ဆောင်းပါး

လက်နက်မရှိ၍ ရက်ရှည်ကြာခဲ့သော ကနီဒေသ မြစ်ကြောင်းတိုက်ပွဲ

“အရေးတော်ပုံ” ဟု တစ်ဦးက တိုင်ပေးလိုက်သည်နှင့် “အောင်ရမည်၊ အောင်ကို အောင်ရမည်”ဟု ပြိုင်တူအော်သံများက စစ်ကိုင်းတိုင်း၊ ကနီမြို့ကျေးလက်ဒေသ ဆောင်းညနေခင်းတစ်ခုတွင် ထွက်ပေါ်လာသည်။

ခပ်နွမ်းနွမ်းဝတ်ဆင်ထားသော ဒေသခံတို့က ထိုသို့ ကြွေးကြော်နေစဉ်မှာပင် လက်ထဲမှ သပြေခက်များကို ကိုင်မြှောက်လိုက်ကြသည်။ 

ဇန်နဝါရီလကုန်ပိုင်းက ချင်းတွင်းမြစ်ကြောင်းမှ ဆန်တက်လာသော ရေယာဉ် ၈ စီးပါ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်သည့် ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့ (LDF) တပ်ဖွဲ့ဝင်များ ရွာတစ်ရွာအတွင်းသို့  ဖြတ်သန်းသွားချိန် အရေးတော်ပုံအောင်စေကြောင်း စစ်ချီတေးသံနှင့်အတူ ကြွေးကြော် ဂုဏ်ပြုနေသည့်ထဲတွင် ကလေး၊ လူကြီး အရွယ်စုံ လူမကျန် လူပေါင်း ရာချီပါဝင်သည်ကို ဓာတ်ပုံများ၊ ရုပ်သံဗီဒီယိုများတွင် တွေ့ရသည်။ 

နေအိမ်မီးရှို့ခံရခြင်း၊ အာဏာသိမ်းအပြီး စစ်တပ်ဝင်ရောက်သဖြင့် အလုပ်အကိုင်ပျက်ခြင်းတို့ကြောင့် ဒေသခံတို့မှာ ဆင်းရဲတွင်းနက်လာသည်။ ထိုဒေသခံတို့ အားပေးထောက်ခံသော၊ နယ်မြေကျွမ်းကျင်သော ဒေသကာကွယ်ရေးအဖွဲ့က အပြင်းအထန် တိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်လည်း အထိနာသည်။ 

သို့သော် “လက်လုပ်လက်နက်ကြီး” အင်အား အလုံအလောက်မရှိခြင်း၊ တိုက်ပွဲဝင်လက်နက်များ မရှိခြင်းကြောင့် ရန်သူကို ကောင်းစွာ မဟန့်တားနိုင်ဟု LDF တို့က ဆိုသည်။ 

ကုန်တင်ယာဉ် ၆ စီး၊ အမြန်ယာဉ် နှစ်စီး၊ အင်အား ၁၅၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မုံရွာမှ ကနီသို့ စတင်ချဉ်းနင်းသည့်  ဇန်နဝါရီ ၂၂ ၊ ပွတ်လုံးပွတ်လံဒေသတိုက်ပွဲမှစ၍ ကနီနယ်နိမိတ်မှ လွတ်လွတ်ကျွတ်ကျွတ် ထွက်ခွာနိုင်သည့် ဇန်နဝါရီလကုန်အထိ LDF တို့၏ လက်လုပ်လက်နက်ကြီးပစ်ခတ်မှုဒဏ်ကို နေ့စဉ်ရက်ဆက် မပြတ်ခံရသည်။ 

ကနီအတွင်း ၅၇ မိုင်ခန့် ရှည်လျားသော ချင်းတွင်းမြစ်ကို ဆန်တက်ရန် အများဆုံး နှစ်ရက်သာ ကြာမြင့်ရမည့် ခရီးကို စစ်ကောင်စီရေယာဉ်တပ်က ၁၀ ရက်ကြာ နှင်ခဲ့ရပြီးနောက်တွင် ၎င်းတို့ ကျောထောက်နောက်ခံပြုထားသည့် ပျူစောထီးအင်အားကောင်းရာ မင်းကင်းမြို့သို့ ရောက်ရှိသွားသည်။ 

လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်ရသည့် ကုန်တင်ယာဉ်သုံးစီးကို အခြားရေယာဉ်များဖြင့် ညှပ်ကာ တွဲယူသယ်သွားရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။ 

