အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လှတောရဲစခန်းတိုက်ပွဲတွင် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ လှတောရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များ မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ယခုလ ၁၀ ရက်နေ့က တိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့များဘက်မှ တစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရပြီး စစ်ကောင်စီဘက်မှ ၈ ဦး သေသည်ဟု ဆိုသည်။

ယခုလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရသည်ဟု သိရသည်။

ဝက်လက်မြို့မြောက်ဘက် ၁၃ မိုင်အကွာရှိ ရဲစခန်းကို ဝင်တိုက်စဉ် သေဆုံးခဲ့သူမှာ အသက် ၂၀ နှစ်အရွယ် ကိုကုလားဆိုသူ ရဲဘော်ဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဇီးရိုးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုသက်ကြီးက ပြောသည်။

“တိုက်ပွဲပြီးလို့ နောက်ပြန်ဆုတ်တဲ့အချိန် စစ်ကြောင်းကို ကာ (ပစ်) ပေးနေရင်းနဲ့ ရဲဘော်ကို ထိသွားတာပါ”

၄၀ မမ ဗုံးသီးအစ မှန်၍ တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့သည့်နည်းတူ လက်လုပ်ဗုံးသီးပစ်လောင်ချာ ပစ်ခတ်စဉ် မတော်တဆဖြစ်ကာ နောက်တစ်ဦး ပခုံးဒဏ်ရာရခဲ့ပြီး နှစ်ဦးလုံးဒဏ်ရာ မစိုးရိမ်ရကြောင်း ကိုသက်ကြီးက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဝက်လက်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးလေ့ရှိသည့် အာဏာသိမ်းစစ်တပ်၏ ခြေကုပ်စခန်းများအနက် တစ်ခုဖြစ်သော လှတောကျေးရွာရဲစခန်းကို မြင်းခြံဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ ဒေသခံ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံအဖွဲ့များ ပူးပေါင်း၍ ညနေ ၆ နာရီကျော်မှ ည ၁၁ နာရီခန့်အထိ တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ရဲစခန်းကို ဝင်တိုက်စဉ် စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ ၈ ဦး သေဆုံးခဲ့သည်ဟုလည်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

“တိုက်ပွဲက ဝါးသုံးရိုက် (ဝါးသုံးပြန်) လောက်ကနေ အနီးကပ်ဖြစ်ကြတာ ဖြစ်တယ်။ မိုးကလည်း အတော်ရွာနေတာရော…ကျွန်တော်တို့ စခန်းကို ချဉ်းကပ်စဉ်မှာရော လယ်တွေ ချောင်းတွေကို ကူးကြရတဲ့အတွက် လက်နက်တွေ ရေစိုပြီး ပစ်အားက ထက်ဝက်လောက်အထိ လျော့သွားခဲ့လို့ ဒီလောက်ပဲ ဖြစ်ခဲ့တာ” ဟု ကိုသက်ကြီးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ရွှေဘိုမြို့ဘက်မှ ကားသုံးစီးဖြင့် စစ်ကူလာသူများကိုလည်း ခုခံတိုက်ခိုက်ခဲ့သည့်အပြင် နောက်တစ်ရက်တွင် ရွှေဘိုမြို့သို့ လူနာပို့သည့် ကားများကိုပါ မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက်များနိုင်ကြောင်းလည်း သိရသည်။

“စခန်းကို တိုက်ခိုက်ရတဲ့အချိန် ရွှေဘိုကနေ စစ်ကူလာတဲ့ ကားတွေကိုရော၊ တိုက်ပွဲပြီး နောက်တစ်နေ့ ရဲစခန်းကနေ ထိခိုက်သူတွေကို ကားတွေနဲ့ ရွှေဘိုပို့တဲ့ကားတွေရောကို ရွှေဘိုမြို့အဝင်အထိ တောက်လျှောက်ကို မိုင်းဆွဲတာဖြစ်တဲ့အတွက် ထိခိုက်သူက များနိုင်ပါတယ်” ဟု လှတောတိုက်နယ်ပကဖ တာဝန်ခံ ကိုသိဒ္ဓိက ပြောသည်။

လှတောကျေးရွာရဲစခန်းကို PDF အင်အား ၂၀ဝ ခန့်က ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်သဖြင့် နောက်တစ်ရက်တွင် သံချပ်ကားနှစ်စီး စစ်ကူခဲ့ရကြောင်း၊ လှတောရွာသည် စစ်တပ်ထောက်ခံသူများဖြစ်သည့်အတွက် PDF က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြောင်း တယ်လီဂရမ်လူမှုကွန်ရက်ရှိ စစ်တပ်လော်ဘီစာမျက်နှာများက ရေးသားကြသည်။

အာဏာသိမ်းစစ်တပ်က ဝက်လက်မြို့နယ်အတွင်းရှိ ဝက်လက်မြို့၊ လှတော၊ ရွာသာကြီး၊ ဟန်လင်း စသည့် ကျေးရွာများတွင် အထိုင်ချကာ ရွာစဉ်လှည့် စစ်ကြောင်းထိုးလေ့ရှိသည်။

အိမ်ခြေ တစ်ထောင်ကျော်ဝန်းကျင်ရှိ လှတောကျေးရွာ ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်နေသောကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူပါ အသုံးပြုခဲ့ရဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button