သတင်း

အရာတော်တွင် PDF စခန်းကို စစ်တပ်စီးနင်း၊ သုံးဦးသတ်ဖြတ်ခံရ 

မုံရွာခရိုင် အမှတ် (၂၇) PDF တပ်ရင်း၏ စခန်းကို နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းပြီး နောက် စစ်တပ်က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ပစ်သတ်သွားသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အနောက်ပိုင်းတွင် ယခုလ ၁၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စခန်း တစ်ခုစီးနင်းခံရပြီး အမျိုးသမီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် သုံးဦး သတ် ဖြတ်ခံရသည်။

မုံရွာခရိုင် အမှတ် (၂၇) PDF တပ်ရင်း၏ စခန်းကို စစ်တပ်က နံနက် ၅ နာရီဝန်းကျင်တွင် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကာ အသက် ၅၄ နှစ်အရွယ် တပ်ခွဲမှူးတစ်ဦး၊ ၂၀ အရွယ် ရဲဘော်တစ်ဦးနှင့် အမျိုးသမီးတပ်ဖွဲ့ဝင်ဦး နှိပ်စက်သတ်ဖြတ်ခံရသည်ဟု တပ်ရင်းမှူး ကိုစိုးကြီးဆိုသူက ပြောသည်။

“တပ်ခွဲမှူးတစ်ယောက်ကတော့ ခေါင်းကိုပစ်ထားခဲ့တာ။ ခေါင်း (သေနတ်ဒဏ်ရာ) တော်တော်ဆိုးဆိုး ရွားရွားဖြစ်တာ။ ကျန်တဲ့နှစ်ယောက်ကတော့ လည်ပင်းတွေပဲ ပစ်ထားခဲ့တာ” 

သတ်ဖြတ်ခံရသည့် တပ်ဖွဲ့ဝင်သုံးဦးအနက် အမျိုးသမီးမှာ မပြေးနိုင်ဘဲ ကျန်ခဲ့ခြင်းဖြစ်ကာ ကျန်နှစ်ဦးမှာ စစ်တပ်ကို ခုခံပစ်ခတ်ရန် ကျန်ရှိနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အင်အားအလုံးအရင်းဖြင့် စီးနင်းခံရသဖြင့် စခန်းကို စွန့်ခွာခဲ့ရကြောင်း၊ ဖောက်ခွဲရေးပစ္စည်းများ၊ ကျည်နှင့် လက်လုပ်သေနတ်တချို့ ဆုံးရှုံးကြောင်းလည်း တပ်ရင်းမှူး ကိုစိုးကြီးက ပြောသည်။ 

ပစ်သတ်ခံထားရသည့် PDF တပ်ဖွဲ့ဝင်သုံးဦး၏ ရုပ်အလောင်းများကို ယင်းနေ၌ပင် ကောက်ယူကာ သင်္ဂြိုလ်ခဲ့သည်ဟု သိရသည်။ 

အရာတော်မြို့နယ် အောင်သာကုန်းရွာအနီး တိုက်ပွဲဖြစ်ကာ အမျိုးသားနှစ်လောင်း၊ အမျိုးသမီး တစ်လောင်းနှင့် လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု တယ်လီဂရမ်လူမှုကွန်ရက်ရှိ စစ်တပ်လော်ဘီစာ မျက်နှာများက ရေးသားသည်။

ထို PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့သည့် ယခုလ ၁၄ ရက်နေ့ကတည်းက အရာတော်မြို့နယ် အနောက် ပိုင်းရှိရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းဖြစ်သည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့ များက ဆိုသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်များတွင် တင်ထားသော မုံရွာခရိုင် PDF စခန်း စီးနင်းခံရစဉ်။

ထိုစစ်ကြောင်းသည် ရွာများကို ဝင်ရောက်စီးနင်းရင်း ဒေသခံများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း၊ လက်ရှိအချိန်အထိ လူ ၂၀ ထက်မနည်း အဖမ်းခံထားရကြောင်း သိရသည်။ 

“ဓားစာခံတွေကတော့ အသစ်ဖမ်းလိုက်၊ ပြန်လွှတ်လိုက် ပုံစံမျိုးလုပ်နေတယ်။ သူတို့လုံခြုံရေးအရ ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၀၊ ၂၅ လောက် အမြဲတမ်း ဖမ်းဆီးထားတယ်။ သုံးလေးရွာလောက်ကြာရင် အဲ့ဒီလူတွေကို ပြန်လွှတ်လိုက်၊ နောက်ရွာသစ်က မိလာတဲ့သူတွေကိုထပ်ခေါ်သွားလိုက် အဲဒီလို လုပ်တယ်” ဟု ကိုစိုးကြီးက ပြောသည်။ 

စစ်ကြောင်းရန်ကြောင့် မုံရွာ – အရာတော်လမ်းတလျှောက် ကျေးရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်။

စစ်ကိုင်းတိုင်းအတွင်း ယခုလ ၁၆ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုး နေသည့် စစ်တပ်က ဒေသ ကာကွယ်ရေးအဖွဲ့တစ်ခု၏စခန်းကို စီးနင်းတိုက်ခိုက်ပြီးနောက် မီးရှို့ ဖျက်ဆီးခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ စာအုပ်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ်နှစ်စီး ဆုံးရှုံးခဲ့သည်။

ယခုလဆန်းပိုင်းမှစ၍ အရာတော်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်မြို့နယ်တို့ စစ်ကောင်စီ စစ်ကြောင်းများက ဆက်တိုက်ဝင်ရောက်စီးနင်းနေသည်။

စစ်ကိုင်းတိုင်းနှင့်နယ်နိမိတ်ချင်း ထိစပ်နေပြီး ကာကွယ်ရေးအဖွဲ့များ အားကောင်းရာဖြစ်သော မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကိုလည်း ယခုလ ပထမပတ်မှစ၍ စစ်တပ်က ဝင်ရောက်စီးနင်းနေပြီး ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နွေဦးကံ့ကော် အမည်ရ ဆေးခန်းတစ်ခု ဖျက်ဆီးခံရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button