“ဘေးကနေ ကြိုးဆွဲပြီးတော့ တွဲခေါ်သွားတယ်။ ကနီနယ်ရဲ့ နေရာတိုင်းမှာ ခရီးဖင့်တယ်။ နေ့တိုင်းလည်း ပစ်နေပါတယ်။ တစ်ရက်မှ မနားဘူး ဆက်တိုက်ပစ်တယ်” ဟု ကနီဒေသကာကွယ်ရေးအဖွဲ့ KLG ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ် ကမ်းကပ်ချိန်တွင် တိုက်ခိုက်မှုမပြုရခြင်းမှာ ကမ်းကပ်သည့်ရွာကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ ပြုလုပ်မည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်ဟု LDF များက ပြောသည်။

ကနီမြို့သို့ စစ်ကောင်စီရေယာဉ်တပ် စတင် ဝင်လာသည်နှင့် ၅၇ မိုင်ကျော်ရှည်လျားသော မြစ်ကြောင်းတစ်လျှောက်တွင် နယ်မြေခံ LDF များက နေရာယူထားပြီး ဖြစ်သည်။ 

“ကျွန်တော်တို့လက်နက်က သူတို့ဆီ ရောက်ဖို့ဆိုတာ ထိရောက်မှု နည်းတယ်။ အဲဒါကြောင့် သွားတိုက်ရင် ကျွန်တော်တို့ အရေးနိမ့်ဖို့ရာ များနေတာ။ ပျားအုံ တုတ်နဲ့ ထိုးသလို ဖြစ်သွားပြီး အနားနားက ရွာတွေကို ဒုက္ခပေးမှာစိုးလို့” ဟု ကနီအဖွဲ့နောက်တစ်ခုဖြစ်သော မြွေပိုင်းတောင်အဖွဲ့မှ ရုက္ခစိုးဟု အမည်ဝှက်ပေးထားသော တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

လက်နက်အင်အား ပြည့်စုံပြီး ကျည်ဖြုန်းအားကောင်းသော စစ်ကောင်စီတပ်ရေယာဉ်များကလည်း မြစ်ကမ်းဘက် မည်းမည်းမြင်ရာ ပစ်လေ့ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

ချင်းတွင်းမြစ်ကြောင်းတွင် ရိက္ခာ၊ ခဲယမ်းလက်နက်နှင့် သယံဇာပစ္စည်းများ သယ်ယူနေသော စစ်ကောင်စီတပ်သည် ယခုတစ်ကြိမ်တွင် ကနီနယ်၌ ၁၀ ရက်ကြာ အပြင်းထန်ဆုံး တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ ဗိုလ်တစ်ဦးနှင့် စစ်သား ၃၀ ကျော် သေဆုံးသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

LDF အဖွဲ့များက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကမ်းနှစ်ဖက်ကို ညှပ်၍ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ကုန်တင်ရေယာဉ်များ မီးခိုးအူထွက်နေပုံများကို ရွှေတြိဂံမဟူရာနဂါးKLGဒေါင်းနီ PDF စသည့် အဖွဲ့များက ၎င်းတို့နေရာယူထားသော မြစ်ဘေးရှိ နေရာအသီးသီးမှ မှတ်တမ်းရယူထားပုံကို ရုပ်သံဖြင့် သတင်းထုတ်ပြန်ကြသည်။ ရေမြှုပ်မိုင်းများ၊ ကမ်းစပ်တစ်လျှောက် ထောင်ထားသည့် မိုင်းဒဏ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ ခံရသည်ဟု ထုတ်ပြန်ကြသည်။ 

ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သော ရွှေတြိဂံတပ်ရင်းမှူး ကိုမင်းခေါင်က မိုင်းထိ စစ်ကောင်စီရေယာဉ် ပြုပြင်ရန် ကမ်းကပ်လာရသည့် အခြေအနေတွင် ပွဲသိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်မည့် နေရာနှင့် အချိန် အခွင့်အရေးကောင်းရသော်လည်း နောက်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။ 

“မျက်စိရှေ့မှာပဲ ရပ်တယ်။ သောင်ပြင်ပေါ်မှာပဲ အေးဆေးတက်တယ်။ ကျွန်တော်တို့မှာ ထပ်ပြီး ပစ်စရာ လက်နက်မရှိတဲ့အတွက် ကတုတ်ကျင်းထဲကနေ ထပြေးခဲ့ရတယ်” ဟု ဇန်နဝါရီ ၂၂ စစ်ကောင်စီရေယာဉ်တပ် ကနီနယ်သို့ စတင်ဝင်ရောက်သည့်နေ့ တိုက်ပွဲအခြေအနေကို ကိုမင်းခေါင်က ပြောသည်။ 

မြို့အဝင်တွင်ပင် အထိနာသော စစ်ကောင်စီတပ်သည် ကနီမြို့ပေါ်သို့ အရောက်တွင် ရိက္ခာများ ချသည်၊ စစ်ဗိုလ်တစ်ဦးနှင့် တပ်သားနှစ်ဦးတို့၏ အလောင်းကို သင်္ဂြိုဟ်၍ ဒဏ်ရာရစစ်သည်များကို ကနီပြည်သူ့ဆေးရုံတွင် ကုသစေသည်ဟု တပ်တွင်းသတင်းပေးနှင့် ဒေသခံတို့ထံမှ သိရကြောင်း ဒေသ၏ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ 

အာဏာသိမ်းဗိုလ်ချုပ်ကြီးများက ကနီဒေသသတင်းများ အပါအဝင် ဒေသအသီးသီးမှ တိုက်ပွဲသတင်းအများစုကို ထုတ်ပြန်လေ့ မရှိပေ။ လက်နက်ကိုင် ခုခံသူတို့ကို အကြမ်းဖက်သမားများဖြစ်သည်ဟု တုံ့ပြန်လေ့ ရှိသည်။ 

စက်တင်ဘာလကလည်း ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါး တင်လာသည့် ရေယာဉ် ၂ စီးကို ကနီမြို့ဒေသကာကွယ်ရေးအဖွဲ့က ရရာလက်နက်ဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။

၂၀၁၉ မှတ်တမ်းများအရ လူဦးရေ တစ်သိန်းခွဲကျော်ရှိသည့် မြို့တွင် စစ်ကောင်စီတပ်က လူဦးရေ ထောင်ဂဏန်းမျှသာ ရှိသည့် မြို့ပေါ် လူနေရပ်ကွက် ၃ ခု၊ ပျူစောထီးတို့ အခြေစိုက်သည့် ရေလယ်ကျွန်းရွာတို့ကိုသာ ထိန်းချုပ်နိုင်သည်။ လူများစုရှိရာ ကျေးလက်ဒေသမှာ တော်လှန်ရေးအင်အားစုနယ်မြေ ဖြစ်သည်။ ထို့ကြောင့် လူအင်အားနှင့် နယ်မြေအနေအထားအရ ဒေသခံကာကွယ်ရေးတပ်က အသာစီးရထားသည်။ 

“လက်နက်အင်အားရှိရင် ကနီစဝင်ကတည်းက အမြစ်ဖြတ်နိုင်တယ်။ လောလောဆယ် သုံးနေတာက လက်လုပ်နဲ့ပဲ သုံးနေတာ။ ကျွန်တော်တို့မှာ ရှိတာက NUG က ထောက်ပံ့ထားတဲ့ အစစ်ကလေး လေးငါးလက်ပဲ ရှိတာ။ တစ်နယ်လုံးအနေနဲ့ ပြောတာ။ ပထမဆုံးရဖူးတာ အဲဒီငါးလက်ပဲ” ဟု KLG ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ကိုယ့်စရိတ်ကိုယ်စား ကနီဒေသခံ တော်လှန်ရေးသမားအများစုသည် တစ်လက်လျှင် ကုန်ကျစရိတ် သုံးသောင်းဝန်းကျင်မျှ ရှိသော တူမီးခေါ် လက်လုပ်သေနတ် ကိုယ်စီကိုင်ထားကြသည်။ 

ပြည်သူများလှူဒါန်းငွေကို မောင်းပြန်သေနတ် ဝယ်ယူမည့်အစား ကနီမြစ်ကြောင်းတိုက်ပွဲတွင် ရေယာဉ်များထံ လက်နက်ကြီး အချက်ရေများများ ပစ်ခတ်နိုင်ရေးအတွက် ဦးစားပေးသုံးကြသည်။

လက်နက်ကြီး တစ်ချက်ပစ်တိုင်းတွင် သုံးရသည့် ယမ်းနှင့် ပါဝင်ပစ္စည်းတန်ဖိုးမှာ ကျပ်တစ်သိန်းဝန်းကျင်ရှိ၍ အဖွဲ့များအနေဖြင့် ရရှိထားသော ရန်ပုံငွေကို ချိန်ဆ၍ အသုံးပြုရသည်ဟု မြွေပိုင်းတောင်အဖွဲ့ဝင် ရုက္ခစိုးက ဆိုသည်။

