သတင်း

အကျဉ်းထောင်များတွင် ကိုဗစ်တတိယလှိုင်း အကြီးအကျယ်ကျရောက်ခဲ့

ပြီးခဲ့သည့်နှစ် ဇူလိုင်နှင့် ဩဂုတ်လများတွင် အကျဉ်းထောင်များ၌ ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်း အကြီးအကျယ်ကျရောက်ခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထံမှ သိရသည်။​

အဆောင်တစ်ခုလျှင် အနည်းဆုံး လူ ၇၀ မှ ၁၀၀ ကျော်အထိ ထားရှိသောကြောင့် ကိုဗစ်ကူးစက်မှုမြန်ခဲ့ကြောင်း၊ အနံ့အရသာပျောက်ခြင်းနှင့် အသက်ရှူမဝခြင်းကဲ့သို့သော ကိုဗစ်လက္ခဏာပြသော်လည်း ဆေးစစ်ခွင့်မရကြောင်း အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသူ မရွှေအိ* က ယခုလ ၁၇ ရက်တွင် ပြောသည်။

အသက် ၃၀ ကျော်အရွယ် မရွှေအိမှာ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် ပြီးခဲ့သည့်နှစ် မတ်လအတွင်း အဖမ်းခံရသူဖြစ်သည်။ ပုဒ်မ ၅၀၅-က ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီးနောက် အင်းစိန်ထောင်တွင် ၇ လနီးပါး နေထိုင်ခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာလတွင် လွတ်မြောက်လာသူဖြစ်သည်။​

“ကျွန်မဆိုလို့ရှိရင်လည်း ငါးရက်လောက် အနံ့ပျောက်သွားတယ်။ ဘာစားစား ဖော့ခဲကြီးကို ဝါးနေရသလိုပဲ။ ဘာအရသာမှ မရှိဘူးပေါ့။ အနံ့တွေ အရသာတွေ ပျောက်သွားတယ်။ နောက်တစ်ခုက အသက်ရှူမဝတာတွေပါ ဖြစ်တယ်” ဟု အင်းစိန်ထောင်အတွင်းရှိစဉ် ကိုဗစ်ဖြစ်ခဲ့သူ မရွှေအိက ပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ရန်ကုန် အင်းစိန်ထောင်ရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခြင်းများကို ဇူလိုင်မှ စက်တင်ဘာအထိ သုံးလခန့် ရပ်နားခဲ့သည်။​ 

ထို့ပြင် အကျဉ်းသားများ ကိုဗစ်လက္ခဏာပြ ဖျားနာခြင်း၊ အသက်ရှူကျပ်သေဆုံးခြင်းများရှိသည့်တိုင် ထောင်အာဏာပိုင်များက ကိုဗစ်စစ်ဆေးခြင်း မပြုဘဲ သာမန်ဖျားနာခြင်းဟု သတ်မှတ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းသည့် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများနှင့် နီးစပ်သူများက ဆိုသည်။​

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်း ကျရောက်သည့် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ​နေ့စဉ် ကိုဗစ်ကူးစက်မှု အဆမတန်မြင့်တက်ခဲ့ရာ အလုအယက်တန်းစီဝယ်ယူရသည်အထိ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် သေဆုံးမှုနှုန်းလည်း မြင့်မားခဲ့သည်။

စစ်အာဏာသိမ်းမှုကြောင့် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းအများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့ရာ ဆေးရုံဆေးခန်းများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ခြင်း မရှိသည်တွင် စစ်ကောင်စီကလည်း ထောက်ခံစာဖြင့်သာ အောက်ဆီဂျင်ဝယ်ယူဖြည့်တင်းနိုင်ရန်အထိ ကန့်သတ်ထိန်းချုပ်ခဲ့သည်။ 

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် အောက်ဆီဂျင်နှင့် ဆေးဝါးပြတ်တောက်ကာ ရန်ကုန်မြို့ရှိ သုသာန်လေးခုတွင် အလောင်းများပုံနေသည်အထိ သေဆုံးမှုမြင့်တက်ခဲ့သည်။ ကိုဗစ်လူနာများကို အခမဲ့ကူညီပေးနေသည့် ပရဟိတသမားများကိုပင် စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်။​

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူအရေအတွက် အတိအကျ မသိရသော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ခုတည်းအရပင်လျှင် ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀ တိတိရှိသည်။​

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ပြည်သူ့ကျန်းမာရေးစနစ်နှင့် ကပ်ရောဂါဆိုင်ရာ ပြည်သူများ၏ သတင်းပေးအကြောင်းကြားမှု ပျက်ယွင်းခဲ့ရာ အမှန်တကယ်သေဆုံးသည့် အရေအတွက်မှာ ထို့ထက်များပြားနိုင်သည်။​

