သတင်း

ရှေ့နေကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲသည်ကို ရှေ့နေအဖွဲ့အစည်းများဝေဖန်

ရန်ကုန် – အမှုသည်ထံမှ ငွေကြေး နှင့် ပစ္စည်းလက်ဆောင်များ တောင်းယူပြီး အမှုပြီးဆုံးအောင် မဆောင်ရွက်ပေးကြောင်း စွပ်စွဲခံထားရသည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ ရှေ့နေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့်တရားစွဲဆိုခြင်းကို ရှေ့နေများဝေဖန်လိုက်သည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးသည် ၂၀၁၆ အတွင်း ဖြစ်ပွားခဲ့သည့် အမှုနှစ်ခုတွင် အမှုအောင်မြင်စေရေးအတွက် အကြောင်းပြကာ အမှုသည်ထံမှ ကျပ် ၁၂ သိန်း ကျော်နှင့် လက်ဆောင်ပစ္စည်းများ တောင်းခံခဲ့ကြောင်း စွပ်စွဲခံနေရပြီး ထိန်းသိမ်းခံထားရသည်။

အခြားသော အရေးယူနိုင်သည့် ဥပဒေများရှိလျက် အာမခံမရသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခြင်းကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အတွင်းရေးမှူး ဦးသိန်းသန်းဦးက ပြောသည်။

“ပိုက်ဆံယူပြီးတော့ တာဝန် ကျေအောင် အမှုမလိုက်ထားဘူး ဆိုရင် ဘားကောင်စီ ဥပဒေရှိတယ်။ နောက်တစ်ခုက တရားရုံးကို ပေးမယ်ဆိုပြီး ပိုက်ဆံယူတယ်ဆိုရင် အဲဒါ လိမ်လည်မှုနဲ့ အရေးယူလို့ရတယ်။ အဂတိနဲ့တော့ မဆိုင်ဘူးလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် နောက်နောင်ကျရင် အစဉ်အလာဖြစ်လာမှာ စိုးတာပါ” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေအသင်းအဖွဲ့များ ဖြစ်ကြသော မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILEM)၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ မြန်မာမီဒီယာရှေ့နေ များကွန်ရက်တို့မှ တာဝန် ရှိသူများသည် သြဂုတ်လ ၂၁ ရက် (မနက်ဖြန်) လက်ပံတန်းသို့သွားရောက်ကာ အမှုဖြစ်စဉ်မှန်ကို စုံစမ်းမည်ဖြစ်သည်။

ထိုသို့စုံစမ်းခြင်းသည် အရေးယူခံထားရသည့် ရှေ့နေဘက်မှ ကာကွယ်ပေးလိုခြင်းမဟုတ်ဘဲ၊ ဥပဒေနှင့် အညီ ဥပဒေအကာအကွယ် ရရှိရန်သာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်း အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

“ဒေါ်ခင်အေး လိမ်တယ်၊ မလိမ်ဘူးကို ကျွန်တော်တို့ ကာကွယ်မှာ မဟုတ်ပါဘူး။ အမှားအမှန်က အမှုမစစ်ဆေး ရသေးတဲ့အတွက် ကျွန်တော်တို့ မသိဘူး” ဟု ၎င်းကပြောသည်။

၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေသည် အထူးဥပဒေဖြစ်သည့်အပြင် နောက်ဆုံးပြဋ္ဌာန်းထားသည့် ဥပဒေခြင်းကြောင့် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေအရ နောက်ဆုံး အထူးဥပဒေများကို ဦးစားပေးတရားစွဲဆိုလေ့ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်ဦးဟန်ညွန့်က ပြောသည်။

“တရားရုံး၏ လုပ်ငန်းများအပေါ်မည်သူမျှ စကားဦးသန်းလို့ မရပါဘူး။ အဂတိလိုက်စားမှု ဆိုသည်တွင် မည်သူ မဆို ဟူ၍ ပြဋ္ဌာန်းချက်ပါပါတယ်။ ဒါဟာ ရာထူးတာဝန်လို့လည်း မကသည့်ပြင် အခြားနည်းဖြင့်ဖြစ်စေလို့လည်း ပါသည့် အတွက် (ရှေ့နေသည်) အရာရှိမဟုတ်သော်လည်း အခြားနည်းဆိုတဲ့နေရာမှာ အကျုံးဝင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ကော်မရှင်သည် တရားစွဲဆိုခြင်းမပြုမီ သေချာသော၊ ငြိစွန်းသော ပုဒ်မများဖြင့် သက်ဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်ကို ရယူတရားစွဲလေ့ ရှိသည်ဟုလည်း သူကဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ ၏ အမြင့်ဆုံးပြစ်ဒဏ်မှာ ငွေဒဏ်နှင့် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။

ရှေ့နေအသင်းအဖွဲ့များအနေဖြင့် တရားစွဲခံရသူသည် ရှေ့နေတစ်ယောက်ဖြစ်ခြင်းကြောင့် ပါဝင်လေ့လာ စုံးစမ်းမည်ဖြစ်သော်လည်း အဓိကအကြောင်းခြင်းရာသည် တရားဥပဒေနှင့်အညီ ဖြစ်ရေးနှင့် အမှန်တရား ပေါ်ပေါက်ရေးသာ ဖြစ်သည်ဟု လေ့လာစုံစမ်းရေးတွင် ပါဝင်မည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောသည်။

“သူက တရားဥပဒေကို ကျူးလွန်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲပြောပြော ရှေ့နေတစ်ယောက်ဖြစ်နေတာ ဖြစ်တဲ့အတွက် လေ့လာစုံစမ်းမယ်။ ကူညီစရာရှိရင်လည်း တတ်နိုင်သမျှ ကူညီမယ်။ အဓိကကတော့ အမှန်တရားဖြစ်ရေးနဲ့ ဥပဒေနဲ့ အညီဖြစ်ရေးပါဘဲ” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button