ဆောင်းပါး

မီးရှို့ဖျက်ဆီးခံရတဲ့ရွာက အမျိုးသမီးတို့ရဲ့ အန်တုမှု

ရွာထဲကို ဝင်လိုက်တာနဲ့ အမည်းရောင်ဖြစ်နေတဲ့ သစ်သားငုတ်တိုတွေ၊ ဟိုတစ်စဒီတစ်စမှာ သွပ်ပြားချပ်တွေက ပြန့်ကျဲနေတယ်။ လေထုထဲမှာလည်း ညှော်နံ့တွေက ရောထွေးနေတယ်။ လေတစ်ချက်တိုက်တိုင်းမှာတော့ ပြာမှုန့်တွေက လွင့်ကာ မီးခိုးငွေ့တွေက လေထုထဲ ပိုတိုးဝင်သွားတယ်။

ဒေါ်လှမေ(အမည်လွှဲ)တစ်ယောက် ပြာကျနေတဲ့ရွာကို ကြည့်ပြီး အားတင်းကာ မီးလောင်ပြင်က ကျန်ခဲ့တဲ့ သွပ်ပြားအပိုင်းအစလေးကို လက်ထဲကျစ်ကျစ်ကိုင်ထားလိုက်တယ်။

သပိတ်ခေါင်းဆောင်တိုင်ပေးတဲ့ ကြွေးကြော်သံအပြီးမှာတော့ “ရွာကိုပဲ မီးရှို့လို့ရမယ်၊ စိတ်ဓာတ်နဲ့ မြေကို မီးရှို့မရဘူး” ဆိုတဲ့ ကြွေးကြော်သံကို အင်အားအပြည့်နဲ့ လိုက်အော်ပါတော့တယ်။

“မီးလောင်လို့ဆန္ဒမပြဘူးဆို လက်လျှော့သွားတယ် ထင်လိမ့်မယ်၊ ကြောက်သွားရွံ့သွားတယ် ထင်လိမ့်မယ်” လို့ ဒေါ်လှမေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲက ပန်းရွာကို စစ်ကောင်စီအဖွဲ့ဝင်တွေဟာ ဇန်နဝါရီလ ၃၁ မှာ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာပါ။ အိမ်ခြေ ၈၀၀ ကျော် ရှိတဲ့ပန်းရွာမှာ နေအိမ် ၂၀၀ နီးပါး မီးထဲ ပါသွားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အားကောင်းလာပြီး စစ်ကောင်စီအနေနဲ့ စစ်ဆင်ရေးတွေအထူးပြုလုပ်ကာ နှိမ်နင်းနေတာဖြစ်ပါတယ်။ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း အများအပြားပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ တိုက်ပွဲတွေကြောင့် နေအိမ် ၃,၀၄၅ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ နေအိမ် ၁,၃၈၄ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၆၈၀ လုံးထက်မနည်းနဲ့ ချင်းပြည်နယ်မှာ ၉၈၁လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Institute for Strategy and Policy – Myanmar က ထုတ်ပြန်ထားပါတယ်။

နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၅၄၀,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ISP  – Myanmar က ဆိုပါတယ်။

တော်လှန်ရေးမှာ မပါဝင်နိုင်အောင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ပေမဲ့ ပြည်သူတွေကတော့ အာဏာသိမ်းကာလ တစ်နှစ်ကျော်တဲ့အထိ စစ်အာဏာရှင်တွန်းလှန်လိုစိတ်တွေ မလျော့သွားပါဘူး။

အာဏာရှင်ကို တွန်းလှန်လိုစိတ်တွေ မလျော့ဘူးဆိုတာကို ပြသတဲ့အနေနဲ့ ပန်းရွာက ပြည်သူတွေဟာ မီးရှို့ခံရတဲ့ နေအိမ်အပိုင်းအစတွေကို ကိုင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအထဲမှာ အသက် ၄၈ နှစ်အရွယ် ဒေါ်လှမေ အပါအဝင် အိမ်ရှင်မတွေ၊  အမျိုးသမီးတွေ တော်တော်များများ ပါဝင်ပါတယ်။

