သတင်း

မြဝတီရှိ စစ်စခန်းကို KNLA သိမ်းပိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ယမန်နေ့ (မတ် ၂၁) ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မော်ခီးရွာရှိ စစ်တပ်စခန်းတစ်ခုမှ လက်နက်များနှင့် ဗုံးသီးများ ရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုသည်။

စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း အမှတ် ၃၂ နှင့် ခြေမြန်တပ်ရင်း အမှတ် ၅၅၅ ပူးပေါင်းအဖွဲ့ကို ထိုနေ့ နံနက် ၅ နာရီခွဲမှစ၍ တိုက်ခိုက်သည်ဟု ၎င်းထံမှ သိရသည်။

“တိုက်ပွဲက ဟိုးမနက်ကတည်းက တိုက်ပွဲဖြစ်တာ။ ညနေ ၅ နာရီလောက်မှာ ပွဲသိမ်းတာ” ဟု ပဒိုစောတောနီးက ပြောသည်။

တိုက်ပွဲအပြီး KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း အမှတ် ၂၀၁ က ၆၀ မမ စိန်ပြောင်းတစ်လက်၊ လက်နက်ငယ် ၄ လက်၊ RPG ဗုံးသီး ရာကျော်နှင့် ကျည်ဆန်သေတ္တာအများအပြား သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သား ၂၈ ဦးရှိသော ထိုစခန်းတွင် တစ်ဦးသေကာ တစ်ဦးကို အရှင်ဖမ်းမိကြောင်း၊ ကျန် ၂၆ ဦးမှာ လက်နက်များကို စွန့်၍ ထွက်ပြေးသွားကြောင်း၊ စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းတွင် တာဝန်ကျသူများ ထိုသို့ စွန့်ခွာ ထွက်ပြေးလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ရှေ့တန်းတပ် တော်တော်များများက အဲဒီလိုမျိုး ခပ်စိပ်စိပ်ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ မြေပြင်တပ်ကတော့ လေတပ်ကို အခြေပြုပြီး လေတပ်ကိုပဲ အားကိုးတဲ့သဘောမှာရှိတယ်။ လေတပ်မလာဘူးဆိုရင်တော့ ဒီပုံပဲ ဖြစ်သွားတာ များတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

“သူတို့ကျန်ခဲ့တဲ့ လက်နက်အရေအတွက်က နည်းတာမှ မဟုတ်ပဲ။ ပစ်ရင် အများကြီးရသေးတယ်” 

တိုက်ပွဲအပြီး တော်လှန်ရေးအင်အားစုများဘက်မှ ထုတ်ပြန်သည့် ဓာတ်ပုံတစ်ပုံတွင် မော်ခီးမဆုတ်တမ်းခံစစ်ဟု ရေးထားသော ဆိုင်းဘုတ်ကို တွေ့ရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြို့နယ်ခွဲ မော်ခီးရွာရှိ စစ်စခန်းဆိုင်းဘုတ်တစ်ခုနှင့်အတူ KNLA စစ်သားတစ်ဦးကို မတ် ၂၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့

တိုက်ပွဲအတွင်း KNLA ဘက်မှ ထိခိုက်ဒဏ်ရာရမှုနှင့် ထိုစခန်းတွင် အခြေစိုက်တပ်စွဲထားခြင်းရှိမရှိ မသိရသေးကြောင်း ပဒိုစောတောနီးက ပြောသည်။

ယခု သိမ်းပိုက်နိုင်ခဲ့သည့် ဝေါလေမြို့နယ်ခွဲရှိ အဆိုပါ ခလရ ၃၂ တပ်စခန်းမှ စခန်းမှူး၊ ဒုစစ်ကြောင်းမှူးအပါအဝင် စစ်သား လေးဦးကို မတ် ၁၃ ရက် စခန်းပြင်ပသို့ ထွက်ခွာလာစဉ် KNLA က ဖမ်းဆီးခဲ့ပြီးဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဝေါလေမြို့နယ်ခွဲသည် KNU က ဒူးပလာယာခရိုင်အဖြစ် သတ်မှတ်ထားသည့် တပ်မဟာ ၆ နယ်မြေအတွင်း ရှိသည်။

ယခု KNLA တိုက်ခိုက်ခဲ့သည့် စခန်းသည် ယမန်နှစ်မှစ၍ စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်နေသည့် မြဝတီရှိ လေးကေ့ကော်မြို့သစ်၏ တောင်ဘက် ၃၆ မိုင်ခန့်အကွာတွင် ရှိသည်။

ဒူးပလာယာခရိုင်အတွင်း၌ပင်ရှိပြီး မြဝတီနှင့် မိုင် ၂၀ ကျော်ဝေးသည့် ကော့ကရိတ်မြို့နယ်တွင်လည်း KNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန်နေသည်ဟု KNU က ယနေ့ (မတ် ၂၂) တွင် သတင်းထုတ်ပြန်ထားသည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားပြီးသည့် KNU က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် စစ်တပ်၏ လုပ်ရပ်ကို လက်မခံကြောင်း၊ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်မည်ဖြစ်ကြောင်း ကြွေးကြော်ထားသည်။

စစ်ကောင်စီကို ဆန့်ကျင်သူများနှင့်အတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကဲ့သို့သော အဖွဲ့အစည်းတွင် ပါဝင်၍ အခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု ပုံစံသစ်တစ်ခုကို KNU က ပူးပေါင်းရေးဆွဲနေသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့တွင် ခုခံမှုများမြင့်တက်နေချိန် စစ်တပ်၏ ပစ်မှတ်ထားခံရသူတို့ကို KNU က ၎င်းတို့ ထိန်းချုပ်ရာ နေရာများအတွင်း လက်ခံထားရှိပြီးနောက်တွင် လေးကေ့ကော်ကဲ့သို့ ပြင်းထန်သည့်တိုက်ပွဲများ စစ်ကောင်စီနှင့် တစ်ကျော့ပြန်ဖြစ်ပွားနေသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်အထိ တပ်ကို စွန့်ခွာနေကြရာ KNU ထံသို့ အနည်းဆုံး ၃ ဦး လာရောက်ခိုလှုံပြီးပြီဟု စောတောနီးက ပြောထားသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေမြို့နယ်ခွဲ မော်ခီးရွာရှိ စစ်စခန်းတွင် သိမ်းဆည်းရမိသည့် ပစ္စည်းများကို မတ် ၂၂ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ခင်းကျင်းပြသထားစဉ်။ ဓာတ်ပုံ- ပေးပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button