ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် နယ်ခြားစောင်ရဲကင်းစခန်းတစ်ခုမှ အရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်မဲ့ ထွက်ပြေးလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
စေတီပြင်ကျေးရွာ၏ နောက်ဘက် မိုင်ဝက်ခန့်အကွာတွင်ရှိပြီး အထက်နန်းရာကုန်းအနီး စေတီတောင်ပေါ် စခန်းချထားသည့် နယ်ခြားစောင့်တပ်စခန်းမှ ဖြစ်ကြသည်ဟု ဆိုသည်။
“နယ်ခြားစောင့် ရဲသုံးဦးလို့ သိရတယ်။ အဲဒီအထဲမှာ အရာရှိတစ်ဦးပါတယ်လို့ ပြောကြတယ်” ဟု AA နှင့် နီးစပ်သည့် ထိုအမျိုးသားက ပြောသည်။
စက်တင်ဘာ ၆ က မေယုကမ်းဒေသရှိ ကျေးရွာတစ်ရွာသို့ လာရောက်ပြီး AA ထံ ထွက်ပြေးခိုလှုံလာခြင်း ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာ ၈) နိရဥ္စရာသတင်းဌာန သတင်းတစ်ပုဒ်တွင်လည်း ဖော်ပြထားသည်။
ထိုးဦး၏ အမည်၊ ရာထူး၊ ထွက်ပြေးရသည့်အကြောင်းတို့ကို မသိရှိရသေးပေ။ ပိုမိုသိရှိနိုင်ရန် AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်သည်။
ထိုစေတီတောင် တောင်ကုန်းပေါ်၌ စခန်းချတပ်စွဲထားသည့် နယ်ခြားစောင့်ရဲကင်းစခန်းတွင် အင်အား ၇၀ ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေ ၂၂ တွင်လည်း ကျောက်တော်မြို့ မဟာမုနိဘုရားအနီး တပ်စွဲထားသည့် စစ်ကြောင်းမှ စစ်သား ၁ ဦး AA ထံ ထွက်ပြေးသွားကြောင်း ထိုစဉ်က သတင်းများထွက်ပေါ်ခဲ့သည်။
AA ဘက်ကလည်း ၎င်းတို့ထံ ထွက်ပြေးခိုလှုံလာသည့် စစ်ကောင်စီတပ်သားအရေအတွက် ရာနှင့်ချီ ရှိကြောင်း၊ လူသားချင်းစာနာမှုဖြင့် ကူညီဆောင်ရွက်ပေးနေကြောင်း ပြီးခဲ့သည့် ဇွန်လက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
ရသေ့တောင်မြို့နယ်သည် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည့် မြို့နယ်တစ်ခုဖြစ်ကာ ပြီးခဲ့သည့် သြဂုတ် ၃၀ တွင် ရေစိုးချောင်းဗျူဟာသို့ ရိက္ခာလာပို့သည့် စစ်ကြောင်း ချုံခိုတိုက်ခိုက်ခံခဲ့ရသည်။
တိုက်ပွဲများပြင်းထန်နေသော ရခိုင်မြောက်ပိုင်းတွင် AA နှင့် စစ်ကောင်စီတပ်တို့ကြား ရိက္ခာဖြတ်တောက်မှု အပြန်အလှန်လုပ်ဆောင်နေကြပြီး စစ်ရေးအရှိန် မြင့်တက်နေဆဲဖြစ်သည်။
အလားတူ ဇူလိုင်လအတွင်းနှင့် ဩဂုတ်လအတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နှင့်ချီ သေဆုံးခဲ့သလို နယ်စပ်ရှိ အခြေစိုက်စခန်းတစ်ခု ဆုံးရှုံးထားသည်။
ထို့ကြောင့် စစ်ကောင်စီတပ်က ရခိုင်ဒေသအတွင်း တခြားဒေသများကဲ့သို့ လေကြောင်းမှပါ ပစ်ခတ်တိုက်ခိုက်နေရာ လေကြောင်းပိုင်နက်ကျူးကျော်ပျံသန်းမှု၊ နယ်မြေအတွင်း လက်နက်ကြီးကျရောက်မှုတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကန့်ကွက်ထားပြီး နယ်စပ်တစ်လျှောက် တပ်လှန့်ထားသည်။
ရဲနှင့် စစ်သားများသည် ဒေသခံတို့ထောက်ခံမှုအားကောင်းသော AA နှင့် ရင်ဆိုင်ရနိုင်သည့် ရခိုင်ဒေသတွင် သွားရောက် တာဝန်ထမ်းရန် ဝန်လေးကြသည်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် ရခိုင်ဒေသတိုက်ပွဲများတွင် စစ်တပ်ကို ထောက်ခံသူ အများအပြားရှိခဲ့သည်။
သို့သော်လည်း ယနေ့ကာလတွင် စစ်အာဏာသိမ်းပြီး အကြမ်းဖက်အုပ်ချုပ်ခံနေရသဖြင့် ပြည်သူအများစုက AA ကို ထောက်ခံလျက်ရှိသည်။
ဒေသအသီးသီးမှ ခုခံစစ်ဆင်လိုသူတို့ကိုကို စစ်ပညာသင်ကြားပို့ချပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အောင်ပွဲနှင့် စစ်ရေးအတွေ့အကြုံများလာသည့် AA လည်း ပါဝင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)