အိမ်မီးလောင်တော့ တချို့တွေကတော့ ငိုကြတာပေါ့။ ကျွန်မကတော့ မငိုပါဘူး။ ကျွန်မတို့ပေါ့ဆလို့ လောင်တာ မဟုတ်ဘူးလေ။ သက်သက် အကြောင်းမဲ့လာပြီး မီးရှို့လို့ လောင်တာ။ ဝမ်းလည်းမနည်းဘူး၊ အားတင်းထားတယ်

နေအိမ်တွေ မီးရှို့ခံခဲ့ရပေမဲ့ ပန်းရွာက ရွာသူရွာသားတွေအပါအဝင် ပန်းရွာက အမျိုးသမီးတွေရဲ့ စစ်အာဏာရှင်ကို တွန်းလှန်စိတ်တွေကတော့ ပြာမကျသွားခဲ့ပါဘူးဆိုတာ အဆိုပါသပိတ်ကနေ ပြသခဲ့ပါတယ်။

ပုလဲမြို့နယ်ထဲက စစ်တပ်ဝင်ရောက်အပြီး တွေ့ရတဲ့ ချောင်းဦးကျေးရွာ (ဓာတ်ပုံ – CJ)

စစ်ကောင်စီတပ်သားတွေ ရွာကို မကြာခဏဝင်ရောက်တတ်တာကြောင့် ဒေါ်လှမေတို့ဟာ တောထဲတောင်ထဲကို တိမ်းရှောင်ရလေ့ရှိပါတယ်။ ရွာမီးရှို့ခံရတဲ့နေ့ကလည်း ပန်းရွာရဲ့ အနီးအနားက မွေ့တုံရွာကို စစ်ကောင်စီတပ်သားတွေ ရောက်နေပြီဆိုတဲ့သတင်းရကတည်းက တောထဲ ထွက်ပြေးခဲ့ကြတာပါ။

အရေးပေါ်ပြင်ဆင်ထားတဲ့ ဆေးဝါးနဲ့ စားစရာအထုပ်လေးကလွဲလို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိမ်ကထွက်လာခဲ့ကြတယ်။ မွေ့တုံရွာကို မီးရှို့တဲ့သတင်းနဲ့အတူ မီးတောက်ကြီးတွေကို တောင်ပေါ်ကနေ လှမ်းမြင်ရတယ်။ မိတ်ဆွေတွေရှိတဲ့ရွာဖြစ်သလို ကိုယ့်အနီးအနားကရွာဖြစ်တာကြောင့် ဒေါ်လှမေ စိတ်မကောင်းခဲ့ဘူး။

ညသန်းခေါင် အရောက်မှာတော့ ဒေါ်လှမေတို့ပန်းရွာ မီးရှို့ခံရမှန်း သိလိုက်ရတယ်။ မီးတောက်ကြီးတွေကို ကြည့်ပြီး ဒေါ်လှမေ အပါအဝင် တော်တော်များများ အဲဒီညက အိပ်မပျော်နိုင်ခဲ့ကြဘူး။ 

“အိမ်မီးလောင်တော့ တချို့တွေကတော့ ငိုကြတာပေါ့။ ကျွန်မကတော့ မငိုပါဘူး။ ကျွန်မတို့ပေါ့ဆလို့ လောင်တာ မဟုတ်ဘူးလေ။ သက်သက် အကြောင်းမဲ့လာပြီး မီးရှို့လို့ လောင်တာ။ ဝမ်းလည်းမနည်းဘူး၊ အားတင်းထားတယ်” လို့ ဒေါ်လှမေက ပြတ်သားစွာပြောတယ်။