“ကနီနယ်က အရင်ကတည်းက လက်လုပ်နဲ့ပစ်ခဲ့တာ။ အခုချိန်ထိလည်း လက်လုပ်နဲ့ပဲ။ စစ်ကောင်စီသုံးတဲ့ ၉၀ မမ တို့ RPG သုံးတဲ့ ပုံစံမျိုးသာ ရှိရင် ကနီတပ်အနေနဲ့ မြစ်ကြောင်းမှာ ပွဲသိမ်းကို ပစ်ခတ်နိုင်တယ်။ လက်လုပ်က လက်လုပ်အတိုင်းအတာလောက်ပဲ​ သွားနေရတယ်” ဟု ၎င်းက ဆိုသည်။

“များများဝယ်ပြီး များများပစ်ချင်ပေမဲ့လည်း ကိုယ့်ရှိတဲ့ ရန်ပုံငွေကို ပြန်ပြန်ပြီး ချိန်နေရတာပေါ့ “ 

ရေယာဉ် ၈ စီးပါ တပ်ဖွဲ့က မုထော၊ နတ်ကြီး ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မုထောတွင် ရွာသားတစ်ဦးကို ပစ်သတ်ခဲ့သည်။ 

အဆိုပါ ရေယာဉ်တပ်က ကနီမြို့မှ အထွက်တွင် ကင်းရွာ၌ နောက်ဆုံး တပ်စွဲညအိပ်၍ ၂ ရက်အတွင်း ဒေသခံ ၇ ဦးကို ဖမ်းဆီးပြီးနောက် ဇန်နဝါရီ ၃၁ တွင် ၂ ဦး၏ အလောင်းမှာ ချင်းတွင်းမြစ်တွင် ပြန်လည်ပေါ်လာပြီး တစ်ဦးမှာ မြစ်ထဲ၌ ဓားဒဏ်ရာများဖြင့် အသက်ရှင်လျက် ကျန်ရစ်သည်ကို ဒေသခံတို့က တွေ့မြင်ခဲ့ရသည်။ ကျန် ၄ ဦးမှာ ယနေ့(ဖေဖော်ဝါရီ ၇) အထိ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ထို့ပြင် ကင်းရွာအတွင်းရှိ ကာကွယ်ရေးခေါင်းဆောင်တစ်ဦး၏ နေအိမ်အတွင်း ပန်းကန်ထားသည့် နေရာတွင် ဆွဲမိုင်းထောင်ခဲ့ရာ နေအိမ်သို့ ပြန်ဝင်ရောက်သည့် ကာကွယ်ရေးခေါင်းဆောင်၏ ဇနီး အသက် ၃၉ နှစ်အရွယ် မနန်းဝေမာ သေဆုံးခဲ့သည်။​

တိုက်ပွဲများအပြီး စစ်တပ် ရန်မူ ရမ်းကားလာမည်ကို စိုးရိမ်သော်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကို တားမြစ်မည် မဟုတ်ဟု အသက် ၅၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။ 

“တားဖို့ရာ မရှိပါဘူး။ သူတို့တောင် သူတို့ရဲ့ မိသားစုကို အသက်အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ပြည်သူတွေဘက်ကနေ ကာကွယ်ပေးထားတာဆိုတော့ ကျွန်မတို့ ပြည်သူပြည်သားတွေအနေနဲ့ သူတို့အပေါ်မှာ ဘာမှ အပြစ်ပြောစရာ မရှိပါဘူးရှင့်။ ကိုယ်ကိုယ်တိုင်ကို ဝင်တိုက်ချင်တဲ့ စိတ်တွေကို ပေါက်နေတာ” ဟု ၎င်းက ငိုလျက်ဆိုသည်။ 

၎င်း၏ ရွာကို မီးရှို့ထားခဲ့သောကြောင့် တကွဲတပြားစီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူက ပြောပြသည်။ 

ချင်းတွင်းမြစ်ကြောင်း တိုက်ပွဲပြန်ရဲဘော်များကို ဒေသခံတို့ သပြေခက်များဖြင့် ကြိုဆိုသည့်ပွဲတွင် မပါဝင်လိုက်ရဟု သူက ဆက်လက်ပြောသည်။ 

“ကြိုဆိုနိုင်တဲ့သူတွေကိုလည်း ဝမ်းသာပါတယ်။ တစ်နေ့တော့ ကိုယ်လည်း ဒီလိုကြိုဆိုနိုင်မဲ့ နေ့ရက်မျိုး ရောက်လာမယ်၊ မျှော်လင့်ထားပါတယ်ရှင့်” ဟု ထိုအမျိုးသမီးက ပြောလိုက်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button