သတင်း

မောင်တောတွင် စစ်သားများလိုက်ပါလာသည့်ကားကို AA ကြားဖြတ်တိုက်ခိုက် 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၇) ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားတစ်စီးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ အမျိုးသမီးတစ်ဦးနှင့် ယာဉ်မောင်းတို့ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကြိမ်ချောင်းဘက်မှ ကျီးကန်းပြင်ဘက်သို့ မောင်းနှင်လာသည့် ထိုကားသည် ယမန်နေ့ ည ၁၁ နာရီခွဲခန့် မောင်တောမြို့မှ ၁၆ မိုင်အကွာ ဖားဝပ်ချောင်းရခိုင်ရွာနှင့် ငန်းချောင်းမွတ်စလင်ရွာအကြား မောင်တောမြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်၌ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

“ဖားဝပ်ချောင်းရွာနဲ့ဆို မီတာ ၁၀၀ လောက်ပဲ ရှိမယ်၊ (တိုက်ပွဲ) ဖြစ်တဲ့နေရာနဲ့ဆိုရင်ပေါ့။ တိုက်ခိုက်ခံရတဲ့ကားက သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ကားပါ။ ကားပေါ်မှာ စစ်သားတွေပါလာတယ်လို့ သိရတယ်” ဟု မောင်တောဒေသခံတစ်ဦးက ဆိုသည်။

ထိုအမျိုးသမီးမှာ ဖားဝပ်ချောင်းကျေးရွာမှ အသက် ၅၀ အရွယ် ဒေါ်စောခင်လှသည် ယခင်က ကားအရောင်းအဝယ်ရေးလုပ်ငန်းကို လုပ်ကိုင်ပြီး နောက်ပိုင်းတွင် သစ်အရောင်းအဝယ်ရေးလုပ်ငန်း လုပ်ကိုင်လာသူဖြစ်ကြောင်း ဒေသခံများ၏အပြောအရ သိရသည်။

“အဲဒီအမျိုးသမီးက ကားနဲ့ သစ် ပြောင်းနေတာ။ မနေ့ကညက အပေါ် (ကြိမ်ချောင်းဘက်)က ဆင်းလာတဲ့အချိန်မှာ ကားပေါ်မှာ စစ်သားတွေပါတယ်။ အဲဒါကို AA က တိုက်ခိုက်တာလို့ သိရပါတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

တိုက်ခိုက်ခံရသည့် မော်တော်ယာဉ်အမျိုးအစား၊ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်အရေအတွက် မည်မျှရှိသည် ဆိုသည်တို့ကို မသိရသေးပေ။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာရှိ အဆိုပါအမျိုးသမီးအလောင်းကို ယနေ့ (ဖေဖော်ဝါရီ ၈) နံနက်မှ ကျေးရွာသားများက သွားရောက်ယူဆောင်နေကြောင်း တခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဖြစ်တဲ့နေရာက အဲဒီအမျိုးသမီးအလောင်းကို ရွာသားတွေက ခုနက သွားယူနေကြတယ်။ လူ ၆ ယောက်လောက်ပဲ သွားလို့ရတယ်။ တခြားလူတွေ သွားလို့မရဘူး။ ကားဒရိုင်ဘာအလောင်းက ဘယ်မှာလဲ မသိရသေးဘူး။ မနက်ကတော့ လူနာတင်ယာဉ်ကား မောင်တောဘက်သို့ သွားတာ တွေ့တယ်” ဟု ထိုအမျိုးသားက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။  

တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်) နှင့် ၅ မိုင်ခန့်သာ ဝေးသည်။ 

မောင်တောမှ ကြိမ်ချောင်းဘက်သို့ ဆက်သွယ်ထားသည့် အဆိုပါကားလမ်းမကို လက်ရှိတွင် စစ်တပ်က သွားလာခွင့်ပိတ်ထားကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

“အခု အဲဒီလမ်းမကြီးပေါ်က ဘယ်သူမှ သွားလာလို့မရဘူး။ ပိတ်ထားတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးက ငန်းချောင်းက စာသင်ကျောင်းကိုလည်း ဖားဝပ်ချောင်းမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေ ကျောင်းသွားတက်လို့ မရတော့ဘူး” ဟု ၎င်းက ပြောသည်။

“မောင်တောမြို့က လာမယ်ဆိုရင် ကျီးကန်းပြင်စစ်ဆေးရေးဂိတ်ကို ကျော်လို့မရဘူးဆိုတော့ မြို့ပေါ်နေ၊ အဲဒီကျီးကန်းပြင်အလွန်က အောင်မင်္ဂလာကျေးရွာစာသင်ကျောင်းမှာကျတဲ့ ပညာရေးဝန်ထမ်းတွေလည်း ကျောင်းသွားလို့ မရတော့ဘူးဖြစ်နေတယ်”

မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား စစ်ရေးတင်းမာမှု မြင့်တက်နေသလို ရခိုင်ဒေသခံများက နှစ်ဖက်ကြားညှပ်ပြီး သွားလာခွင့်မရ အခက်ကြုံနေကြရကာ စိုးရိမ်နေကြသည်။

ယခင်ရက်များက AA နှင့် စစ်တပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့သည့် မောင်တောမြို့နယ်၊ ဝေလာတောင်ဘက်မှ ယနေ့ နံနက် ၁၁ နာရီခွဲခန့်မှစ၍ လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း ဟုတ်မဟုတ် အတိအကျမသိရကြောင်း ထိုနေရာအနီးရှိ ဒေသခံတစ်ဦးက ပြောသည်။

အပစ်ရပ်တန့်နေသော ရခိုင်ပြည်နယ်တွင် AA နှင့် စစ်တပ်တို့ ယမန်နှစ် နိုဝင်ဘာအတွင်း တစ်ကြိမ်၊ ၂၀၂၂ ဖေဖော်ဝါရီ ၄ တွင် တစ်ကြိမ်၊ ဖေဖော်ဝါရီ ၆ နှင့် ဖေဖော်ဝါရီ ၇ တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်း ဖြစ်သည်။ 

Myanmar Now က နောက်ဆုံးအခြေအနေသိရှိရန် AA ၏ ပြောခွင့်ရ ခိုင်သုခထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီဘက်မှ ရခိုင်ဒေသတိုက်ပွဲအခြေအနေကို သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိဘဲ နိုဝင်ဘာအတွင်း တိုက်ပွဲဖြစ်ပွားသည်ဆိုသော အချက်ကိုလည်း စစ်ကောင်စီဘက်က ငြင်းဆန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button