(ရန်ကုန်) – ဟိုတယ်ခရီးမှ အဆင့်မြင့်အရာရှိများကို အနားပေးခြင်းမှာ အဂတိုက်လိုက်စားမှု စွပ်စွဲချက်များကြောင့် မဟုတ်ဘဲ သက်ပြည့်ပင်စင်ကြောင့်သာဖြစ်ကြောင်း အဆိုပါဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက Myanmar Now ကို ပြောသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးရည်မွန်ကို အဂတိလိုက်စားမှုသံသယဖြင့် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid (အောကစ်) ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ဧပြီလကတည်းက တိုင်ကြားထားခြင်းဖြစ်သည်။
အမြဲတမ်းအတွင်းဝန်ကို ကိုယ်ပိုင်ဘဏ်စာရင်းဖြင့် သက်ဆိုင်ရာအစိုးရလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ လိုင်စင်မရှိသည့် ကားကို အသုံးပြုစီးနင်းနေကြောင်း စသည့် အချက်အလက်များဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်က ဇူလိုင် ၁၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ကျွန်တော်တိုင်တာကတော့ အမြဲတမ်းအတွင်းဝန်ပါ။ ကိုယ်တိုင်လည်း သက်သေအနေနဲ့ သွားအစစ်ခံထားပါတယ်” ဟု ၎င်းက ပြောသည်။
သူ၏တိုင်ကြားချက်ကြောင့် ဝန်ကြီးဌာနတွင် စစ်ဆေးရေးများ ဝင်ရောက်ခဲ့ပြီး အကြီးတန်းအရာရှိ နှစ်ဦးကို ပင်စင်ပေးလိုက်ရသည်ဟုလည်း ၎င်းက ဆိုသည်။
Orchid ဟိုတယ်ပိုင်ရှင်၏ စွပ်စွဲချက်ကို ဟိုတယ်ခရီး၏ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ငြင်းဆိုခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးရည်မွန်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်တို့သည် သက်ပြည့်ပင်စင် ခံစားရခြင်းသာဖြစ်ကြောင်း ပြောသည်။
အမြဲတမ်းအတွင်းဝန်သည် ပင်စင်အတွက် ဇူလိုင် ၁၁ ရက်ကစတင်ကာ ကြိုတင်ပြင်ဆင်ခံစားခွင့်ယူထားပြီး ညွှန်ကြားရေးမှူးချုပ်သည် လာမည့်ဩဂုတ်လဆန်းပိုင်းတွင် ယင်းခွင့်ကို ခံစားခွင့်ရှိမည်ဟုလည်း သူက ဆိုသည်။
ဟိုတယ်ခရီး အဆင့်မြင့်အရာရှိများအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဖွဲ့ဝင် ဦးဟန်ညွန့်က ဇူလိုင် ၁၇ ရက်နေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
သို့သော်လည်း ဥပဒေအရ သက်ဆိုင်သူများကို ကာကွယ်ရမည် ဖြစ်သောကြောင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံနှင့် ထိပ်တိုက်တွေ့နေသည့် ဦးဌေးအောင်သည် ၎င်းငှားရမ်းထားသော မန္တလေးတိုင်း ပြင်ဦးလွင်ရှိ နန်းမြိုင်ဟိုတယ်ကို ပြန်လည် အပ်နှံလိုက်ရ ပြီး အစိုးရကိုပေးရန် ငှားရမ်းခကြွေးကျန် ကျပ်သိန်းပေါင်း ၁၃,၀၀၀ အတွက် တရားရင်ဆိုင်ရဦးမည် ဖြစ်သည်။
ထို့ပြင် ရန်ကုန်ရှိ လက်ခုပ်ကုန်းဟိုတယ်ကိုလည်း ပြန်လည်အပ်နှံရန် စီစဉ်ထားကြောင်းနှင့် လက်ရှိလည်ပတ်နေသည့် ရန်ကုန် Orchid ဟိုတယ်ကိုလည်း ယခုနှစ်အကုန်တွင် ဝန်ဆောင်မှုများနှင့် အခန်းငှားရမ်းမှုများကို ရပ်တန့်မည်ဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။
“ကျွန်တော်က ဟိုတယ်ကို အိမ်လိုမျိုး လုပ်ပစ်လိုက်မှာပါ။ (၂၀၁၉) ဇန်နဝါရီ ၁ ရက်ကနေစပြီးတော့ အခက်အခဲဖြစ်နေသူတွေ အခမဲ့ လာရောက်တည်းခိုနိုင်ပါတယ် ” ဟု သူက ဆိုသည်။
Orchid ဟိုတယ်ကို ၁၉၉၃ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး နှစ် ၃၀ ပါမစ်ဖြစ်သောကြောင့် ၂၀၂၃ ခုနှစ်အထိ ငှားရမ်းခွင့်ပေးသွင်းကာ နေထိုင်ခွင့်ရှိသည်။



