ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အစိုးရနှင့် တွေ့ဆုံမည့်ရက်ကို စောင့်ဆိုင်းနေကြောင်း တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောသည်။
ကချင်လက်နက်ကိုင်အဖွဲ့ KIA ၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ ပါဝင်သည့် မြောက်ပိုင်း ၄ ဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့နှင့်ပါတွေ့ဆုံနိုင်ရန်အဆိုပြုထားကြောင်း TNLA ၏ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
“တွေ့မယ်လို့တော့ မူလအစီအစဉ်အရ သဘောတူထားတယ်။ နှစ်ဖက်အားမယ့်ရက်ကိုလည်း ကျွန်တော်တို့မရသေးဘူး။ ဘယ်နေ့ဘယ်ရက်ပြန်ဖြစ်မယ်ဆိုတာတော့ ကျွန်တော်တို့ရက်မရသေးဘူး ” ဟု ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနိုင်ရန်အတွက် ကချင် နှင့် ရှမ်းပြည်နယ်အပါအဝင် စစ်တိုင်းဒေသကြီး ၅ ခုတွင် ဒီဇင်ဘာလမှ စတင်ကာ ၄ လကျော်ကြာ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့တွင် တပ်မတော်က ကြေညာခဲ့သည်။ ယင်းနေ့တွင် TNLA၊ AA နှင့် MNDAA တို့ကလည်း နိုင်ငံရေးအရဆွေးနွေးရန် ဆန္ဒရှိကြောင်း ထုတ်ပြန်ခဲ့သည်။
၎င်းလက်နက်ကိုင် ၃ ဖွဲ့သည် အစိုးရငြိမ်းချမ်းရေးကော်မရှင်(PC) နှင့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် တရုတ်နိုင်ငံကူမင်းမြို့၌ တွေ့ဆုံခဲ့ဖူးသည်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ၎င်းတို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၁ ရက် တရုတ်နိုင်ငံကူမင်းမြို့၌ အလွတ်သဘောတွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲရလဒ်အရ ဖေဖော်ဝါရီ ဒုတိယပတ်တွင် အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့လုံး တရားဝင်တွေ့ဆုံဆွေးနွေးသွားရန်သဘောတူခဲ့သည်ဟု KIA ပြောခွင့်ရ အရာရှိ ဗိုလ်မှူးကြီး နော်ဘူ ကပြောသည်။
“ လောလောဆယ်အချိန်သတ်မှတ်တာတွေက မကြားရသေးပါဘူး။ ဒါပေမဲ့ ၄ ဖွဲ့နဲ့ တွေ့ဆုံမယ်ဆိုတာက လကုန်ပိုင်းလောက်မှာပဲ တွေ့ဖြစ်မယ်ထင်တယ် ” ဟု ၎င်းကဆိုသည်။
လတ်တလောတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး တပ်မတော်က စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားမည်ဟု ကြေညာသည့်ရက်မှစ၍ တပ်မတော်နှင့် တိုက်ပွဲ ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့ကြောင်း TNLA ကပြောသည်။