သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်ရှိတင့်ကားတပ်ရင်း တိုက်ခိုက်ခံရ

နိုင်ငံအလယ်ပိုင်း မူးမြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီ တင့်ကားတပ်ရင်း၏ ဂိတ်စခန်းနှစ်ခုကို တိုက်ခိုက်စဉ် သေနတ် ၃လက် သိမ်းဆည်းရရှိသည်ဟု တော်လှန်ရေးအဖွဲ့ က ဆိုသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် တင့်ကားတပ်ရင်း ၅၀၀၄ ၏ ဂိတ်စခန်းနှစ်ခုကို ယမန်နေ့ (အောက်တိုဘာ ၁) နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် BNRA (ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်) က တိုက်ခိုက်သည်။

နိုင်ငံအလယ်ပိုင်း မူးမြစ်အနောက်ဘက်ကမ်း၊ စစ်ကောင်စီတပ်ရင်း ၃ ခုအခြေစိုက်သည့် အရာတော်မြို့သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ မုံရွာမြို့မှ ၂၅ မိုင်ခန့်သာ ကွာဝေးသည်။  

အရာတော်မြို့ရှိ တင့်ကားတပ်ရင်း၏ အနောက်တောင်ဘက်နှင့် မြောက်ဘက်မှ ကင်းစခန်း နှစ်ခုကို တော်လှန်ရေးအဖွဲ့က တပြိုင်နက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

တိုက်ခိုက်မှုအတွင်း အူဇီအမျိုးအစား သေနတ် ၂ လက်၊ MA အမျိုးအစား သေနတ် ၁ လက်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ အနောက်တောင်ဘက်ဂိတ်ကို ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး မြောက်ဘက်ဂိတ် ပစ်ခတ်မှုတွင် စစ်ကောင်စီ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း BNRA ပြောခွင့်ရသူ ကိုဆာန်က ပြောသည်။

တော်လှန်ရေးအဖွဲ့ဝင် တစ်ဦး နဖူးကျည်ရှပ်မှန်ဒဏ်ရာရသော်လည်း မစိုးရိမ်ရဟု ၎င်းကဆို သည်။  

“မြောက်ဘက်ခြမ်းစခန်းကတော့ ကျွန်တော်တို့ လှမ်းပစ်ရတာပေါ့။ ခပ်ဝေးဝေးတော့ လှမ်းတယ်။ ရဲဘော်တွေ အနားကပ်လို့မလွယ်ဘူး။ အနောက်တောင်ဘက်စခန်းကတော့ လွယ်လင့်တကူ ဝင်ရောက်ပစ်ခတ်လို့ရတယ်။ ကင်းစခန်းတွေက ဖြတ်သွားဖြတ်လာယာ ဉ်တွေကို တားဆီးပြီးတော့ စစ်ဆေးတာရှိတယ်။ ငွေတောင်းတာတွေရှိတယ်။ ဒါတွေကို တိုက်ခိုက်ဖို့အတွက် ကြိုတင်စီစဉ်ထားတာ”။

BNRA သည် ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ကို စက်တင်ဘာ ၉ ရက်နေ့တွင် အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်သည်။ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် တွဲရေးခွဲရေးဆိုင်ရာ ကိစ္စများ MRDA ခေါင်းဆောင်ပိုင်း အတွင်း သဘောကွဲလွဲမှုများဖြစ်ပြီးနောက်တွင် ဗိုလ်နဂါးက BNRA ဖွဲ့၍ ခွဲထွက်ရပ်တည် နေခြင်းဖြစ်သည်။

BNRA က ယမန်နေ့တွင် Facebookမှတစ်ဆင့် ထုတ်ပြန်သည့် နှစ်မိနစ်ခွဲခန့်ကြာ ဗီဒီယိုဖိုင် အရ အမိုးဖွင့် ဖောကားတစ်စီးပေါ်တွင် လိုက်ပါလာပြီး မောင်းပြန်သေနတ်ကိုင်ဆောင်ထားသူ တော်လှန်ရေးသမား ၇ ဦးထက်မနည်းမှ စစ်ကောင်စီ ကင်းစခန်းတစ်ခုကို တရစပ်ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း၊ ကင်းစခန်းအဆောက်အဦးတစ်ခုတွင် စစ်သားတစ်ဦး လဲကျနေကြောင်း တွေ့ရသည်။

စစ်ကောင်စီဘက်ကလည်း သံချပ်ကာကားတစ်စီး၊ စစ်ကားတစ်စီးဖြင့် တော်လှန်ရေးအဖွဲ့ကို လိုက်လံပစ်ခတ်ခဲ့ကြောင်း BNRA၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အရာတော်မြို့နယ်တွင် ကျေးရွာပေါင်း ၁၅၅ ရွာရှိသည့်အနက် ကျေးရွာ ၁၃၀ ခန့်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး(ပကဖ)၊ ပြည်သူ့ အုပ်ချုပ်ရေး (ပအဖ)များဖွဲ့စည်းထားပြီးဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ရင်း အချို့လည်း အခြေစိုက်သည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ မြင့်တက်နေဆဲဖြစ်ရာ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် နိုင်ငံအလယ်ပိုင်းမှ ဒေသများလည်း ထက်ထက်သန်သန်ပါဝင်နေသည်။

Show More

Related Articles

Back to top button