလိုရှိခဲ့သည့် ဆရာတော်မင်းသုညက ဝိမုတ္တိသုခကျောင်းတိုက်ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က ကရင်ပြည်နယ်မဘသအဖွဲ့များက အပြင်းအထန်ကန့်ကွက်ခဲ့ဖူးသည်။

ယခု ဖမ်းဆီးခံလိုက်ရသည့် ဆရာတော် ဦးတိလောကမှာ ဝိမုတ္တိသုခကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည်မှာ ဝါ (၅) ဝါခန့် ရှိနေပြီဖြစ်သည်။

မဘသအဖွဲ့သည် ၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်အတွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်ပွားပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ မဘသအဖွဲ့အတွင်း အထင်ရှားဆုံးခေါင်းဆောင်မှာ ဦးဝီရသူဖြစ်သည်။

စစ်တပ်ထောက်ခံမှုရှိသော ထိုအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် သံဃမဟာနာယကအမိန့်ဖြင့် ၂၀၁၇ ခုနှစ် မေလတွင် ဖျက်သိမ်းခံရသော်လည်း အဖွဲ့၏ လှုပ်ရှားမှု၊ စုစည်းမှုများ ဆက်လက် တည်ရှိနေသည်။

မဘသတွင် ပါဝင်သူများက ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်ဖြင့် ၂၀၁၈ ဇွန်လတွင် ထပ်မံဖွဲ့စည်းခဲ့သော်လည်း ထိုအဖွဲ့ကို မဘသဟုသာ ဆက်လက် လူသိများခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် မဘသကိုယ်တော် ဦးဝါသဝက ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့များ ပေါ်ပေါက်လာစေရန် စီစဉ်ပေးလျက်ရှိသည်။ ဦးဝါသဝကို စစ်တပ်က ကျောထောက်နောက်ခံပေးထားကြောင်း ထင်ရှားပြီး ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ငွေနှင့် စားသောက်စရာများ ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက ထောက်ပံ့ပေးခဲ့သည်ကို တွေ့ရသည်။

မကြာသေးမီက ကရင်ပြည်နယ်သို့ ရောက်လာသည့် ဦးဝီရသူသည်လည်း ဦးဝါသဝကဲ့သို့ ဆောင်ရွက်နေသည်ဟု ထိုင်းမြန်မာနယ်စပ် လုံခြုံသည့် နေရာတစ်ခုတွင် သီတင်းသုံးနေသည့် ဆရာတော်မင်းသုညက ထောက်ပြသည်။

“အခုလို သံဃာတော်တွေကို မတရားဖမ်းဆီးတာတွေ၊ ပျူစောထီးမွေးတာ၊ ဒလန်မွေးတာတွေဟာ သံဃမဟာနာယကတို့အပြင် စစ်သင်တန်းပေးတာတွေ လိုက်လုပ်နေတဲ့ ဦးဝီရသူတို့လို တာဝန်ခံယူမှု၊ တာဝန်ခံမှုမရှိဘဲ လိုက်လုပ်နေတာတွေကို တာဝန်ယူဖြေရှင်းရမယ်။ ဒါတွေဟာ မင်းအောင်လှိုင်လက်ထက်မှာ ဖြစ်နေတာ အမျိုးဘာသာသာသနာကို ဖျက်ဆီးနေတာပါပဲ” ဟု ဆရာတော် မင်းသုညက မိန့်ကြားသည်။

ဆရာတော် မင်းသုညသည် ပြီးခဲ့သည့်နှစ်များအတွင်း စစ်တပ်နှင့် မဘသအဖွဲ့၏ လုပ်ရပ်များကို ဝေဖန်ရာတွင် ထင်ရှားသူဖြစ်သည်။

ဆရာတော်၏ မိန့်ကြားချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရန် ဦးဝီရသူ၊ စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့တို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button