သတင်း

မြန်မာနိုင်ငံတွင် ကူးစက်မြန် အိုမီခရွန်မျိုးကွဲသစ် BA.2 တွေ့ရှိ

မြန်မာနိုင်ငံတွင် ကူးစက်မြန် မျိုးရိုးဗီဇပြောင်း ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါပိုးတစ်မျိုးဖြစ်သည့် အိုမီခရွန်မျိုးကွဲသစ် BA.2 တွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သောကြာနေ့ (မတ် ၁၈) တွင် ထုတ်ပြန်ကြေညာသည်။

မတ် ၁၅ ရက်က ဓာတ်ခွဲစမ်းသပ်မှုအရ အိုမီခရွန်မျိုးကွဲသစ် BA.2 ရောဂါပိုး ကူးစက်ထားသူ ၃၁ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအရ ကိုဗစ်နိုင်တင်းအတည်ပြုလူနာ တွေ့ရှိမှုသည် ယမန်နေ့တွင် ၃၇၉ ဦးရှိသော်လည်း ယခင်ရက်များတွင် ၅၀၀ ဝန်းကျင်အထက်ရှိနေသည်။

ကူးစက်မှုနှုန်း အလွန်မြင့်မားသည့် အိုမီခရွန်ရောဂါပိုးကို တောင်အာဖရိကတိုက်တွင် စတင်တွေ့ရှိခြင်းဖြစ်ကာ ငါးခုမြောက် မျိုးရိုးဗီဇပြောင်း ကိုဗစ်ရောဂါပိုးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာပြီး မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂၈ ရက်က စတင်တွေ့ရှိခဲ့သည်။​

မျိုးရိုးဗီဇပြောင်းလဲလာသည်နှင့်အမျှ ကူးစက်မှုနှုန်း မြန်ဆန်လာကြောင်း၊ ရောဂါမပြင်းထန်သော်လည်း လူတိုင်းနီးပါး ကူးစက်ခံရနိုင်သည့် အခြေအနေမှ ရှောင်လွှဲမရဖြစ်လာကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ဒေါက်တာစိုးသူရဇော်က Myanmar Now ကို ပြောသည်။

“ပြည်သူတွေအနေနဲ့ ကူးစက်မှုကနေ အတတ်နိုင်ဆုံး ကာကွယ်ရမယ်။ Mask (နှာခေါင်းစည်း) တပ်၊  လက်ဆေးပေါ့။ တစ်ဖက်မှာလည်း ကူးစက်ခံခဲ့ရရင် ခံသာအောင်လို့ ကိုယ်ခံအားကောင်းအောင် အထူးဂရုစိုက်သင့်တယ်” 

အိုမီခရွန်မျိုးကွဲသစ် BA.2 သည် ကူးစက်မှု ပိုမိုမြန်ဆန်သော်လည်း ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှု လျော့နည်းသည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။​

ထို့ပြင် ကိုဗစ်ကူးစက်မှုမှာ ဖေဖော်ဝါရီလဆန်းမှစ၍ နေ့စဉ်မြင့်တက်ခဲ့သော်လည်း ယခုလဆန်းပိုင်းမှစ၍ စတင်ကျဆင်းလာကြောင်း စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားသည်။​

သို့သော် စစ်ကောင်စီသည် ပြည်သူလူထုကျန်းမာရေးထက် အာဏာတည်မြဲရေးကိုသာ ဦးစားပေးနေကြောင်း ဒေါက်တာစိုးသူရဇော်က Myanmar Now ကို ပြောသည်။

“အာဏာတည်မြဲရေးကို ဦးစားပေးနေတယ်ဆိုတာ မတ် ၁၂ ရက်က မန္တလေးတိုင်းမှူးနဲ့ ပုဂ္ဂလိကဆေးရုံပိုင်ရှင်တွေ တွေ့ဆုံပွဲမှာ ပြောခဲ့တဲ့ စကားတွေက သိသာစေပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက မန္တလေးမြို့ရှိ အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့် ပိတ်ပင်လိုက်ပြီးနောက် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ပုဂ္ဂလိကဆေးရုံပိုင်ရှင်များနှင့် ဆရာဝန်များကို ခေါ်ယူကာ လူနာစာရင်း နေ့စဉ်ပေးပို့ရန် ဖိအားပေးထားသည်။

“စကစ (စစ်ကောင်စီ) ရဲ့ စီမံခန့်ခွဲမှုအလွဲတွေကတော့ ပြောလို့မကုန်ဘူးဗျ။ ကိုဗစ်တတိယလှိုင်းမှာ ကြုံခဲ့ရပြီးပြီ။ ကိုဗစ်ဒဏ် အလူးအလဲခံနေရချိန်မှာတောင် အခမဲ့ အိမ်တိုင်ရာရောက် ကုသပေးနေတဲ့ Volunteer (လုပ်အားပေး) ဆေးအဖွဲ့ကို အသွင်ယူပြီး ဖမ်းခဲ့တယ်ဆိုတာ သိမ်မကြာသေးပါဘူး” ဟုလည်း ဒေါက်တာစိုးရသူဇော်က ထောက်ပြသည်။​

ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်အရ တိုင်းနှင့် ပြည်နယ်ဒေသအနှံ့တွင် အိုမီခရွန်အပါအဝင် ကိုဗစ်နိုင်တင်းကူးစက်မှုများ ရှိနေသည်။​

စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ကယားပြည်နယ်တွင် ကျေးရွာများအပြင် စစ်ဘေးရှောင်စခန်းများတွင်ပါ အိုမီခရွန်ကူးစက်မှု မြင့်တက်နေကြောင်း ဒေသခံ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုမှ တာဝန်ရှိက ပြောဆိုထားသည်။​

“စစ်ဘေးရှောင်တွေက အခုဆို အကုန်လုံးရွှေ့ရတဲ့အတွက် ကူးစက်မှုနှုန်းပိုများတယ်။ တစ်နေရာက တစ်နေရာ အမြဲတမ်းရွှေ့ရတဲ့အတွက် ကျွန်တော်တို့ ထိန်းချုပ်လို့ မရဘူး။ ကိုယ်ခံအားစနစ်ရအောင်ပဲ လုပ်နိုင်တယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။​

ကယားပြည်နယ်တွင် စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၂၂၁ ဦး သေဆုံးပြီး နေအိမ် ၆၄၉ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၀ လုံး ပျက်စီးဆုံးရှုံးကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယခုလဆန်းပိုင်းတွင် ထုတ်ပြန်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button