
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ယမန်နေ့ (မတ် ၁၃) က နယ်ခြားစောင့်တပ်ဖွဲ့ဝင် ရဲတစ်ဦးက ပစ်ခတ်သဖြင့် ဒေသခံအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားနှစ်ဦးထံမှ သိရသည်။
သေနတ်ဖြင့် ပစ်ခံရသဖြင့် သွေးထွက်လွန် သေဆုံးသွားသူမှာ မောင်တောမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာရှိ မီးတိုက်ကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ကိုကျော်မောင်သာဆိုသူဖြစ်ကာ ယမန်နေ့ ညနေ ၆ နာရီခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
“နယ်ခြားစောင့်က ချောင်းပြီးတော့ ပစ်တာပါ။ အပစ်ခံရပြီးတော့ အဲဒီလူနာကို သူတို့ (နယ်ခြားစောင့်) က ထမ်းပြီးတော့ စခန်းကို ယူလာတယ်။ စခန်းကနေတစ်ဆင့် ရွာသားတစ်ယောက်နှစ်ယောက်ကို ခေါ်ပြီးတော့ အငှားကားတစ်စီးနဲ့ ဒီလူနာကို ဆေးရုံတစ်ခေါက်ဖြစ်အောင်ပို့။ ဒဏ်ရာက နည်းနည်းပြင်းနေတယ်ဆိုပြီး ပြောတယ်” ဟု မီးတိုက်ရွာမှ ဒေသခံအမျိုးသားက ပြောသည်။
ကိုကျော်မောင်သာမှာ ရွာအနောက်ဘက် တစ်ဖာလုံခန့်အကွာ တောစပ်တွင် နွားကျောင်းနေစဉ် နွားတစ်ကောင်ပျောက်သဖြင့် လိုက်လံရှာဖွေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ညာခြေသလုံးတွင် ရရှိသည့် သေနတ်ဒဏ်ရာမှာ ပြင်းထန်သောကြောင့် သွေးထွက်လွန်၍ မောင်တောဆေးရုံ၌ သေဆုံးသွားကြောင်း မီးတိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းကလည်း Myanmar Now ကို ပြောသည်။
“ဒဏ်ရာက ညာဘက်ခြေသလုံးမှာပါ။ ဒဏ်ရာက တော်တော်ပြင်းတယ်။ သွေးထွက်များသွားလို့ ဆုံးသွားတာ။ မောင်တောဆေးရုံကို မနေ့က ည ၁၀ နာရီလောက်မှာ ရောက်ပြီးတော့ ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
Myanmar Now က ရရှိထားသည့် ဓာတ်ပုံများအရ ထမ်းစင်ဖြင့် သယ်ဆောင်လာသည့် ဒဏ်ရာရ အမျိုးသား၏ ညဘက်ခြေထောက်တွင် သွေးများထွက်နေသည်ကို တွေ့ရသည်။
လူဦးရေ ၆၀၀ ခန့် နေထိုင်သော မောင်တောင်မြို့နယ် မီးတိုက်ကျေးရွာမှာ ဒိုင်းနက်လူမျိုးအများစု နေထိုင်သော ကျေးရွာဖြစ်သည်ဟု သိရသည်။ မီးတိုက်ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက တောစပ်အနီး ရောက်လာကာ ပစ်ခတ်ခြင်းဖြစ်သည်ဟု နောက်ထပ် မီးတိုက်ရွာသားတစ်ဦးက ပြောသည်။

“ရဲစခန်းက ရွာရဲ့အနောက်မြောက်ထောင့်မှာရှိတာ။ ရွာနဲ့ဆို ၅ မိနစ်ပဲ လမ်းလျှောက်ရတယ်။ အခု သေနတ်ပစ်ခံရတာက ရွာအနောက်ဘက် တစ်ဖာလုံလောက်အကွာမှာ အပစ်ခံရတာ။ ဘုန်းကြီးကျောင်းအနီးမှာ ရေကန်တစ်ကန်ရှိတယ်။ အဲဒီရေကန်နောက်ဘက်က တောစပ်မှာ ပစ်ခံရတာ” ဟု ၎င်းက ဆိုသည်။
“နယ်ခြားစောင့်တွေက အဲဒီစခန်းကနေ ပစ်တာမဟုတ်ဘူး။ သူတို့က တမင်သက်သက် အဲဒီဘက်သွားပြီးတော့ ပစ်တာပါ” ဟု အထက်ပါ ရွာသားက ဆက်ပြောသည်။
သေနတ်ပစ်ခံရပြီး ရရှိသည့်ဒဏ်ဖြင့် သေဆုံးခဲ့သူ ကိုကျော်မောင်သာ၏ ရုပ်အလောင်းကို မောင်တောဆေးရုံမှ မီးတိုက်ကျေးရွာသို့ ပြန်လည်ယူဆောင်သွားပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သာထွန်းထံမှ သိရသည်။
“သေနတ်လေးချက် ပစ်တယ်။ တစ်ချက်ထိတယ်လို့ ပြောပါတယ်။ သေနတ်ပစ်သံကို ရွာကလူအားလုံး ကြားလိုက်ရတယ်လို့ ပြောပါတယ်။ အခု အလောင်းကို မောင်တောကရုဏာကွန်ရက်ကားနဲ့ ရွာကို ယူသွားနေပါပြီ” ဟု ၎င်းက ပြောသည်။
နယ်ခြားစောင့်ရဲက ပစ်ခတ်သည်ဆိုသည့်အပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဘက် လက်ပံတောင်ကြောတွင် ပြီးခဲ့သည့်လဆန်းပိုင်းက ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ခြေမြန်တပ်ရင်း အမှတ် ၃၅၂ စစ်ကြောင်း (၁) က ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း AA တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့် ရက်တွင် AA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီးနောက် နောက်ရက်များတွင် စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့ကာ လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)