အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်နဂါးနှင့်ပတ်သက်သည့် စွပ်စွဲချက်ဖြင့်  ဆရာတော်တစ်ပါးကို ဖမ်းဆီးစစ်ဆေးနေ

စစ်တပ်နှင့်ပူးပေါင်းသွားသော ဗိုလ်နဂါးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ကံကြီးရွာဆရာတော်ကို ခေါ်ယူ စစ်ဆေးနေပြီး ကောင်းမွန်စွာ ထားသည်ဟု NUG လက်အောက်ခံ ပကဖတပ်ဖွဲ့များက ဆိုသည်။

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး လွတ်မြောက်ရေးတွင် အဓိကပါဝင်ကူညီခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ဆရာတော်တစ်ပါးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊ ကံကြီးရွာ၊ ဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက် ဆရာတော် သက်တော် ၄၅ ကျော်အရွယ်  ဦးအရိယာဝံသကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကာ ပေါ်ပေါက်လာသည့်အမှုများအတွက် ဆက်လက်‌ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ပုလဲမြို့နယ် ပကဖ ဒုတာဝန်ခံ ဒေါက်တာနန်းဝင်းက ပြောသည်။  

“ နဂါးကယ်ထုတ်ရာမှာအဓိကယူဆတယ်။ နဂါးရဲ့အတွင်းကြောင်းတွေ ကောင်းကောင်းသိတယ်။ နဂါးနဲ့ အကျိုးတူဖြစ်ပါတယ်။ …ပေါ်ပေါက်လာတဲ့ အမှုကိစ္စတွေအတွက် သာသနာရေးသဘောအရရော၊ ဥပဒေ ကြောင်းအရပါ  ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုအခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမူ ဒေါက်တာနန်းဝင်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဆရာတော်  ဦးအရိယာဝံသကို ပြန်လွှတ်ပေးရန် ဒေသခံများက ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပုလဲမြို့နယ် ပကဖထံ စာရေးသား တောင်းဆိုခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။ 

ကံကြီးရွာဆရာတော်သည် ကျန်းမာရေးကောင်းမွန်ပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ကောင်းမွန်စွာ ဆက်ဆံထားသည်ဟု ဒေါက်တာနန်းဝင်းက ပြောသည်။ 

ကံကြီးဆရာတော်ကို ဖမ်းဆီးထိန်းသိမ်းထားသည့် အခြေအနေနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို Myanmar Now က ဆက်သွယ် မေးမြန်းထားသော်လည်း တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်းမရှိပေ။ 

အဆိုပါဆရာတော်သည် စစ်တပ် အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများစတင်ချိန်ကတည်းက တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ထဲထဲဝင်ဝင်မပါဝင်ခဲ့သော်လည်း ဗိုလ်နဂါး နာမည်ရလာချိန် ဆရာတော်နှင့် ဆက်ဆံရေးခိုင်မာလာကြောင်း ပုလဲမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ဗိုလ်နဂါးရဲ့ အမာခံထောက်ပို့လို့လည်းပြောလို့ရတယ်။ အမာခံ ပရိသတ်လို့လည်းပြောလို့ရတယ်။ ဒေသတွင်းမှာပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင်လည်း တချို့ကိစ္စ အသေး အဖွဲကိစ္စတွေဖြစ်ခဲ့ရင်လည်း တခြားသူပြောရင်မရဘူး။ ကံကြီးဆရာတော် ပြောမှရတယ်”ဟု ၎င်းက ဆိုသည်။

တော်လှန်ရေးအင်အားစုများက ဗိုလ်နဂါးကို ပိတ်ဆို့ထားပြီး မြေပြင်တပ်မှူးများနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်နေချိန် ကံကြီးဆရာတော်က ဗိုလ်နဂါးကို ကယ်ထုတ်သွားခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။  

“ဆရာတော်နဲ့သူ (ဗိုလ်နဂါး)နဲ့က တောက်လျှောက် အဆက်အသွယ်ရှိတော့ ဆရာတော်က လမ်းကြောင်း ရှာပေးပြီးတော့ ကယ်ထုတ်သွားတာပေါ့။ နောက်အဆက်အစပ်က ပူးပေါင်းတဲ့ရဲဘော်တွေကို မေးကြည့် လိုက်တော့လည်း ကိုနဂါးက အရင်ဆုံးထွက်သွားတာလို့သိရတယ်”ဟု ပုလဲမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကလည်း ပြောသည်။

ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်များကို သက်ငယ်မုဒိမ်းမှု၊ PDF တပ်ဖွဲ့ဝင်များအားသတ်ဖြတ်မှု၊ ပကဖ ရဲဘော်များအား နှိပ်စက်ညှဉ်းပန်းမှုအပါအဝင် အမှု ခုနစ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF ခရိုင်တပ်ရင်းတပ်ဖွဲ့များက BNRA ဂိတ်စခန်းများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး နောက်တစ်ရက်တွင် ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဉ်နှင့် ကယ်ထုတ်သွားသည်။