မီးရှို့ခံရပြီး နောက်မနက်မှာ ရွာကို ပြန်သွားပြီး အခြေအနေကြည့်ကြတယ်။ တချို့က ဝမ်းနည်းပက်လက်ငိုကြပေမဲ့ ဒေါ်လှမေကတော့ အားတင်းထားတယ်။

စစ်ကောင်စီတွေက ရွာထဲကို ခဏခဏ ဝင်ရောက်စီးနင်းတာကြောင့် တောထဲထွက်ပြေးလိုက် ရွာထဲပြန်နေလိုက်နဲ့ ကျီးလန့်စာစားနေကြရတဲ့အထဲ စစ်ကောင်စီတပ်တွေဟာ ရွာထဲဝင်တိုင်းလည်း ဆိုင်ကယ်တွေ၊ ပစ္စည်းတွေ၊   အစားအသောက်တွေကို ယူဆောင်သွားကြတယ်။

“ကလေးကစားစရာအရုပ်ကအစ သူတို့ကြိုက်တာဆို ယူသွားကြတယ်” လို့ ဒေါ်လှမေက ပြောတယ်။

ပန်းရွာဇာတိဖြစ်တဲ့ ဒေါ်လှမေ အရင်က တောင်သူလုပ်၊ ခြံစိုက် စတာတွေနဲ့ အသက်မွေးခဲ့ပေမဲ့ အခုအခါမှာတော့ တောထဲမှာ ဖြစ်သလိုနေပြီး တခြားရွာက လှူဒါန်းကြတဲ့ စားသောက်စရာတွေနဲ့ အသက်ဆက်နေပါတယ်။

“ကိုယ့်အလုပ်တွေက ပစ်ထားရတာ။ ဘာမှမလုပ်နိုင်ဘူး။ အမှန်ပြောရရင် လုပ်ငန်းလည်း စိတ်မဝင်စားတော့ပါဘူး။ ဒီတော်လှန်ရေးကြီး အောင်မြင်မှဆိုတဲ့စိတ်ပဲ ရှိတော့တယ်” လို့ ဒေါ်လှမေက ဖွင့်ဟပါတယ်။ 

ပန်းရွာက အသက်၂၀အရွယ် မငြိမ်း(အမည်လွှဲ)ကလည်း အခုအခြေအနေက ဘဝတစ်လျှောက်လုံးမှာ အခက်အခဲဆုံးဖြစ်တယ်လို့ ဖွင့်ဟပါတယ်။

သစ်ပင်ပန်းပင်တွေစိုက်ရတာ ဝါသနာပါတဲ့ မငြိမ်းတစ်ယောက် သူစိုက်ထားတဲ့အပင်တွေအပြင် သူ့ရဲ့ငယ်ဘဝ အမှတ်တရတွေအားလုံးကို ဇန်နဝါရီလ ၃၁ရက်နေ့က စစ်ကောင်စီရှို့တဲ့ မီးတောက်တွေထဲ ပါဝင်သွားခဲ့ပါတယ်။

“စိတ်ထဲမှာ ဝမ်းနည်းတယ်။ ဘာမှမရှိတော့သလို ခံစားရတယ်” လို့ မငြိမ်းက အဲဒီနေ့က အဖြစ်အပျက်ကို ပြောပါတယ်။

အရင်ကတည်းက စစ်ကောင်စီတပ်တွေလာတိုင်း ထွက်ပြေးနေကြရပေမဲ့ မီးရှို့မယ်လို့ ထင်မထားခဲ့ကြပါဘူး။

တချို့ဆို မြို့ပေါ်တက် သူများအိမ်မှာ ကျွန်ခံပြီး လုပ်ထားရတဲ့ပိုက်ဆံနဲ့ ဆောက်ထားတဲ့အိမ်တွေပါ။ အိမ်ကြီးအိမ်ကောင်းတွေပါ

