သတင်း

အရာတော်မှကဗျာဆရာ အသတ်ခံရမှုအတွက် PDF ကို ဖြေရှင်းချက်တောင်းနေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာနေ ကဗျာဆရာ ဦးမြင့်ဆန်း ပျူစောထီးခေါင်းဆောင်ဟု စွပ်စွဲ သတ်ဖြတ်ခံရသည့်အတွက် ထိုအမှု ကျူးလွန်သူတို့ ဖြေရှင်းချက်ပေးရန် လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများ၊ ဒေသတွင်းအဖွဲ့များက တောင်းဆိုနေကြသည်။

ရပ်ရေးရွာရေးနှင့် ပရဟိတလုပ်ငန်းဦးဆောင်ပါဝင်သူ ဦးမြင့်ဆန်းသည် နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများတွင် တက်ကြွစွာ လှုပ်ရှားသူဖြစ်ကြောင်း အများက လက်ခံယုံကြည်ထားသည်ဟု စစ်ကိုင်းတိုင်းအတွင်းရှိ အဖွဲ့အစည်း ၁၆ ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၄) ညနေတွင် သတင်းထုတ်ပြန်ထားသည်။ 

သို့ဖြစ်၍ စွပ်စွဲသတ်ဖြတ်ခံရသူကို ပျူစောထီးခေါင်းဆောင်ဟု ထင်ရှားစေသော ခိုင်မာသည့် သက်သေအချက်အလက်များကို ထုတ်ပြန်ချပြပေးရန်၊ သက်သေမခိုင်လုံဘဲ မှားယွင်းသတ်ဖြတ်မိပါက ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လူပုဂ္ဂိုလ်/အဖွဲ့အစည်းအားလုံးက ဦးမြင့်ဆန်း၏ ကျန်ရစ်သူမိသားစုကို ကျေနပ်သည်အထိ ဝန်ချတောင်းပန်ရန် တောင်းဆို ထုတ်ပြန်ထားသည်။ 

မှားယွင်းသတ်ဖြတ်မိလျှင် ကျူးလွန်သည့် ဖြစ်စဉ်နှင့် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများကို မှတ်တမ်းထားပြီး ပြည်သူ့အာဏာတည်သော တစ်နေ့၌ တရားဥပဒေ၏ အဆုံးအဖြတ်ကို ကျေနပ်စွာ လက်ခံပါမည့်အကြောင်း ဝန်ခံကတိပြုပေးရန်လည်း ထုတ်ပြန်ချက်တွင် ရေးထားသည်။ 

တောင်းဆိုသည့် ၁၆ ဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ ဦးဆောင်သပိတ်ကော်မတီ၊ ကျောင်းသားများသမဂ္ဂ၊ ယင်းမာပင် – ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်ကော်မတီ၊ Save Monywa တို့ ပါဝင်သည်။ 

၆၅ နှစ်အရွယ် ဦးမြင့်ဆန်းသည် စစ်တပ်ရန်ကြောင့် ၎င်းနေထိုင်ရာ မလဲသာရွာမှ ၂ မိုင်ခန့်ဝေးသော ရွာတစ်ရွာတွင် တိမ်းရှောင်နေစဉ် ယမန်နေ့ (ဖေဖော်ဝါရီ ၃) က အသတ်ခံရခြင်း ဖြစ်သည်။ 

ထ နောင်း မြေ” ဟူသော facebook စာမျက်နှာက ဦးမြင့်ဆန်းမှာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ကို ရွာသို့ လမ်းပြခေါ်ဆောင်ကြောင်း၊ ထိုစစ်ကောင်စီအဖွဲ့က ဒေသခံများကို ခြိမ်းခြောက်ရိုက်နှက်ကာ ပစ္စည်းလုယက်ကြကြောင်း၊ ထို့ကြောင့် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က သတ်ဖြတ်လိုက်ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ထ နောင်း မြေမှာ အညာဒေသဖြစ်ရပ်များ အဓိကဖော်ပြနေသည့် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည်။ 

ဦးမြင့်ဆန်းသည် NLD အစိုးရလက်ထက်တွင် အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ် (၂၁ – ပင်လုံ) ဖြစ်မြောက်ရေး စစ်ကိုင်းတိုင်းကော်မတီဝင်၊ စစ်ကိုင်းတိုင်းတောင်သူလယ်သမားသမဂ္ဂ ဘဏ္ဍာရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ 

အရာတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏက ဦးမြင့်ဆန်းသည် လုပ်ဖော်ကိုင်ဖက်များ အားကိုးရသူဖြစ်သည်ဟု ပြောသည်။ 

