သတင်း

မောင်တောတိုက်ပွဲတွင် ရဲမှူးအပါအဝင် ၁၄ ဦး ဖမ်းမိကြောင်း AA ထုတ်ပြန်

ယမန်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးကို လက်ရဖမ်းမိကြောင်း ရက္ခိုင့်တပ်တော် (AA) တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ နံနက် ၉ နာရီခန့်က မောင်တောမြို့နယ် ဇင်ပိုင်ညာရွာနှင့် စကားပင်ရင်းရွာအကြားတွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီခွဲ၌ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြားတွင် တစ်ကြိမ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

“ရန်သူဘက်ကတော့ သေဆုံးသူနဲ့ ဒဏ်ရာရသူ အများကြီးရှိတယ်။ လက်နက်ချ အညံ့ခံပြီးတော့ ဖမ်းဆီးခံရသူက ရဲမှူးတစ်ယောက်အပါအဝင် စုစုပေါင်း ၁၄ ယောက်ရှိတယ်” ဟု AA ပြောခွင့်ရ ခိုင်သုခက Myanmar Now ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်အသုံးအ‌ဆောင်ပစည်းများ၊ ခဲယမ်းမီးကျောက်များအပြင် ပစ္စတိုအပါအဝင် ၂၇ လက် သိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးကြောင်းလည်း ၎င်းက ပြောသည်။

ယမန်နေ့တိုက်ပွဲသည် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ၎င်းတို့တပ်စခန်းကို စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

“ရက္ခိုင့်တပ်တော် တပ်စခန်းကို မြန်မာစစ်တပ်ဘက်က တစ်စုံတရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒါကြောင့်နဲ့ ကျွန်တော်တို့ဘက်ကလည်း အခုလို ပြန်ပြီးလက်တုံ့ပြန်တိုက်ခိုက်တာ ဖြစ်တယ်” 

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းရှိ AA စစ်စခန်းကို စစ်ကောင်စီက ယခုလ ၄ ရက်တွင် ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ AA တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့သည်။

ယမန်နေ့က မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်သည့် ရုပ်သံဖိုင်တစ်ခုကိုလည်း AA က ထုတ်ပြန်ထားသည်။

အတုံးအရုံးလဲကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒူးထောက်လက်နက်ချနေသူများကိုလည်း ရုပ်သံတွင် တွေ့ရသည်။

“ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ ကျွန်တော်တို့က နိုင်ငံတကာစစ်သုံ့ပန်းဥပဒေ၊ နောက် ကျွန်တော်တို့ ရက္ခိုင့်တပ်တော်က ကျင့်သုံးနေတဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ့နဲ့အညီ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်” ဟု AA ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် ဆက်လက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီဘက်မှ ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲဆက်ဖြစ်သွားမည်ဟုလည်း ခိုင်သုခက ပြောသည်။

လက်နက်ကိုင်ခုခံတော်လှန်မှုများကြောင့် နိုင်ငံအနှံ့တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်နေချိန်တွင် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် AA နှင့်ပါ စစ်မျက်နှာဖွင့်လာရခြင်းဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button