“သူတို့မိုင်းဆွဲခံရတာတွေရှိတယ်ဆိုရင် အနားမှာနီးတဲ့ရွာတွေ မီးရှို့တာမျိုးရှိတယ်။ မတော်လှန်လို့လည်း မဖြစ်ဘူးလေ၊ မီးရှို့ခံရလည်း မတတ်နိုင်ဘူးပေါ့” လို့ မငြိမ်းက ပွင့်လင်းစွာဆိုပါတယ်။

အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတာဖြစ်တဲ့အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကအစ အခက်အခဲရှိတယ်လို့ မငြိမ်းက ဖွင့်ဟပါတယ်။ တောထဲစရောက်တဲ့ အစောပိုင်းရက်တွေကဆို ရေချိုးဖို့မလွယ်တာကြောင့် သုံးရက်လောက် ရေမချိုးဘဲ နေခဲ့ရပါတယ်။

ပုလဲမြို့နယ်  ချောင်းဦးကျေးရွာ မီးလောင်ပြင် မြင်ကွင်းတစ်ခု  (ဓာတ်ပုံ – CJ) 

အခုလက်ရှိမှာတော့ မိုးကာတွေ၊ တာလပတ်စတွေခင်းကာ မြေကြီးပေါ် ဖျာခင်းကာ ဖြစ်သလို နေထိုင်ကြရပါတယ်။ လှူတာလေးတွေနဲ့ ရက်ပိုင်းစာ၊ လပိုင်းစာ အဆင်ပြေနေသေးပြီး ရှေ့ဆက်ပြီးတော့လည်း အခြေအနေကြည့်ပြီး အဆင်ပြေသလို ရပ်တည်သွားမယ်လို့ မငြိမ်းက စဉ်းစားထားပါတယ်။

ရွာမီးရှို့ခံရပြီး ၁၁ ရက်မြောက်နေ့မှာတော့ နေအိမ်အပိုင်းအစတွေကိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်မှာ ပါဝင်ခဲ့ပါသေးတယ်။ 

နေအိမ်မီးရှို့ခံရတဲ့အထဲမှာ ပါဝင်ခဲ့တဲ့ မအေးငယ်(အမည်လွှဲ)ကလည်း မီးရှို့ခံရတဲ့အချိန်တုန်းက ခံစားချက် သိပ်မရှိခဲ့သေးပေမဲ့ နောက်နေ့ ရွာထဲကို ဝင်လိုက်ချိန်မှာတော့ ပြာပုံအတိဖြစ်နေတဲ့ ရွာကြီးကို ကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ မျက်ရည်ကျမိတယ်လို့ ဖွင့်ဟပါတယ်။ 

“တချို့ဆို မြို့ပေါ်တက် သူများအိမ်မှာ ကျွန်ခံပြီး လုပ်ထားရတဲ့ပိုက်ဆံနဲ့ ဆောက်ထားတဲ့အိမ်တွေပါ။ အိမ်ကြီးအိမ်ကောင်းတွေပါ” လို့ မအေးငယ်က မချိတင်ကဲအသံနဲ့ ဆိုတယ်။

မအေးငယ်တို့အိမ်ဆိုလည်း မိဘတွေ နေ့မနား ညမနား ကြိုးစားပန်းစားရှာဖွေထားတဲ့ငွေတွေနဲ့ ဆောက်ထားတဲ့ ရှေးဟောင်းကျွန်းအိမ်ကြီးဖြစ်တယ်။ အိမ်အပါအဝင် ပိုင်ဆိုင်သမျှတွေကို စွန့်လွှတ်လိုက်ရပေမဲ့ စစ်အာဏာရှင်ကို တွန်းလှန်လိုစိတ်တွေကတော့ နည်းနည်းလေးမှ မလျော့သွားသေးဘူးလို့ မအေးငယ်က ဆိုတယ်။

အိမ်ဆုံးရှုံးသွားရုံမကလို့ အသက်ဆုံးရှုံးသွားရင်တောင် ဝိညာဉ်ဘဝနဲ့ စစ်အာဏာရှင်ကို အမြစ်မပြတ်မချင်း တိုက်ခိုက်နေမှာ