“သူက တော်တော် ပြောနိုင် ဆွေးနွေးနိုင် ထောက်ပြနိုင်တယ်။ ကျွန်တော်တို့ကိုလည်း မှားရင် ဝေဖန်တာပဲ။ သူပြောတာလေးတွေ မှန်တယ်ဆိုတော့ ကျွန်တော်တို့လည်း သူပြောတဲ့အချိန် ပြင်ရတာပေါ့” ဟု လွှတ်တော်အမတ်က ပြောသည်။

အသတ်ခံရသူသည် မြင့်ဆန်း (မလဲသာ) ကလောင်ဖြင့် ကဗျာများရေးသားပြီး မလဲသာတွင် စာကြည့်တိုက်တည်ထောင်သူ၊ သစ်ပင်စိုက်လှုပ်ရှားမှု၊ အမှိုက်ကင်းစင်ရေးလှုပ်ရှားမှု၊ ကိုဗစ်နိုင်တင်းရောဂါကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများ ဆောင်ရွက်သဖြင့် ရပ်ရွာလေးစားသူဖြစ်သည်ဟု သူ၏ မိတ်ဆွေများက ပြောသည်။

အရာတော်တော်လှန်ရေးအင်အားစု တာဝန်ခံ ကိုဘဦးက ဦးမြင့်ဆန်းသည် အာဏာသိမ်းစစ်ကောင်စီကို တက်တက်ကြွကြွ ဆန့်ကျင်ခဲ့သူဖြစ်သည်ဟု ဆိုသည်။ 

“ကျွန်တော်တို့ အာမခံပေးနိုင်တာက ဦးမြင့်ဆန်းက တော်လှန်ရေးမှာ ထဲထဲဝင်ဝင် တက်တက်ကြွကြွပါတယ်။ ရန်သူ့ဘက်က ဖြစ်စရာအကြောင်းကို မရှိတာ။ တော်လှန်ရေးအဖွဲ့အစည်းမှာ သူ့ကို ကောင်းကောင်းသိကြတယ်” ဟု ကိုဘဦးက ပြောသည်။ 

သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး Zero ပြောက်ကျားအဖွဲ့ facebook စာမျက်နှာသို့ သွားရောက်မေးမြန်းသော်လည်း ယနေ့ (ဖေဖော်ဝါရီ ၄) ညနေ ၃ နာရီထိ အကြောင်းပြန်ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။ 

“တော်လှန်ရေးမှာ အမှားရှိနိုင်တယ်။ ကျွန်တော်တို့ သိတယ်။ တကယ်လို့ မှားသွားရင်လည်း လူ့အသက်တစ်ချောင်းဗျာ၊ သူ့မိသားစုအတွက်ရော၊ ကျွန်တော်တို့ မြို့နယ်အတွက်ရော တော်တော်ကြီး နစ်နာတဲ့ကိစ္စဗျ” ဟု ၎င်းက ဆိုသည်။ 

“အမှားအယွင်းလုပ်မိတယ်ဆိုလည်း တရားဝင် ကျေနပ်အောင် မိသားစုတွေရော၊ တခြား မြို့ခံတော်လှန်ရေးအင်အားစုတွေရော ညှိညှိနှိုင်းနှိုင်းလုပ်သင့်တယ်”

စစ်ကိုင်းတိုင်းအရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် (၂၁ – ပင်လုံ) ဖြစ်မြောက်ရေးကော်မတီ၏ တမူးမြို့နယ်တာဝန်ခံ ဒေါ်ဥမ္မာဝင်းက ဤဖြစ်ရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်တန်းသွားမည်ဟု ဆိုသည်။

“ကိုယ့်လူကိုယ် မှားသတ်ခံရတာကို ခံပြင်းတာ။ စိတ်လည်းမကောင်းဘူး။ ကလေးတွေက လက်မြန်ခြေမြန် မလုပ်ရဘူး။ ရန်သူစစ်စစ်ဆိုရင်တောင် စစ်ဆေးမေးမြန်းအုံး၊ NUG အစိုးရကိုလည်း သတင်းပို့အုံး၊ ဒီလိုဖြစ်စေချင်တာ” ဟု ဦးမြင့်ဆန်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဒေါ်ဥမ္မာဝင်းက ပြောသည်။

“သူက ကိုယ်ပိုင်ငွေနဲ့ စာကြည့်တိုက်တည်ထောင်တယ်။ သူ့ရဲ့ရွာက သူ့ကြောင့်လည်း အမှိုက်ကင်းတဲ့ရွာဖြစ်လာတယ်။ သူတို့ရွာ တကယ်ကို အမှိုက်ကင်းတဲ့ရွာ ကျွန်မရောက်ဖူးတယ်။ ကလေးတွေ စာဖတ်ချင်စိတ်ဖြစ်လာအောင် တစ်ပတ်တစ်ခါ စာအုပ်ဖတ်ခိုင်းပြီး မုန့်ဖိုးပေးတယ်”  

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စံပြအဖွဲ့ဖြစ်စေချင်သည်ဟု သူက ဆက်ပြောသည်။

“PDF က စည်းကမ်းရှိတဲ့အဖွဲ့အစည်းဖြစ်အောင် နိုင်ငံတကာမှာလည်း အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘူးဆိုတာ အထင်အရှားပြသနိုင်အောင် စည်းကမ်းလေးနဲ့ နေစေချင်တာ။ ဒီလို ဖြစ်စေချင်တဲ့အချိန်မှာ ဒီလို အလျင်စလို လုပ်လိုက်တဲ့အဖွဲ့အစည်းရှိတာသည် PDF အဖွဲ့အားလုံးရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်” ဟု ဒေါ်ဥမ္မာဝင်းက ပြောသည်။

Zero ပြောက်ကျား၏ တုံ့ပြန်ချက်

ဦးမြင့်ဆန်းကို ဒလန်ဟု စွပ်စွဲသုတ်သင်မှုနှင့် ပတ်သက်ပြီး Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ ခေါင်းဆောင် ကိုသက်ကြီးက ၎င်းတို့အနေဖြင့် မလဲသာ နယ်မြေခံကာကွယ်ရေးအဖွဲ့၏ လုပ်ဆောင်ချက်ကို အင်အားပူးပေါင်းခြင်းသာ ဖြစ်သည်ဟု ပြောသည်။ 

ယခုဖြစ်စဉ်တွင် ဒေသခံအဖွဲ့နှင့် ပူးပေါင်းအဖြေရှာခြင်း၊ ဖြေရှင်းခြင်းကို Zero ပြောက်ကျားအဖွဲ့က တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်မည်ဟု ဖေဖော်ဝါရီ ၄ တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။ 

တော်လှန်ရေးကို သစ္စာဖောက်၍ ရှင်းလင်းရခြင်းဖြစ်သည်ဟု ထိုတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဆက်လက်ပြောသည်။

ဦးမြင့်ဆန်းသည် ဒလန်ဖြစ်၍ သုတ်သင်ရန် သတင်း‌‌ပေးကမ်းလှမ်းသူမှာ မလဲသာရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုသူရိန်ဆိုသူဖြစ်ကြောင်း သူက ဆက်ပြောသည်။

ကိုသူရိန်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ဦးမြင့်ဆန်းသည် တော်လှန်ရေးကို သစ္စာဖောက်သည့် ဒလန်ဖြစ်ကြောင်း ခိုင်လုံသည်ဟု ပြောသည်။ 

ကိုသူရိန်က ၎င်းသည် ဦးမြင့်ဆန်း၊ ဒေသတွင်းမှ အမျိုးသမီးတစ်ဦးတို့နှင့်အတူ တော်လှန်ရေးလုပ်ငန်းစဉ်များ ဆွေးနွေးပြီးနောက်တွင် စစ်တပ်က မလဲသာရွာကို ဦးတည်၍ ဝင်စီးခဲ့သည်ဟု ပြောသည်။

ယင်းအချိန်တွင် ဦးမြင့်ဆန်း ပျောက်ဆုံးသွားကြောင်း၊ ၎င်းကိုယ်တိုင်မှာ အခြားလုပ်ငန်းတစ်ခု ဆောင်ရွက်နေချိန်ဖြစ်၍ လွတ်မြောက်ကြောင်း၊ ဒေသတွင်းမှ အမျိုးသမီး ဖမ်းဆီးခံရကြောင်း ကိုသူရိန်က ဆိုသည်။ 

လုံခြုံရေးအရ အသေးစိတ်ကို မပြောနိုင်ကြောင်း ၎င်းက ဆိုသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဖြေရှင်းရန် ဦးမြင့်ဆန်းကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ရှောင်နေသဖြင့် သုတ်သင်ခြင်းဖြစ်သည်ဟု ကိုသူရိန်က ဆိုသည်။ 

ဒေသတွင်း တော်လှန်ရေးလုပ်ငန်းများ ထဲထဲဝင်ဝင်လုပ်ကိုင်နေသူ အရာတော်တော်လှန်ရေးအင်အားစု တာဝန်ခံ ကိုဘဦးကမူ ကိုသူရိန်ဆိုသူကို မသိရှိကြောင်း ပြောသည်။

