သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းလှဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးရ 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံအနီးမှ ကျေးရွာများတွင် ယမန်နေ့တွင် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်သောကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။​

သဖန်းဆိပ်ဆည်အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ ဝေလမူကျေးရွာကို မတ် ၁ ရက် နံနက်ပိုင်းတွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်ပြီးနောက် အခြားရဟတ်ယာဉ်လေးစီးဖြင့် စစ်သား ၁၀၀ ခန့် လာချသွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

“လက်နက်ကြီးတွေ၊ လက်နက်တွေနဲ့ တရစပ်ပစ်ခတ်တယ်။ ရွာအပြင်ဘက်မှာတော့ တော်တော် ဆိုးဆိုးရွားရွား ပစ်ခတ်တယ်။ ရွာအပြင်ဘက်မှာ သစ်တောတွေရှိတော့ PDF တွေ ရှိတယ်အထင်နဲ့ ဝိုင်းဗျင်းတာပဲ” ဟု ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။​

ရွာခံ ကိုယ်ထူကိုယ်ထကာကွယ်ရေးအဖွဲ့က အစည်းအဝေးပြုလုပ်နေစဉ် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်ကာ ထိုစီးနင်းမှုအတွင်း အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း ဒဏ်ရာမပြင်းထန်ကြောင်း သိရသည်။  

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် PDF အဖွဲ့များ ရောက်ရှိနေကြောင်း ကြားသိရသဖြင့် ဝင်ရောက်စီးနင်းစဉ် ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ လက်လုပ်သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်လက်ပစ်ဗုံး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးများ၊ KIA/ PDF လက်မောင်းတံဆိပ်ပါ ပြောက်ကျားယူနီဖောင်း သုံးထည်ကို သိမ်းဆည်းရမိသည်ဟု ဖော်ပြသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အင်အားသုံးစီးနင်းသည့်အကြောင်း ဖော်ပြထားခြင်း မရှိပေ။​ 

စစ်ကောင်စီထုတ်ပြန်ချက်အပေါ် ကျွန်းလှမြို့နယ်တွင် ကိုယ်ထူကိုယ်ထရွာခံကာကွယ်ရေးအဖွဲ့များသာ ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ထိုသို့ တိုက်ခိုက်ခံရသဖြင့် ဝေလမူရွာအပါအဝင် အနီးဝန်းကျင်ရှိ ကုန်းစီး၊ ပေပင်ချောင်၊ တောင်နီ၊ မော်တုံ၊ သက္ကယ်ကျင်းကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။​

“အရင်နှစ်လလောက်တုန်းက ပြေးတုန်းကတော့ အစီအစဉ်နဲ့ ပြေးရတာပေါ့။ ဒီတစ်ခါ လေယာဉ်နဲ့ဆိုတော့ ရှိတာလေး ဆွဲထုတ်ပြီးတော့ ပြေးရတာပါ။ မိသားစုလိုက် ပြေးခဲ့ရတာပါ၊ ခုတော့ တကွဲစီနေကြတာပေါ့” ဟု ပေပင်ချောင်ရွာမှ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုသို့တိုက်ခိုက်ပြီးနောက် ရဟတ်ယာဉ်များဖြင့် လာချသည့် စစ်သားများ ဝေလမူနှင့် ကပ်လျက်ရှိ ကုန်းစီးရွာတို့တွင် တပ်စွဲလိုက်ကြောင်း၊ ကျန်ရှိနေသော ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေကြောင်းလည်း သိရသည်။​

“ပိတ်မိနေတဲ့ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ ခေါ်ပြီးတော့ ဓားစာခံသဘောမျိုး ထိန်းသိမ်းထားတယ်။ ဘယ်မှမသွားခိုင်းဘူး” ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။​

စစ်တပ်က တပ်စွဲထားဆဲဖြစ်သည့်ပြင် ယနေ့ နံနက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံ သုံးချက်ကြားရသဖြင့် ဒေသခံများ ရွာမပြန်ရဲသေးကြောင်း၊ ဖမ်းဆီးခံရသူအရေအတွက်နှင့် စစ်တပ်က ရွာအတွင်း မွှေနှောက်ထားသည့် အခြေအနေအပေါ် အသေးစိတ် မသိရသေးကြောင်းလည်း ဒေသခံများက ဆိုသည်။​

မြေပြင်အနေအထားအရ တောတောင်ထူထပ်သဖြင့် PDF အားကောင်းသည်ဟု ယူဆကာ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ယခင်ကလည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ဖူးသည်။

ကျွန်းလှမြို့နယ်အနောက်ပိုင်းရှိ ကျေးရွာအချို့ကို ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းတွင် စစ်တပ်က ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဝေဟင်မှနေ၍ လာရောက်တိုက်ခိုက်ဖူးသည်။ 

လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများကို စစ်ကောင်စီက လနှင့်ချီ တိုက်ခိုက်နှိမ်နင်းနေပြီး လတ်တလောတွင် ဒေသခံ PDF များရှိရာ ကျေးရွာများကို လေကြောင်းဖြင့်ပါ ဆက်တိုက်စီးနင်းလျက်ရှိသည်။​

တောင်ပိုင်းရှိ ယင်းမာပင်မြို့နယ်ရှိ ချင်းပုန်းနှင့် သပြေအေးရွာတို့ကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်များဖြင့်ပါ စီးနင်းတိုက်ခိုက်ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခြင်းလည်း ရှိသည်။​

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် ဒေသခံ ပျူစောထီးများကို ပြည်သူ့စစ်ခေါင်းစဉ်တပ်၍ စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်လျက် ကျေးရွာများကို တိုက်ခိုက်ရာတွင် အသုံးပြုလျက်ရှိသည်။  

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများတွင် ပြည်သူ့စစ်တပ်ဖွဲ့ ၇၇ ခုအထိ ဖွဲ့စည်းထားပြီးဖြစ်ကာ လက်နက် ၂၀၀၀ ကျော် တပ်ဆင်ထားပြီးဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်က အာဏာသိမ်းခေါင်းဆောင်နှင့် ပြည်နယ်တိုင်းဝန်ကြီးချုပ်များ တွေ့ဆုံပွဲတွင် စစ်ကိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြခဲ့သည်။

ပေါက်ကြားလာသည့် ထိုအစည်းအဝေးမှတ်တမ်းအရ စစ်ကိုင်းတိုင်းအတွင်း ရာနှုန်းပြည့် လုံခြုံမှုမရှိသေးကြောင်း၊ အမျိုးသားဝန်ထမ်းများကို စည်းရုံးကာ လက်နက်တပ်ဆင်ပေးရန်လည်း စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကျော်က တောင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button