ရက်ပိုင်းအကြာ BNRA ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒုတိယဥက္ကဋ္ဌနှင့် စစ်ရေးတာဝန်ခံ အပါအဝင် တပ်ဖွဲ့ဝင် ငါးဦး စစ်တပ်ထံ ဘက်ပြောင်းသွားသည်။ 

BNRA တပ်ဖွဲ့ဝင် ၁၅၀ နီးပါးက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံ လက်နက်ချခဲ့ပြီး ပြစ်မှု ကျူးလွန်ထားခြင်းမရှိသည့် BNRA တပ်ဖွဲ့ဝင်များအား PDF နှင့် ပကဖ တွင် ဆက်လက်ပါဝင်နိုင်ရန် စီစဉ်ထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

ဗိုလ်နဂါး ဘက်ပြောင်းသွားပြီး နာရီပိုင်းအကြာ ပုလဲမြို့နယ်ထဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့သည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်သို့ စစ်တပ် လေကြောင်းမှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် (MI 17) ဖြင့် အကြိမ်ရေတစ်ဒါဇင်ထက်မနည်း ဆင်းသက်ပြီး စစ်အင်အားဖြည့်တင်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖြည့်တင်းထားသည့် စစ်အင်အား ၂၀၀ ခန့်ဖြင့် ပုလဲ-ဂန့်ဂေါလမ်း ဝဲယာကို စစ်ကြောင်းနှစ်ခုခွဲပြီး ထိုးစစ်ဆင်နေသည်။ 

“စစ်ကြောင်းတွေရောက်တာက နဂါးစပြီးလက်နက်ချတဲ့နေ့ကတည်းက ရောက်ခဲ့တာ။ စစ်ကြောင်းထိုး တာကတော့ တစ်နေ့ကလောက်ကမှထိုးတာ။ လှုပ်တာက အဲ့ဒီရက်ကတည်းကနေ့တိုင်းလှုပ်တယ်။ ပြီးခဲ့တဲ့ရက်ကမှ ဒီဘက်ကို နည်းနည်းချင်း တိုးတိုးလာတာ။ ထိတွေ့တိုက်ပွဲလောလောဆယ်တော့ မရှိသေးဘူး”ဟု ပုလဲမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ 

ပုလဲမြို့ပေါ်မှထွက်လာသည့် စစ်ကြောင်းသည် မြို့အနောက်ဘက်မှတဆင့် ဗိုလ်နဂါးရွာဇာတိ  ကြောင်သန်းရွာတွင် နှစ်ညအိပ်ခန့်အခြေပြုတပ်စွဲ၍ အနောက်ဘက်သို့ဆက်လက်စစ်ကြောင်းထိုးနေပြီး အိုးဖို၊ ငှက်ပျောတောရွာဘက်သို့ ဆက်လက် စစ်ကြောင်းထိုးနေကြေင်း ဒေသခံတစ်ဦးကပြောသည်။ 

ထို့အပြင် နောက်ထပ်စစ်ကြောင်းတစ်ခုသည် ပုလဲမြို့တောင်ဘက်ခြမ်းမှတဆင့် နွယ်ရှောက်၊ အင်ကြင်းစု တို့မှတဆင့် စစ်တပ်နှင့်ပျူစောထီးများ ခြေကုပ်ယူထားသည့် အင်မထီးရွာဘက်သို့ စစ်ကြောင်းထိုးနေသည်ဟု ဒေသခံတို့ကဆိုသည်။ 

စစ်ကြောင်းဝင်ရာလမ်းတစ်လျှောက်နှင့်အနီးဝန်းကျင်ရှိကျေးရွာများဖြစ်သည့် မြကုန်း၊ ဇောင်ချမ်းကုန်း၊ အိုးဖို၊ ငှက်ပျောတော၊ မန်ကျည်းခွ၊ ကျွန်းဘိုကုန်း၊ နွယ်ရှောက်၊ အင်ကြင်းစု စသည့်တို့မှ ထောင်နှင့်ချီ ဒေသခံများသည် ဘေးလွတ်ရာ ယာယီထွက်ပြေးတိမ်းရှောင်နေရသည်။ 

ပုလဲနယ်ဇာတိလည်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်နဂါး စစ်တပ်ဘက်ပြောင်း သွားပြီးနောက် ပုလဲမြို့နယ် အပါအဝင် ယင်းမာပင်ခရိုင်တွင်း မြေပြင်စစ်ကြောင်းရန်နှင့် လေကြောင်းရန်အတွက် သတိပေးတပ်လှန့်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုကြသည်။ 

Related Articles

Back to top button