ပြောက်ကျားအဖွဲ့၏ တုံ့ပြန်ချက်နှင့် ပတ်သက်ပြီးလည်း မေးခွန်းထုတ်စရာ ရှိနေသည်ဟု ဆိုသည်။

“အရာတော်မြို့ခံအဖွဲ့နဲ့ အတည်ပြုပြီး ရှင်းလင်းလိုက်တယ်ဆိုရင် ကျွန်တော်တို့ သိချင်တယ်။ ဘယ်အဖွဲ့လဲ။ ကျွန်တော်တို့ ရှင်းဖို့ လိုတယ်ဗျာ” ဟု ကိုဘဦးက ပြောသည်။ 

“တော်လှန်ရေးမှာ တက်တက်ကြွကြွပါတယ်။ ရပ်ရွာကလည်း အားကိုးရတဲ့သူတစ်ယောက်ကို ဘာလို့ ဒီလိုမျိုးချောက်တွန်းရလဲ”

မိသားစု၏ တုံ့ပြန်ချက်

ဦးမြင့်ဆန်း၏ သားတစ်ဦးက ဒလန်ရှင်းသူများသည် ၎င်း၏ ဖခင်ကို ခြိမ်းခြောက်စာ၊ သတိပေးစာပင် မပေးခဲ့ကြောင်း၊ သေနတ်ကိုင် သုံးဦးက နေအိမ်သို့ လာရောက် ပစ်ခတ်သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ပြောသည်။ 

ဖခင် အပါအဝင် တစ်မိသားစုလုံးမှာ လက်နက်မဲ့များဖြစ်သဖြင့် ဖမ်းဆီးကာ စစ်ဆေးမေးမြန်းနိုင်သော်လည်း တစ်ခါတည်း ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

သေဆုံးသူ ဦးမြင့်ဆန်းတွင် အသက် ၂၀ ကျော်မှ ၄၀ ကျော်အရွယ် သား ၅  ဦး၊ သမီး ၂ ဦး ကျန်ရစ်သည်။ 

ဦးမြင့်ဆန်းအသတ်ခံရမှုအတွက် NUG အစိုးရအနေဖြင့် ဖြေရှင်းပေးစေချင်သည်ဟု သားဖြစ်သူက ပြောသည်။ 

“အမှန်တရားအတိုင်းပဲ ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့အတွက်တောင် လုံခြုံမှု မရှိတော့ဘူးလေ” ဟု ၎င်းက ဆိုသည်။​

လွှတ်တော်အမတ်ကလည်း စစ်ကောင်စီဘက်တော်သား သတင်းပေးဒလန်ဟု ယူဆရသူကို သတ်ဖြတ်မည်ဆိုပါက ဒေသတွင်းတော်လှန်ရေးအင်အားစုကို အသိပေးရမည်၊ ဒလန်ဟုတ်မဟုတ် ခိုင်မာကြောင်း အထောက်အထားပြ၊ ရှင်းလင်းနိုင်ရမည်၊ မိသားစုဝင်တို့ကို သတ်ဖြတ်ခြင်း မပြုရဟူသော စည်းကမ်းချက်ရှိသည်ဟု ဆိုသည်။

“Zero ပြောက်ကျားက ဖြေရှင်းရမှာ၊ ဘယ်အကြောင်းအချက်တွေကြောင့် ကျွန်တော်တို့ သတ်ပါတယ် ပြောရမှာ။ ဒါက လုံးဝမဖြစ်သင့်တဲ့ကိစ္စ။ ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးကို မူဝါဒတွေ ပြောပြီးသား” ဟု လွှတ်တော်အမတ်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကျည်အစစ်ဖြင့် ပစ်သတ်ခြင်း၊ ဖမ်းဆီး နှိပ်စက် အကျဉ်းချခြင်းတို့ ကျူးလွန်သဖြင့် ပြည်သူတို့က ရရာလက်နက်စွဲကာ တော်လှန်ကြသည်။ 

ဤအခြေအနေတွင် စစ်အာဏာရှင်ဆန့်ကျင်သူများ ဖမ်းဆီးသတ်ဖြတ်ခံရစေရန် စစ်ကောင်စီထံ သတင်းပေးသူများလည်း ပေါ်ပေါက်လာသည်။

သတင်းပေး ဒလန်ဟု ယူဆရသူများကို သုတ်သင်ရှင်းလင်းခြင်းမှာလည်း တော်လှန်ရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button