အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင် ဘုန်းကြီးကျောင်း လက်နက်ကြီးကျ၊ ကလေး ၂ ဦး အပါအဝင် ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပံတောရွာကို ယနေ့ (မတ် ၈) ရက် နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းသည့် စစ်တပ်က ပစ်ခတ်ရာ ကလေး ၂ ဦး အပါအဝင် ဒေသခံ ၆ ဦး သေဆုံးသွားသည်။ 

ထိုရွာမှ ၅ မိုင်ခန့်အကွာ စည်လှောင်ရွာတွင် ယမန်နေ့ညက တပ်စွဲခဲ့သည့် အင်အား ၁၅၀ ကျော် စစ်တပ်က အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ လက်ပံတောရွာကို ပထမဆုံးအကြိမ် ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“မနက် ၁၀ နာရီလောက်မှာ စစ်တပ်က ရွာအဝင်နားက တံတားထိပ်နားကနေ ၆၀ မမနဲ့ လှမ်းထုတာ။ ရွာက လူတွေ တိမ်းရှောင်နေတဲ့ ဘုန်းကြီးကျောင်းဝင်းထဲ ကျတာ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတစ်ယောက် သေဆုံးတယ်” ဟု ပြောရေးဆိုခွင့်ရသူ မဟုတ်သဖြင့် အမည်မဖော်လိုသော ထိုအဖွဲ့ဝင်က ပြောသည်။

သေဆုံးသူများထဲတွင် လက်ပံတောရွာမှ အသက် ၅၀ ကျော်အရွယ် ဒေါ်တင်ညွန့်၊ အသက် ၆၀ ကျော်အရွယ် ဦးသန်းမောင်၊ အသက် ၆၀ ကျော်အရွယ် ဒေါ်သန်းလှနှင့် မြေးဖြစ်သူ ၅ နှစ်အရွယ် မောင်မြတ်ဘုန်းနိုင်တို့ ပါဝင်သည်။ ကျန် ၂ ဦး၏ အမည်နှင့် အသက်ကို မသိရသေးကြောင်း၊ ဒဏ်ရာရသူ ၇ ဦးခန့် ရှိပြီး အခြားထိခိုက်သေဆုံးမှု ရှိမရှိ ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမားချောင်းဘေးမှရွာ ဖြစ်သောကြောင့် ရုတ်တရက် ဝင်ရောက်စီးနင်းခံရချိန်တွင် ဝေးရာသို့ ရှောင်တိမ်းချိန်မရခဲ့ကြောင်း ဒေသခံများက ဆိုသည်။ 

“ရွာအရှေ့ဘက်ကြည့်ရင် ယမား၊ တောင်ဘက်ကြည့်ရင် ယမားဆိုတော့ ပြေးကွင်းကျဉ်းတယ်။ တစ်ကြိမ်မှ စစ်ဘေးရှောင်ရတာ မရှိသေးဘူး။..လက်ပံတောဘက်ကို ဝင်လိမ့်မယ်လို့ကို မယူဆကြဘူး” ဟု ချင်းတွင်းရိုးမတပ်ပေါင်းစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမြတ်ကိုက ပြောသည်။  

“ဒီနေ့မနက်ကျမှ ရုတ်တရက် ဝင်လာတာ။ ဘယ်သူမှ ထင်မှတ်မထားကြဘူး။ ကြိုတင်ရှောင်ရတာ မဟုတ်တဲ့အတွက် ထိခိုက်မှုတွေက ပိုဆိုးသွားတာ” 

စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာသည့်အတွက် ဘုန်းကြီးကျောင်းတွင် သွားရောက် ခိုလှုံနေသည့် ဒေသခံများမှာ နောက်ထပ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများ ကောက်ယူနိုင်ခြင်းမရှိသေးဘဲ အသေးစိတ် မသိရှိရသေးကြောင်း ဆက်ပြောသည်။ 

ရွာအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်ကို နေ့လယ်ပိုင်းတွင် ရွှေတြိဂံတပ်ရင်း၊ Regional Task Force၊ မြောက်ယမား၊ ရိုးမဖိုက်တာ အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များက လာရောက် တိုက်ခိုက်ခဲ့ကြရာ ညနေ ၅ နာရီအထိ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနိုင်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရသူ ၂ ဦးထက်မနည်းရှိကြောင်း ပါဝင်တိုက်ခိုက်နေသည့် အဖွဲ့များက ဆိုသည်။ 

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သီးခြားအချက်အလက် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ယနေ့ည ၉ နာရီအချိန်အထိ အချက်အလက်များအရ ကန်သာရွာဘုန်းကြီးကျောင်းတွင် ထိုစစ်ကြောင်းက တပ်စွဲထားသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ ယင်းမာပင်မြို့နယ် မြောက်ဘက်ကျေးရွာများကို ဝင်ရောက်စီးနင်းနေသည့် စစ်တပ်၏ ရန်ကြောင့် သကြားစက်၊ ရွှေစု၊ စည်လှောင်၊ အောင်ချမ်းသာ၊ မြရိပ်၊ ရှမ်းရွာ၊ ကန်သာ၊ လက်ပံတောရွာတို့မှ ဒေသခံ ထောင်နှင့်ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

စစ်ကိုင်းတိုင်း တစ်တိုင်းလုံးနီးပါးကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ပြီး ၃ ရက်အကြာ မတ် ၆ ကလည်း တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာမှ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားသည်။ 

ယင်းမာပင် ကျေးလက်ဒေသမှ ၆ ဦး သေဆုံးသည်အထိ ဖြစ်ခဲ့ရသော ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ယနေ့ ညပိုင်းတွင် စစ်ကောင်စီ ပြန်ကြားရေးဌာနကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

စစ်ကောင်စီတပ် လက်ချက်ကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၆၂၃ ဦးထက်မနည်း ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ထုတ်ပြန်ထားသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများက AAPP ၏ ကိန်းဂဏန်း မှားယွင်းနေသည်ဟု ယခင်က ပြောခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles