
အာဏာသိမ်းစစ်ခေါင်းဆောင်က လျှပ်စစ်ရထားပြေးဆွဲရန်အထိ လေလုံးထွားပြသော်လည်း မကြာခဏပြတ်တောက်နေသော လျှပ်စစ်မီးကြောင့် မြို့တော်ရန်ကုန်တွင် နေထိုင်သူပြည်သူများမှာ နေ့စဉ်ရက်ဆက် ညည်းတွားနေရသည်။
လူဦးရေအများဆုံးနေထိုင်ရာ ရန်ကုန်မြို့တွင် ယခုလဆန်းပိုင်းမှစ၍ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာကာ ယခင်စစ်အစိုးရလက်ထက်များနည်းတူ အချိန်ပိုင်းသာ မီးပေးနိုင်သည့်အခြေအနေ ပြန်ရောက်လာကြောင်း မြို့ခံများက ဆိုသည်။
အချိန်မရွေး လျှပ်စစ်မီးဖြတ်တောက်ခံနေရပြီး အချို့သောမြို့နယ်များတွင် နေ့စဉ် ခြောက်နာရီခန့်၊ အချို့မြို့နယ်များတွင် ၁၂ နာရီအထက် ပြတ်တောက်နေကြောင်း ရန်ကုန်နေ ပြည်သူများထံမှ သိရသည်။
“အာဏာမသိမ်းခင်ကဆို ပျက်မဲ့အချိန် ကြိုသိရတယ်။ ပျက်ရမဲ့အချိန်ပျက်ပြီး လာရမဲ့အချိန်လာတယ်။ အာဏာရူးလက်အောက်ရောက်မှ ပျက်ချင်တဲ့အချိန်ပျက်တယ်။ လာချင်တဲ့အချိန်လာတယ်။ လာရင်လည်း နာရီပိုင်းပဲ။ ဒီတော့ ဘာလုပ်စားကြရမှာလဲ” ဟု စီးပွားရေးလုပ်ငန်းအများအပြားရှိရာ ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်မှ မိတ္တူဆိုင်ပိုင်ရှင်တစ်ဦးက ညည်းတွားသည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အစည်းအဝေးတစ်ခုနှင့် ခရီးစဉ်တချို့တွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရေး စီစဉ်တွက်ချက်နေသည်ဟု ထုတ်ဖော်ပြောဆိုဖူးသည်။
စစ်ခေါင်းဆောင်က ထိုသို့ လေလုံးထွားခဲ့သော်လည်း ဓာတ်အားလျှော့ချထုတ်လုပ်နေရသဖြင့် အချိန်ပိုင်းသာ မီးပေးနိုင်တော့မည့်အကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလဆန်းပိုင်းတွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာခဲ့သည်။

ယခင်က မီးပျက်လျှင် နာရီအနည်းသာ ကြာမြင့်သော်လည်း လွန်ခဲ့သော သီတင်းနှစ်ပတ်ခန့်မှစ၍ နေ့စဉ် ခြောက်နာရီနီးပါးခန့် ပြတ်တောက်လာကြောင်း သာကေတနှင့် မြောက်ဥက္ကလာပမြို့နယ်တို့အပြင် လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများက ပြောသည်။ ရန်ကုန်မြို့ လှိုင်မြစ်တစ်ဖက်ကမ်းရှိ လှိုင်သာယာမြို့မှာ လူနေထူထပ်သည်သာမက စက်ရုံအလုပ်ရုံအများအပြား တည်ရှိသည့်မြို့ဖြစ်သည်။
သာကေတမြို့နယ်ရှိ မုန့်မျိုးစုံအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက မီးပျက်ချိန်ကြာမြင့်လာမှုကြောင့် ဆိုင်တွင် သိုလှောင်ထားရသည့် ရေခဲချောင်း၊ ရေခဲမုန့်နှင့် အခြားအအေးခံမုန့်များ မကြာခဏ ပျက်စီးဆုံးရှုံးလာရသည်ဟု ပြောသည်။
ပြီးခဲ့သည့်လမှစ၍ မကြာခဏမီးပျက်လာသောကြောင့် မီးစက်ဝယ်ယူရန် စဉ်းစားနေရသည်ဟုလည်း လေးနှစ်ခန့် သက်တမ်းရှိ မုန့်ဆိုင်ပိုင်ရှင်အမျိုးသားက ပြောသည်။
“တကယ်က မီးစက်ဝယ်လည်း ဝင်ငွေထွက်ငွေ ကိုက်မဲ့ပုံတော့ မရှိပါဘူးဗျာ။ ဆီဈေးကလည်း တက်နေတာဆိုတော့ ဘယ်လိုလုပ်ကြမလဲ” ဟု ၎င်းက ညည်းတွားသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကမူ နေ့စဉ် နံနက် ၆ နာရီခန့်မှ ၁၂ နာရီအထိ မီးပျက်သည့်နေ့များ ရှိသည့်နည်းတူ မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီခန့်အထိ ပျက်သည့်နေ့များလည်း ရှိသည်ဟု ဆိုသည်။
သို့သော် ထိုအချိန်အတိုင်း အတိအကျ မီးပျက်ခြင်းမဟုတ်ဘဲ နာရီဝက်၊ တစ်နာရီ စသဖြင့် အချိန်မရွေးပျက်သည့်ရက်များလည်း ရှိသည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
“မမှန်ဘူး။ မှန်းပြီးလုပ်ရင် အကုန်လွဲတာပဲ။ မနက်ထမင်းချက်ရင် မီးမသေချာတော့ ညအတွက်ပါ တစ်ခါတည်း ထပ်ချက်ထားရတယ်။ ဒါတောင် ပျက်မလား၊ ပျက်မလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ ဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) သည် စစ်ကောင်စီအလိုကျ မီတာခလိုက်လံကောက်ခံခြင်း၊ မပေးဆောင်သည့် နေအိမ်များကို မီးဖြတ်တောက်ခြင်း ပြုလုပ်နေသော်လည်း လျှပ်စစ်မီးကိုမူ ကောင်းမွန်စွာမပေးနိုင်ကြောင်း ဒေသခံတို့က မကျေမနပ်ဖြစ်ကြသည်။
“မီတာမဆောင်ရင် ဝန်ထမ်းဝတ်စုံတောင် မဝတ်ရဲဘဲ ခိုးကြောင်ခိုးဝှက် မီးလာဖြတ်တဲ့ကောင်တွေက မီးကျ ပုံမှန်မပေးချင်ဘူး။ ဒါကြောင့် မီတာရုံးတွေ ဗုံးကွဲရင် ဘယ်သူမှ မသနားတာဟု ဒေါပုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
၎င်းနေထိုင်ရာ မြို့နယ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှ ပြောင်းလာသည့် မိုးကျရွှေကိုယ် မြို့နယ်မှူးဦးဆောင်ကာ မီတာခကောက်ခံခြင်း၊ မီးဖြတ်တောက်ခြင်းများ ပြုလုပ်သဖြင့် စစ်ကောင်စီအတွက် မီတာခဝင်ငွေ အများအပြားရရှိခဲ့သည်ဟုလည်း ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီအတွက် ဝင်ငွေရလမ်းဖြတ်တောက်ရန် ပြည်သူများက မီတာခမဆောင်ဘဲ ဆန့်ကျင်သပိတ်မှောက်မှုများအပြင် နောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းအချို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ဖောက်ခွဲဖျက်ဆီးခြင်းများလည်း ရှိသည်။
မီးပုံမှန်မလာသောကြောင့် မကျေမနပ်ဖြစ်နေသူများတွင် စစ်အာဏာသိမ်းမှုကိုထောက်ခံသော စစ်ဘက်ရေးရာ အင်စတီကျူ့တစ်ခုဖြစ်သော သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ ဗိုလ်ကြီးဟောင်း နိုင်ဆွေဦးလည်း အပါအဝင်ဖြစ်သည်။
၎င်းနေထိုင်ရာ ရပ်ကွက်သည် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ပြည်ထောင်စုဝန်ကြီးသုံးဦး၊ အငြိမ်းစား ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တပ်မတော်အရာရှိကြီး နေထိုင်ရာဖြစ်သော်လည်း မီးမှန်အောင်မပေးနိုင်ဟု ဆိုသည်။
“ထိုသို့သော ရပ်ကွက်များကိုပင် မီးမှန်အောင်မပေးနိုင်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ စွမ်းဆောင်ရည်သည် မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်” ဟု စစ်တပ်အရာရှိဟောင်း နိုင်ဆွေဦးက ၎င်း၏ လူမှုကွန်ရက်တွင် ယမန်နေ့ (မတ် ၁) က ရေးသားသည်။
ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော နိုင်ငံပိုင် YESC ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း အကြောင်းအမျိုးမျိုးဖြင့် ဓာတ်အားပြတ်တောက်မည့်အကြောင်း အသိပေးပြန်ကြားစာများ နေ့စဉ်နီးပါး တင်ထားသည်ကို တွေ့ရသည်။

နေ့အခါတွင် သဘာဝအလင်းရောင်ကို အဓိကထားသုံးခြင်းအားဖြင့် လျှပ်စစ်ဓာတ်အား ချွေတာရန် သရုပ်ဖော်ပုံတစ်ခုဖြင့် YESC က လူမှုကွန်ရက်မှနေ၍ ယမန်နေ့တွင် တိုက်တွန်းထားသည်။
ထိုတိုက်တွန်းချက်အပေါ် ဒေါသထွက်နေသူများ၊ လှောင်ပြောင်သူများနှင့် ပြန်လည်မျှဝေသူ ထောင်ပေါင်းများစွာရှိသည်ကို တွေ့ရသည်။
မြို့နယ်အလိုက် လျှပ်စစ်မီးပြတ်တောက်မှု ကွာခြားသော်လည်း လူလတ်တန်းစားနှင့် အခြေခံလူတန်းစားအများစုနေထိုင်ရာ မြို့နယ်များတွင် အဆိုးရွားဆုံးဖြစ်သည်ဟု သိရသည်။
“နေ့ပိုင်းဆိုရင် လေးနာရီလောက် လာတယ်။ ညဆို ၁၀ နာရီလောက် ပြန်လာတယ်။ မနက် ၆ ခွဲ၊ ၇ လောက်ဆို ပြန်ပျက်တယ်။ ထမင်းချက်ဖို့တောင် အချိန်မရဘူး။ Gas (သဘာဝဓာတ်ငွေ့) နဲ့ တည်ဖို့တောင် ဈေးတွေက တက်နေပြီ” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
လျှပ်စစ်မီးပျက်ခြင်းအပြင် လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံကုန်ဈေးနှုန်းများလည်း မြင့်တက်လာမှုကို ရန်ကုန်မြို့ခံများ ခံစားနေကြရသည်။
“အရင်က မီးပျက်လို့ ထမင်းအိုးမတည်နိုင်ရင် ထင်း ၃၀၀ ဖိုး ပြေးဝယ်ပြီး စားလို့ရတယ်။ အခုဆို ၅၀၀ ဖိုးပဲ ရောင်းတော့တယ်။ အဲလိုပဲ တခြားကုန်ကျစရိတ်တွေကလည်း အကုန်တက်လာတယ်။ ဒါတွေအကုန် စစ်အာဏာသိမ်းရာကနေ စတာ” ဟု သာကေတတွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ယခုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်သည့်အခြေအနေမှာ ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့တွင်ပါ ဖြစ်ပွားနေသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြင်းပြင်းထန်ချို့တဲ့ခဲ့သော်လည်း ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းကာလမှ အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိမှု တရိပ်ရိပ်တိုးတက်ခဲ့သည်။
သို့တိုင် လူဦးရေ သန်း ၅၀ နီးပါး မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် လျှပ်အားစစ်ဓာတ်အားပေးနိုင်မှု အနိမ့်ဆုံးဖြစ်ကြောင်း၊ အိမ်ထောင်စု ၅၀ ရာခိုင်နှုန်းသာ နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားကို လက်လှမ်းမီကြောင်း ၂၀၂၀ ခုနှစ်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်တွင် ပါရှိသည်။