လတ်တလောမှာတော့ တောထဲမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေပါတယ်။ လှူဒါန်းထားတဲ့ ဆန်အချို့နဲ့ ဟင်းစားတွေရှိပေမဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ၊ အတွင်းခံတွေမပါတဲ့အတွက် အခက်အခဲဖြစ်တယ်လို့ ဆိုတယ်။

ဒါ့အပြင် ရာသီဥတုလည်းအေးပြီး စောင်မလုံလောက်တာ၊ အနွေးထည်မပါတာတွေကြောင့် ဖျားတဲ့သူတွေလည်းရှိတယ်လို့ မအေးငယ်က ပြောပြတယ်။

“သူတို့အဲ့လောက်အထိ ရက်စက်လိမ့်မယ်လို့ အကုန်လုံးက မထင်ထားခဲ့ပါဘူး။ သူတို့က အဲ့လိုတွေလုပ်တော့ လူတွေ တော်တော်လည်း နာကြည်းနေပါပြီ။ နာကြည်းမှု၊ ဝမ်းနည်းမှုတွေနဲ့အတူ စစ်အာဏာရှင်ကို အသက်မသေမချင်းကတော့ တိုက်ထုတ်သွားမယ်” လို့ မအေးငယ်က ဆိုပါတယ်။

ဒါ့အပြင် အိမ်ဆုံးရှုံးသွားရုံမကလို့ အသက်ဆုံးရှုံးသွားရင်တောင် ဝိညာဉ်ဘဝနဲ့ စစ်အာဏာရှင်ကို အမြစ်မပြတ်မချင်း တိုက်ခိုက်နေမှာလို့ မအေးငယ်က ဆက်ပြောပါတယ်။ 

ရွာကိုပဲ မီးရှို့လို့ရမယ် စိတ်ဓာတ်နဲ့မြေကို မီးရှို့လို့မရဆိုတဲ့ စာသားအတိုင်း ပန်းရွာသူတွေဟာ တောထဲတောင်ထဲမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမဲ့လည်း စစ်အာဏာရှင်အမြစ်ပြတ်ဖို့သာ ဆန္ဒရှိနေကြပါတယ်။

“ဘယ်လောက်ပဲ အခက်အခဲတွေကြုံကြုံ စစ်ကောင်စီအမြစ်ပြုတ်တဲ့အထိ တော်လှန်သွားမယ်။ ဘယ်တော့မှ အရှုံးပေးသွားမှာ မဟုတ်ဘူး၊ ဒူးထောက်သွားမှာ မဟုတ်ဘူး၊ အာဏာရှင်အမြစ်ပြတ်တဲ့အထိ တောထဲကပဲနေနေ ဘယ်လိုပဲနေနေ တော်လှန်သွားမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ ဒေါ်လှမေက ပြတ်သားစွာဆိုပါတယ်။

မငြိမ်းကလည်း “အိမ်လည်းမရှိတော့ဘူး၊ ပစ္စည်းတွေလည်းမရှိတော့ဘူး၊ လူပဲရှိတော့တယ်၊ ဘာပဲပြောပြော ဒီတိုက်ပွဲက အဆုံးထိတိုက်မှဖြစ်မှာ။ ကိုယ့်မှာ ဘာမှမကျန်လည်း အဆုံးထိတိုက်မှဖြစ်မှာ။ ဒါမှလည်း နောက်မျိုးဆက်တွေ အဆင်ပြေမှာ။ မီးလောင်လည်း လက်မလျှော့ဘူး” လို့ ပြောလိုက်ပါတယ်။  

(Honest Information ၏ အင်တာနက်စာမျက်နှာ https://hiburma.net  မှ ကူးယူ ဖော်ပြပါသည်)

Show More

Related Articles

Back to top button