သတင်း

မင်းတပ်တွင် စစ်ကောင်စီ တပ်အင်အားဖြည့်နေ

စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့သို့ သံချပ်ကာယာဉ် ၂ စီး အပါအဝင် စစ်သုံးထရပ်ကား အစီး ၈၀ နီးပါး ပါဝင်သည့် ယာဉ်တန်း ယနေ့(မတ် ၂၃) ညနေ ၃ နာရီဝန်းကျင်တွင် ရောက်လာကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဘက်က ပြောသည်။

မကွေးတိုင်း ကျောက်ထုမြို့နယ်ဘက်မှ တက်လာသည့် ယာဉ်တန်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ထံမှ သိရသည်။

“ကားပေါ်မှာ အမြောက်လက်နက်တွေ ပါတယ်လို့ ပြောတယ်။ အင်အားကတော့ ခန့်မှန်းရခက်တယ်။ အနည်းဆုံး ၂၀၀ ကျော်တော့ ရှိမှာပဲ” ဟု ၎င်းက ပြောသည်။

မတ်လ ဒုတိယပတ်အတွင်း မကွေးတိုင်း၊ ပခုက္ကူမြို့မှ ချင်းနယ်စပ် ကျောက်ထုမြို့သို့ ဦးတည်ထွက်ခွာလာသည့် ထိုယာဉ်တန်းကို ပေါက် – တပြင်းလမ်းပိုင်းတွင် ထီးလင်းနှင့် ကျောက်ထု PDF တို့က မိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

မော်တော်ယာဉ်နှင့် စစ်သားအချို့ ထိခိုက်မှုရှိသည်ဟု PDF ဘက်က ပြောသော်လည်း စစ်ယာဉ်တန်းမှာ ကျောက်ထုသို့ ရောက်ရှိကာ ရက်အနည်းငယ် တပ်စွဲခဲ့ပြီးနောက် ယနေ့ နံနက်တွင် မင်းတပ်ဘက်သို့ ဆက်လက်ထွက်ခွာလာခြင်းဖြစ်သည်ဟု ကိုယောမန်ထံမှ သိရသည်။

ထိုယာဉ်တန်းမှာ ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ဗျူဟာရုံးနှင့် တပ်ရင်း ၃ ခုအထိရှိကာ စစ်ရေးအရ အချက်အချာဖြစ်သည့် မတူပီမြို့သို့ ဆက်လက် ထွက်ခွာဖွယ်ရှိသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။

စစ်ရေးတင်းမာမည့် အခြေအနေရှိ၍ မိုင် ၁၀၀ ကျော် ရှည်လျားသည့် မင်းတပ် – မတူပီလမ်းကို အသုံးပြုခွင့်ပိတ်ထားသည်ဟု CDF မင်းတပ်က မတ် ၁၉ ရက်ကတည်းက ကြေညာသည်။

ထို့အတူ စစ်ယာဉ်တန်းရောက်ရှိနေပြီဖြစ်သော မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မရှိသည့် ပြည်သူများ ညနေ ၅ နာရီမှ နံနက် ၅ နာရီအတွင်း နေအိမ်မှ အပြင်မထွက်ကြရန် CDF မင်းတပ်က ထို ထုတ်ပြန်ချက်တွင် တစ်ပါတည်း အသိပေးထားသည်။

မတူပီသို့ လာဖွယ်ရှိသည့် ထိုစစ်ကြောင်းကို လမ်းတစ်လျှောက်တွင် မင်းတပ် CDF နှင့် ပူးတွဲစစ်ဆင်ရန် ပြင်ဆင်ပြီးဖြစ်၍ မင်းတပ်-မတူပီလမ်းပိုင်းတွင် စစ်ရေးပြင်းထန်လာဖွယ်ရှိသည်ဟု CDF မတူပီ တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံ ကိုဆလိုင်းဘားမားက သတိပေးသည်။

မတူပီမြို့နယ်တွင် မတ်လလယ်မှစ၍ စစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNA /CNF) မှ တပ်ကြပ် စံနေ နှင့် ဗန်နေထန်းတို့ သေဆုံးခဲ့ရသည်ဟု ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။ 

မတူပီမြို့နယ်နေ လူထုကို ညနေ ၆ နာရီမှ နံနက် ၅ နာရီကြား အပြင်မထွက်ရန်၊ ခရီးသွားလာခြင်း၊ တောထွက်ခြင်း၊ အမဲလိုက်ခြင်း၊ စိုက်ခင်းတောင်ယာများသို့ သွားလာခြင်းများ မလုပ်ရန် CDF မတူပီက မတ် ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

ယခုနှစ်ဆန်းပိုင်းတွင်လည်း ရိက္ခာနှင့် စစ်သည်များ တင်ဆောင်လာသည့် အစီးရေ ၇၀ နီးပါးရှိ စစ်ယာဉ်တန်း မင်းတပ်၊ မတူပီဘက်သို့ ရောက်လာခဲ့ဖူးပြီး ဒေသကာကွယ်ရေးအဖွဲ့များက ချုံခိုပစ်ခတ်၊ မိုင်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုစဉ်က စစ်ကောင်စီအထိနာခဲ့သည်ဟု CDF မင်းတပ်ဘက်က ပြော သည်။ ထိုအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

မကွေးတိုင်း ကျောက်ထု၊ ချင်းပြည်နယ် မင်းတပ်၊ မတူပီ အခြေပြမြေပုံ။

လတ်တလောတွင် ချင်းပြည်နယ်တောင်ပိုင်းသာမက မြောက်ပိုင်းရှိ ဟားခါးမြို့အနီးတစ်ဝိုက်တွင်လည်း မတ်လ ၁၈ ရက်နေ့မှစ၍ စစ်တပ်နှင့် ကာကွယ်ရေးအဖွဲ့များအကြား နေ့စဉ် တိုက်ပွဲပြင်းထန်နေရာ စစ်ကောင်စီဘက်မှ ၁၀ ဦးဝန်းကျင်သေဆုံးခဲ့သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ 

“သူတို့ ဆက်လက်ပြီးတော့ လှုပ်ရှားရင်တော့ ကျွန်တော်တို့ တိုက်ပွဲက ဆက်လက်ဖြစ်လာမဲ့ အခြေအနေရှိပါတယ်။ သူတို့ ဟားခါးဗျူဟာဘက်ကို ဆုတ်ရင်တော့ တစ်မျိုးပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ရှေ့ဆက်တိုးလာရင်တော့ တိုက်ပွဲဆက်ဖြစ်လာမဲ့ အနေအထားမှာ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုတိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း တိုက်ပွဲအကြောင်း ဖော်ပြလေ့ မရှိပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်သည်အထိ ခုခံမှုအားကောင်းနေသည့် ချင်းပြည်နယ်အတွင်း ဒေသအလိုက် ကာကွယ်ရေးအဖွဲ့များကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင်စီက အရှိန်မြှင့်၍ တိုက်ခိုက်နေသည်။

သို့သော် ကာကွယ်ရေးအဖွဲ့များက စစ်တပ်ကို ခုခံရင်ဆိုင်နေကြဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button