သတင်းအမှောင်ချထားသဖြင့် ပြင်ပအခြေအနေများကို မသိရှိရသည့်ပြင် ကိုယ်အပူချိန်မြင့်မားသူများကို အချုပ်ဆောင်မှ ခေါ်ထုတ်ကာ တီဘီရောဂါဖြစ်နေသည့် အကျဉ်းသားများထားရှိရာ အဆောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ကိုဗစ်စစ်ဆေးခြင်းလည်း မရှိကြောင်း အင်းစိန်ထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“ကိုဗစ်ဖြစ်ပြီဆိုလို့ရှိရင် တီဘီဆောင်ကို ပို့တာ။ ပို့ပြီးတော့ ခွဲထားတာ။ ပြီးတော့ တစ်ပတ်လောက်နေရတာ။ တကယ်တမ်းဖြစ်ပြီ အသက်ရှူလို့မဝ ဖြစ်ပြီဆိုလို့ရှိရင် နာရီဝက်လောက် ထိုင်ရသေးတယ်။ ချက်ချင်း ဆေးရုံပို့တာ မဟုတ်ဘူးလေ။ အန်တီကြီးတစ်ယောက်ဆိုရင် အောက်ဆီဂျင်မရလို့ ဆုံးသွားတာ” ဟု အင်းစိန်ထောင်အတွင်း ကိုဗစ်ဖြစ်ပွားမှုအခြေအနေကို ၎င်းက ပြောသည်။​

အသက် ၄၀ အရွယ် ထိုအမျိုးသမီးမှာ ပြီးခဲ့သည့်နှစ် မတ်လအတွင်း အဖမ်းခံရကာ ပုဒ်မ ၅၀၅-ကဖြင့် အင်းစိန်ထောင်တွင် ကိုးလနီးပါး နေထိုင်ခဲ့ရပြီး နိုဝင်ဘာလတွင် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

နာမည်ကျော် အင်းစိန်ထောင်တွင် ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်တက်ခဲ့သည့်နည်းတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အကျဉ်းထောင်တွင်လည်း တစ်ထောင်လုံးနီးပါး ကိုဗစ်လက္ခဏာပြ ဖျားနာကြသည်ဟု မကြာသေးမီက ယင်းထောင်မှ လွတ်မြောက်လာသူ ကိုဂျိုးဇက်*က ပြောသည်။ 

“အကုန်လုံးမဖြစ်ဘူးဆိုတာ မရှိဘူး။ တစ်ယောက်ဖြစ်တာနဲ့ တစ်ယောက်ပြီးတစ်ယောက်ဖြစ်ကြတာ။ ကြက်သွန်တွေ အများကြီးကုန်လိုက်ရတယ်။ ကြက်သွန်ဖြူလေး ခွာစားလိုက်၊ ကျန်းမာရေးဂရုစိုက်လိုက် ဒီတိုင်းပဲ ဖြတ်ကျော်ရတယ်” ဟု ၎င်းက ပြောသည်။​

မြစ်ကြီးနားအကျဉ်းထောင်တွင် ရောဂါအခံရှိသူ လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးမှာ ကိုဗစ်ကူးစက်ခံရပြီး အသက်ရှူကျပ် သေဆုံးခဲ့ကြောင်းလည်း ပုဒ်မ ၅၀၅-က ဖြင့် ခြောက်လတိုင် နေထိုင်ခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာလတွင် လွတ်မြောက်လာသူ ကိုဂျိုးဇက်က ပြောသည်။​

မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်တွင်လည်း အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး အသက်ရှူကျပ်သေဆုံးခဲ့ကြောင်း ပုဒ်မ ၅၀၅-ကဖြင့် အဖမ်းခံရပြီး မကြာမီက ထိုထောင်မှ ပြန်လွတ်လာသူတစ်ဦးက ပြောသည်။​

အကျဉ်းထောင်များတွင် ကိုဗစ်နိုင်တင်းကပ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။ 

သို့သော် ထိုကာလများအတွင်း စစ်ကြောရေးစခန်းများ၌ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသူများကို ကိုဗစ်ဖြင့် သေဆုံးကြောင်း မိသားစုဝင်များထံ စစ်ကောင်စီက အကြောင်းကြားခြင်းများ ရှိခဲ့သည်။​

ကိုဗစ်တတိယလှိုင်းအတွင်း အင်းစိန်ထောင်အခြေအနေနှင့် ပတ်သက်၍ “သတင်းလည်း အမှောင်ပိတ်ထားတော့ မိသားစုသေရင်တောင်မှ ကိုယ်မသိရသလို ကိုယ်သေရင်လည်း မိသားစုက မသိရတဲ့ အခြေအနေဆိုတော့ အဲဒီအချိန်မှာ ကျွန်မတို့အတွက် တကယ့်ငရဲပဲ” ဟု မရွှေအိကလည်း ပြောသည်။ 

ပြင်ပတွင် ကိုဗစ်တတိယလှိုင်း အကြီးအကျယ်ဖြစ်ပွားခဲ့ခြင်းနှင့် မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများ ကိုဗစ်ဖြင့် သေဆုံးသွားသည်ကို အကျဉ်းထောင်မှ လွတ်မြောက်လာချိန်မှ သိရသဖြင့် ထိခိုက်ခံစားရကြောင်းလည်း လွတ်မြောက်လာသူများက ဆိုသည်။​

အကျဉ်းထောင်များတွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာန တာဝန်ရှိသူများကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

(* လုံခြုံရေးအရ အမည်လွှဲများဖြင့် ဖော်ပြထားသည်။) 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button