သတင်း

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိမြို့များကို အင်တာနက်ဖြတ်တောက်ရန် အမိန့်ထုတ်

ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်အင်အားစုများနှင့် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားနေသည့် မြန်မာနိုင်ငံအနောက်မြောက်ဘက် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြားကို ယမန်နေ့မှစ၍ အကန့်အသတ်မရှိ အင်တာနက်ပိတ်ပင်ရန် မိုဘိုင်းဆယ်သွယ်ရေးကုမ္ပဏီများကို စစ်ကောင်စီက အမိန့်ထုတ်ပြန်သည်။

မိုဘိုင်းအော်ပရေတာများဖြစ်သော MPT၊ Telenor၊ Mytel နှင့် Ooredoo တို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားသည့်စာတွင် စစ်ကိုင်းတိုင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနှင့် ကလေးမြို့တို့အပ ကျန်မြို့နယ်ပေါင်း ၂၃ မြို့နယ်တွင် မိုဘိုင်းအင်တာနက်ကို ပိတ်ပစ်ရန် ညွှန်ကြားထားသည်။​ 

စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် မြန်မာ့ဆက်သွယ်ရေးဥပဒေကို ကိုးကားပြီး အများပြည်သူလုံခြုံရေး အကြောင်းပြချက်ပြထားသည်ဟု ဆက်သွယ်ရေးကုမ္ပဏီတစ်ခု၏ သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ အရာတော်၊ ဝန်းသို၊ ဘုတလင်၊ ပင်လည်ဘူး၊ ကောလင်း စသည့် မြို့နယ် ၈ ခုမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက အင်တာနက်ဖြတ်တောက်ခံထားရသည်။

ထို့ပြင် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်မြို့နှင့် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသော စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ တောတောင်ထူထပ်သည့် ချင်းပြည်နယ်တွင် မြို့တော်ဟားခါးမှလွဲ၍ ကျန်နေရာများတွင် စစ်ကောင်စီက ယမန်နှစ်ကတည်းက အင်တာနက်ဖြတ်တောက်ထားသည်။ 

စစ်ကောင်စီ၏အမိန့်အတိုင်း ဆက်သွယ်ရေးကုမ္ပဏီများက စစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၂၃ ခုကို ယမန်နေ့ညနေမှစ၍ အင်တာနက်ပိတ်ပင်ထားပြီးဖြစ်ကြောင်း၊ သို့သော် ဖိုင်ဘာအင်တာနက်လိုင်းများကို ပိတ်ဆို့ထားခြင်း မရှိကြောင်း ဆက်သွယ်ရေးကုမ္ပဏီသတင်းရင်းမြစ်က ဆိုသည်။ 

“မိုဘိုင်းအင်တာနက်ကို ပိတ်ခိုင်းတာ၊ ဖိုင်ဘာကြိုးနဲ့ လိုင်းတွေကိုတော့ မပိတ်ခိုင်းဘူးဆိုပေမဲ့ မြို့နယ်အသေးလေးတွေမှာ၊ ကျေးရွာတွေမှာက ဒီလိုဖိုင်ဘာကြိုးနဲ့ အင်တာနက်ဆိုတာက မရှိသလောက်ဆိုတော့ အားလုံးကို အင်တာနက်ပိတ်ခိုင်းတဲ့သဘောပဲ” ဟု ၎င်းက ဆိုသည်။ 

လူဦးရေ ငါးသန်းနီးပါးရှိ စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းများထိုးကာ ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းများ ပြုလုပ်နေချိန်တွင် အင်တာနက်ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ 

မြို့နယ်ပေါင်း ၂၃ ခုအနက် Myanmar Now က ဆက်သွယ်မေးမြန်းသည့် မြို့နယ် ၁၈ ခုတွင် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီဖြစ်ကြောင်း သိရှိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရွာလုံးကျွတ်မီးရှို့ခြင်းကို ခံနေရသည့် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ ယမန်နေ့ည ၁၁ နာရီမှစ၍ အင်တာနက်လိုင်းများပြတ်တောက်သွားသည်ဟု သိရှိရသည်။

“အင်တာနက်လိုင်းက ဘာမှကို မရတော့ဘူး။ အရင်တုန်းက 2G ရသေးတယ်။ အခုက 2G ကို မရတော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ မွေ့တုံရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး မီးရှို့ထားသည်ကို ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့) 

