သတင်း

မောင်တော နယ်ခြားစောင့်စခန်းမှ ရဲ ၄ ဦး လက်နက်နှင့် ထွက်ပြေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းမှ ရဲ ၄ ဦး လက်နက်များယူပြီး ယမန်နေ့ (မတ် ၆) တွင် ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။ 

မောင်တော- အငူမော်ကားလမ်းဘေး ကျောက်ပန္ဒူကျေးရွာနှင့် ဥဒေါင်းကျေးရွာကြား မြင်းလွှတ်မြို့ရှိ အမှတ် (၉) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၉) တပ်ရင်းမှ ရဲများဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတာ ဟုတ်ပါတယ်။ မနေ့က မနက်ပိုင်းမှာ ထွက်ပြေးသွားတာ ထင်တယ်။ ကျွန်တော်တို့သိရတာက မနက်ပိုင်း ၉ နာရီလောက်မှ သိရတယ်။ ဘယ်ကို ထွက်ပြေးသွားတယ်ဆိုတာကိုတော့ မသိရဘူး။ အဲဒါကြောင့် လိုက်ရှာနေကြတယ်” ဟု အမည်မဖော်လိုသည့် ထိုကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

ထွက်ပြေးသွားသူတို့၏ အမည်၊ ရာထူးများကို မသိရကြောင်း ဆိုသည်။ 

ထိုသတင်း မှန်ကန်ကြောင်း မြို့နယ်အုပ်ချုပ်ရေးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက အတည်ပြုသည်။

“နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄ ဦး သေနတ်တွေနဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းက ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုထွက်ပြေးသွားတယ်ဆိုတာ မသိရဘူး။ စစ်တပ်နဲ့ ရဲတွေက မနေ့ကတည်းက လိုက်ရှာနေကြတာ။ မတွေ့သေးဘူးလို့ သိရတယ်”

ဘင်္ဂလားဒေ့ရှ်နှင့် ကပ်လျက် တည်ရှိသော မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) လည်း ရှိနေရာ ထွက်ပြေးသွားသူများ AA နှင့် သွားရောက် ပူးပေါင်းဖွယ်ရှိသည်ဟု အများက ယူဆနေသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း AA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်၍ မရသေးပေ။ 

ယခင်ကလည်း AA ထံ ခိုလှုံသွားသည့် ဖြစ်စဉ်များ ရှိခဲ့ပြီး AA ကလည်း ၎င်းတို့ထံ ခိုလှုံလာသူ စစ်ကောင်စီလက်နက်ကိုင် ၁၀၀ နီးပါးခန့် ရှိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ 

အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ ကင်းစခန်းများ၊ နယ်ခြားစောင့်ရဲစခန်းများမှ ရဲများ၊ စစ်သားများ ထွက်ပြေးခဲ့ဖူးသည်။

ယမန်နှစ် မေလနှင့် စက်တင်ဘာအတွင်း ကျောက်တော်မြို့နယ် မဟာမုနိဘုရားအနီး တပ်စွဲထားသော စစ်ကြောင်းမှ စစ်သား ၃ ဦး၊ စက်တင်ဘာအတွင်း ရသေ့တောင်မြို့နယ် နယ်ခြားစောင့်ရဲကင်းစခန်းတစ်ခုမှ အရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး AA ထံ ထွက်ပြေးသွားကြောင်း Myanmar Now တွင် သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။ 

အလားတူ ယခုနှစ် ဇန်နဝါရီ ၃၁ က မောင်တောမြို့အဝင် မြို့သူကြီးရိုဟင်ဂျာကျေးရွာအနီးရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ (နခခ ၅) မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေးခဲ့ပြီး ၎င်းကို ဖေဖော်ဝါရီ ၁ ရက်က စစ်တွေမြို့တွင် ပြန်ဖမ်းမိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မြင်းလွှတ်မြို့သည် မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲတစ်ခုဖြစ်ပြီး မောင်တောမြို့နှင့် ၁၅ မိုင်ခန့် ဝေးသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ တွင် မောင်တောမြို့နယ်အတွင်းရှိ ဂြင်းတော၊ ဖွေးရာ၊ ကမ်းနားရွာဟောင်း၊ မြောချောင်း၊ မြင်းလွှတ်(အရှေ့)၊ မြင်းလွှတ် (အလယ်)၊ မြင်းလွှတ်(တောင်)၊ မြင်းလွှတ်(အနောက်)၊ မြင်းလွှတ်ရွာသစ်၊ ရှီးဒါးနှင့် ဇုံကုလား/ဇုံကရ ရွာများကို စုပေါင်းပြီး မြို့ပေါ်ရပ်ကွက် ၈ ခုဖြင့် မြင်းလွှတ်မြို့အဖြစ် သတ်မှတ်ခဲ့သည်။

မြင်းလွှတ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၉) ကို အသစ်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ထိုနေရာသည် ယခင်က ရိုဟင်ဂျာများနေထိုင်ခဲ့သော နေရာဖြစ်ကာ ၂၀၁၇ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေရာလည်း ဖြစ်သည်ဟု ဒေသခံများအဆိုအရ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် AA တို့ ယာယီအပစ်ရပ်ထားပြီး စစ်ရေးအခြေအနေ တင်းမာနေကာ ဒေသအတွင်း စစ်တပ်က ရိက္ခာ၊ လူအင်အား ဖြည့်တင်းနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button