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ နေရာအများစုမှာ မြို့ငယ်များ၊ ကျေးရွာများနှင့် တောတောင်ထူထပ်သော နေရာများဖြစ်ကာ စစ်ကောင်စီက ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ သတင်းများကို အင်တာနက်ပေါ် မပျံ့နှံ့စေရန် ထိန်းချုပ်ချင်သည့် သဘောဟု ယူဆရသည်။ 

“မနေ့ည ၁၁ လောက်ကစပြီး လိုင်းက မရဘူး။ 2G နဲ့ဆိုတော့ စာတောင် အတော်ပို့ယူရတယ်။ မနေ့ညက ၁၁ နာရီမတိုင်ခင်အထိ ရသေးတယ်” ဟု ဝက်လက်မြို့နယ်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ယနေ့ (မတ် ၄) နံနက်မှစ၍ အင်တာနက်လိုင်းများ မရရှိတော့ကြောင်း၊ MPT အပြင် အခြားဖုန်းလိုင်းများ သုံးကြည့်ရာတွင်လည်း မရရှိကြောင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့မြို့နယ်က တစ်နေရာရာကို ဝင်စီးနေလို့ ပြတ်တယ်ထင်ပြီး သူများတွေဖုန်းဆက်ကြည့်တော့ အတော်များများ ပြတ်နေတာ။ ဘာဖြစ်လဲတော့ မသိဘူး။ တစ်ခုခု ယုတ်မာဖို့ ကြံစည်နေကြတာ ဖြစ်မယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ဆင်ရေးဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟုလည်း​ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

“စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ ထိုးစစ်ကောင်းကောင်းဆင်တော့မယ်လို့ ယူဆရတယ်။ အဲဒါကြောင့် အရင်ဆုံး အင်တာနက်လိုင်းတွေကို ဖြတ်တယ်။ အင်တာနက်ရှိလို့သာ ငွေကြေးလည်ပတ်မှုတွေ၊ အလှူငွေတွေက အဆင်ပြေနေတာပေါ့။ တကယ်လို့သာ အင်တာနက်မရှိရင် အဲဒါတွေက လုံးဝ အဆင်မပြေတော့ဘူး” ဟု တန့်ဆည်မြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။ 

“ဖုန်းကလည်း ရတစ်ချက် မရတစ်ချက်ပဲ။ အင်တာနက်ဖြတ်တာ မဖြတ်တာက ဒီအတွက်တော့ မထူးခြားဘူး။ ဘာသတင်းမှ မကြားရတာလည်း ကြာပြီလေ” ဟု ပြီးခဲ့သည့် စက်တင်ဘာလကတည်းက အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းအနောက်ခြမ်း ကနီမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ရေးဥပဒေကို အသုံးချကာ စစ်ကောင်စီက ၎င်းတို့စိတ်ကြိုက် အင်တာနက်ဖြတ်တောက်ရန် ဆက်သွယ်ရေးအော်ပရေတာများကို ညွှန်ကြားချက်များ အဆက်မပြတ် ပေးပို့လေ့ရှိသည်။

ဆက်သွယ်ရေးဥပဒေအရ အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်ပါက ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ယာယီရပ်ဆိုင်းရေး၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ယာယီထိန်းချုပ်သုံးစွဲရေးအတွက် ညွှန်ကြားနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

“ပိတ်တယ်ဆိုတာက ခလုတ်တစ်ခုကို မီးဖွင့်၊ ပိတ်သလို ပိတ်တာမျိုး မဟုတ်ဘူး။ ဒေတာကို ဖွင့်ကြည့်ရင် ပွင့်နေတယ်။ ဒါပေမဲ့ မရဘူး။ မြန်နှုန်းတွေကို လျှော့ချလိုက်တာ။ ဒေတာ Speed ကို အောက်ဆုံးထိ လျှော့ချလိုက်တာ” ဟု ဆက်သွယ်ရေးအော်ပရေတာတစ်ခုမှ လုပ်သက်ရင့်ဝန်ထမ်းတစ်ဦးက ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို ရေတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းက တာဝန်ယူထားသည်။ ၎င်းသည် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button